အဇ္ဈတ္တဆူး PDF Print E-mail
Written by မိုးထက်ကျော်၊ကွင်းကောက်၊   
Wednesday, 16 May 2012 16:58
Share |

အဘိုး အဘွားတွေနဲ့ ပတ်သက်တဲ့ ခံစားချက်၊ အတွေ့ အကြုံတွေကို ဖူးငုံ သူငယ်ချင်းတို့ ထံမှာ ရင်ဖွင့် ချင်ပါတယ်။ လူတိုင်းမှာ အဘိုးအဘွား ဆိုတာ ရှိပါတယ်။

cialis non genericfree cialis samples buy viagra online where to buy cialis online
argaiv1313

တချို့ သူငယ်ချင်းတွေက အဘိုး အဘွားတွေရဲ့ အချစ်တော် မြေးကလေးတွေ ဖြစ်ကြမှာပါ။ တချို့လည်း သဘာဝ တရားကြီးနဲ့ ဆန့်ကျင်စွာ အဘိုး အဘွားတွေနဲ့ သဟဇာတ မဖြစ်ကြတာမျိုး ရှိပါလိမ့်မယ်။ ဒါဟာ မမှားတဲ့ အမှန်တရား တစ်ခုဖြစ်ပါတယ်။

“အဘွားသေရင် မြေးပျော်တယ်”ဆိုတဲ့ ကြောက်စရာ စကားပုံ တစ်ခုကို တော်တော်များများ ကြားဖူးကြမှာပါ။ ဘယ်ပညာရှိက ထားရစ်ခဲ့တဲ့ စကားလဲဆိုတာ မသိပေမဲ့ အဲဒီ စကားပုံရဲ့  ဦးတည်ချက်က အဘိုးအဘွားတွေနဲ့ မတည့်တဲ့ မြေးတွေအတွက် ရည်ရွယ်ထားပုံ ရပါတယ်။ ဒါမှ မဟုတ်ရင် အမွေရတော့မှာကို ပျော်စရာလို့ ရည်ညွှန်း ချင်တာလား။ ဘာအဓိပ္ပာယ်နဲ့ ပေါ်ထွန်းလာခဲ့တဲ့ စကားပုံမှန်းတပ်အပ်မသိပေမဲ့ အဲဒီဆိုရိုး အရ ပြောရရင် ရိုင်းစိုင်းရာ၊လူမဆန်လွန်းရာ ကျနေတယ်လို့ ထင်ပါတယ်။ ထားပါတော့လေ။ ကျွန်တော်တင်ပြချင်တာက ကျွန်တော့် အဘိုးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ အကြောင်းပါ။မြေးခုနစ်ယောက် ပိုင်ရှင် ကျွန်တော့် အဘိုးကို ကျွန်တော်တို့ မြေးအားလုံးက “အဖေကြီး”လို့ တညီတညွတ်တည်း ခေါ်ဝေါ်ကြလေ့ ရှိပါတယ်။ အဘွား ကိုတော့ “အစ်မကြီး”ပေါ့။

ကျွန်တော် ဆယ်တန်းတက်တဲ့ နှစ်မှာပါ။
ကျွန်တော်တို့ရွာကနေ အထက်တန်းကျောင်းကို လေးမိုင်လောက်ဝေး တဲ့အပြင် လမ်းတွေက ဆိုးလွန်းတာကြောင့် ကွင်းကောက်မြို့ပေါ်က အိမ်မှာ တည်းပြီး ကျောင်းတက်ရပါတယ်။ ကျွန်တော်တို့အိမ်မှာ မိသားစုဝင် သုံးယောက်သာ ရှိပြီး အဖေနဲ့ အမေက လယ်လုပ်ငန်း၊ ဈေးဆိုင်လုပ်ငန်းတွေနဲ့ မအားလပ်ကြတာမို့ ကျွန်တော့် နောက်ကိုလိုက်ပြီး မပြုစုနိုင်ခဲ့ကြပါဘူး။ အဆောင်တွေရှိပေမဲ့ ဘော်ဒါဆောင် ထားဖို့ကိုလည်း စိတ်မချနိုင်တာကြောင့် မြို့ပေါ်က အိမ်မှာ ကျွန်တော်နဲ့အဖေကြီးကို နေစေခဲ့ပါတယ်။

အဖေကြီးက ကျွန်တော်တို့နဲ့ အတူနေသူ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရွာနဲ့နှစ်ရွာကျော် ဝေးတဲ့ “ရှမ်းစု”ဆိုတဲ့ ရွာလေးမှာ သူတို့ဇနီးမောင်နှံ နှစ်ယောက်တည်း နေကြတာပါ။အခုတော့ ဆယ်တန်း ကျောင်းသားကြီး ကျွန်တော့် ပယောဂ ကြောင့် တစ်သက်လုံးအတူတူရှိနေကြတဲ့ လူကြီးများမှာ တစ်နေရာစီ ဝေးခဲ့ ရပါတော့တယ်။

“အဖေကြီး မုန့်ဟင်းခါးစားမလား၊ အကြော်ပဲ ၀ယ်ခဲ့ရမလား”

“အဖေကြီး ဘာမှမစားတော့ပါဘူး လူလေးရယ်။ လူလေးစားချင်တာသာ ၀ယ်စားနော်”

ကျွန်တော်တို့တွေရဲ့မနက်ခင်းမှာ တောသူတောင်သားတို့ရဲ့ဓလေ့အတိုင်း အဆာပြေ ထမင်းကြမ်း စားကြပါတယ်။ ထမင်းကြမ်း ဆိုပေမဲ့လည်း နံနက် စောစောထပြီး ထမင်းအပူချက်စားကြတာ များပါတယ်။ ကျွန်တော့် မေမေက နံနက်အစောကြီး ထမင်းချက် ရမှာ ကရိများမှာစိုးလို့ မြေးအဘိုးနှစ်ယောက်စာ (သရေစာဖိုးက အစ)ပိုက်ဆံ ပေးထားပါတယ်။

အဖေကြီးကတော့ ရှေးလူကြီးပီပီ ပိုက်ဆံနှမြောပြီး ညကျန်ထမင်းကို ထန်းလျက်ခဲ၊ မြေပဲလှော် စတာတွေနဲ့အတူ ရေနွေးကြမ်း သောက်ရင်း နံနက်စာကို ဖြေရှင်းတတ်ပါတယ်။ ကျွန်တော်ကတော့ ခေတ်သစ်စူဇကာ ပုဏ္ဏားပေါ့။

“ဟာဗျာ အဖေကြီးကလည်း စားချင်ရင် ၀ယ်ပေးမှာပေါ့။ အဲလိုမျိုး တွယ်ကပ်စားတာ ကျွန်တော် မကြိုက်ပါဘူးဆိုနေ”

“မြည်းကြည့်တာပါ လူလေးရယ်၊ ဒီမှာလည်း အများကြီး ကျန်နေသေး တာပဲကွာ”

“တော်ပြီဗျာ မစားချင်တော့ဘူး၊ အဖေကြီးပဲ ကုန်အောင် စားလိုက်ပေ တော့”

ကျွန်တော်စားနေတဲ့ မုန့်ဟင်းခါးကို တောင်းစားမိလို့ အဖေကြီးကို ကျွန်တော် ငြိုငြင်ခဲ့ဖူးပါတယ်။ တကယ်ဆိုရင် ကျွန်တော်က မုန့်ဟင်းခါးတစ် ပွဲလုံးကို ကုန်အောင်မစားနိုင်ပါဘူး။ ကျွန်တော် မုန့်ဟင်းခါးစားတိုင်း ပန်းကန် ထဲမှာ လေးပုံတစ်ပုံခန့် အမြဲကျန်တတ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်က သူများစားပြီး သောက်ပြီးသားကို စားရမှာ အင်မတန်ရွံတတ်သူပါ။ ငယ် ငယ်လေးတုန်းက အဖေကြီးကိုယ်တိုင် ၀ါးခွံ့ခဲ့တဲ့ ထမင်းကို မက်မက်စက်စက် စားခဲ့သူ ကျွန်တော်ဟာ အသက်ကြီးပြီး အသိ အလိမ္မာတွေ ကြွယ်လာကာမှ အဖေကြီးကိုပါ ရွံရှာခဲ့ သူတဲ့လေ။

ဘယ်လောက် ကျေးဇူးကန်းတတ်တဲ့ မြေးမိုက် တစ်ယောက်လဲ။ အခု တွေးကြည့်ရင် အခုနာ ကျင်နေမိပါတယ်။

“အဖေကြီး ကြော်ထားတဲ့ကြက်ဥကလည်း ငန်တူးနေတာပဲဗျာ”

“ဒီတစ်ခါတော့ သည်းညည်းခံပြီး စား လိုက်စမ်းပါ လူလေးရယ်။ နောက်တစ်ခါရှယ် ကြော်ပေးမယ် ဟုတ်ပြီလား”

“မစားချင်ပါဘူးဗျာ။ လမ်းထိပ်က ထမင်း ဆိုင်မှာ ကြက်သားဝယ်ကျွေးစမ်းပါ”

“အေးပါကွာ၊ ဒါဆိုလည်း အဖေကြီး သွား ၀ယ်လိုက်ဦးမယ်။ ခဏလေးစောင့်ဦး”

ကျွန်တော်နဲ့အဖေကြီး စားဖို့သောက်ဖို့ အတွက်ကို အမေက စီစဉ်ပေးပါတယ်။ ရွာက လူကြုံတိုင်းလည်း ဟင်းကျွေးချက်ပြုတ်ပြီး ထည့်ပေးတတ်ပါတယ်။ ထမင်းကိုတော့ အဖေ ကြီးကပဲ ချက်ရတာပါ။ အိမ်က ပို့တဲ့ဟင်းတွေ ကုန်သွားတဲ့အခါမှာတော့ အဖေကြီး ကိုယ်တိုင် စီမံပြီး ချက်ရပါတော့တယ်။

တကယ်ဆိုရင် လယ်ယာ လုပ်ငန်းနဲ့ ကျွဲ၊ နွားတွေနဲ့သာ တစ်သက်လုံး အကျွမ်းဝင်ခဲ့တဲ့ အဖေကြီးအဖို့ ချက်ရေး ပြုတ်ရေးတွေနဲ့ အချိန် ကုန်ရတဲ့ မီးဖိုချောင်ကိစ်္စတွေကို ဘယ်မှာ အကျွမ်းတ၀င် ရှိပါ့မလဲ။ ဒါပေမဲ့လည်း မြေးတစ်ယောက်ရဲ့ လိုအင်ဆန္ဒတွေကိုတော့ သူ အတတ်နိုင်ဆုံး ဖြည့်စွမ်း ပေးခဲ့ပါတယ်။ သို့တိုင်အောင် မြေး မိုက်ကြီး ကျွန်တော်ကတော့ ကျေးဇူး တရားဆိုတာ ကို နားမလည်ခဲ့ပါဘူး။

ကျွန်တော့်ရဲ့ အဆိုးမျိုးစုံကို သည်းခံခွင့် လွှတ်ပြီး ကျွန်တော်လိုချင်တာ၊ ကျွန်တော်ဖြစ်ချင် တာတွေကို အမြဲတမ်း အလိုလိုက်ဖြည့်ဆည်းပေး ခဲ့သူ အဖေကြီးအပေါ်မှာ ကျွန်တော်အမှားများစွာ ကျုးလွန်ခဲ့ပါတယ်။ ဆယ်တန်းကျောင်း ဖြစ်တဲ့ ကျွန်တော့်အဖို့ ကျောင်းချိန်၊ ကျူရှင်ချိန်နဲ့ စာ ကျက်ချိန်တွေကြားထဲမှာ မနည်း အချိန်လုယူနေရ တာကိုသိတဲ့ အဖေကြီးဟာ ကျွန်တော့်အ၀တ် အစားတွေကိုလည်း လျှော်ဖွပ် ပေးပါသေးတယ်။ ဒါတောင်မှ ကျေးဇူးမသိတဲ့ ကျွန်တော်က “အင်္ကျီ ဖွပ်တာ ကြေးမှမစင်ဘဲ”လို့ အပြစ်ပြောတတ်သေး တာပါ။

“ဘယ်ဗျာ ကျုပ်တို့ ခေတ်တုန်းက အခုလို တီဗွီတွေ၊ စလောင်းတွေ ဆိုတာကို အိပ်မက်ထဲ တောင် တွေ့ဖူးတာ မဟုတ်ဘူး”

“ဟုတ်ပါ့ဗျာ၊ ရေဒီယိုတောင် လူတိုင်း နားထောင်ဖူးတာ မှတ်လို့”

“ဒီခေတ်လူတွေမှ ကံကောင်းကြတာဗျာ၊ ဆိုင်ကယ်တွေ ပေါချက်ကလည်း...”

အသိအကျွမ်း နည်းပါးတဲ့ မြို့အရပ်မှာ ကျွန်တော်နဲ့အတူနေရတဲ့ အဖေကြီးအဖို့ စကား ပြောဖော် နည်းပါးပါတယ်။ ကျွန်တော်ကလည်း မနက်မိုးလင်းပါပြီ ဆိုကတည်းက ကျူရှင်နဲ့ ကျောင်းကို အလျင်မီအောင်သွားနေရတာဆိုတော့ အဖေကြီးနဲ့ စကားပြောခန်း သိပ်မရှိလှပါဘူး။ အဖေကြီးခမျာတော့ အိမ်နီးနားချင်းတွေကို အသိ မိတ်ဆွေဖွဲ့ပြီး တိုးတိုးဖော် ရှာရပါတယ်။ သက်တူ ရွယ်တူ လူကြီးချင်း ဆုံကြချိန်မှာတော့ ရှေးဟောင်း နှောင်းဖြစ်တွေကို ပြောမဆုံးနိုင်အောင် ရှိတတ်ကြ ပါတယ်။ ဒါကိုတောင်မှ ကျွန်တော်က အဖေကြီး ကို “အရမ်းစကားများတဲ့ လူကြီး”ရယ်လို့ မနော ကံနဲ့ ပြစ်မှားခဲ့သူပါ။

အဖေကြီးဟာ အလုပ်မရှိရင် မနေတတ်သူ ပီပီအားတာနဲ့ ခြံထဲဆင်းပြီး ဘူးပင်၊ ငှက်ပျောပင်၊ ဂျင်း၊ နနွင်းစတဲ့ (အချိန်တိုအတွင်း စားရမယ့်)သီး ပင်စားပင်တွေကို စိုက်ပျိုးပါတယ်။ အသီးအနှံ တွေ ပေါ်လာရင်တော့ ဈေးထဲမှာ ဖောက်သည်ပေး ပြီး အပိုဝင်ငွေ ရအောင် ရှာပါတယ်။ အဲဒီငွေက လည်း ကျွန်တော့်မုန့်ဖိုး ဖြစ်သွားတာက များပါ တယ်။

အဖေကြီးဟာ စာဖတ်ဝါသနာပါသူဖြစ်ပြီး ဇိနတ္ထပကာသနီကျမ်းတို့၊ လှတောသားတို့၊ ဗန်း မော်ဆရာတော် ဥပမာ ပုံဝတ္ထုများတို့ကို အမြဲဖတ် လေ့ရှိပါတယ်။ ကျွန်တော်ငယ်ငယ်ကဆိုရင် အဖေကြီးရဲ့ ပုံပြင်တွေ နားထောင်ရင်း ပျော်မွေ့ခဲ့ ရတာပါ။ အခုလိုမျိုး စာမူတွေရေးနေတာကိုသာ အဖေကြီးသိရင် ဘယ်လောက်တောင် ပျော်လိုက် မလဲ။

ကျွန်တော် ဆယ်တန်းအောင်တော့ ကျွန်တော့်ထက် ပိုပျော်နေသူက အဖေကြီးပါ။ တက္ကသိုလ်ကျောင်းသားကြီး ကျွန်တော်က စာမေးပွဲဖြေပြီးတိုင်း အိမ်ကိုပြန်လာတဲ့အခါမှာ အဖေကြီးအတွက်ရယ်လို့ လိမ္မော်သီး တစ်စိတ်၊ ပန်းသီးတစ်ခြမ်း ပါမလာခဲ့ဖူးပါဘူး။ ဒါပေမဲ့ အဖေကြီးဟာ ကျွန်တော်ပြန်လာမယ့် ရက်ကို လက်ချိုး ရေတွက်ရင်းနဲ့ မြေးမိုက်ကြီးကို မျှော်နေ တာလို့ အမေက ပြောပါတယ်။

အခုတော့ မြေးတွေကို အရမ်းချစ်တဲ့အဖေ ကြီးတစ်ယောက် လောကကြီးထဲကနေ အပြီး ထွက်ခွာသွားခဲ့ပါပြီ။ လာမယ့် ၀ါခေါင်လဆန်း ၅ ရက်နေ့ဆိုရင် အဖေကြီးဆုံးတာ နှစ်နှစ်ပြည့် ပါပြီ။
“အဖေကြီးသာ သက်ရှိထင်ရှား ရှိနေသေး ရင်...”ဆိုတဲ့ အတွေးမျိုး မကြာခဏ ကျွန်တော် တွေးဖူးပါတယ်။ ကျွန်တော် မသိသေးတဲ့တချို့ ကိစ္စတွေကို အဖေကြီးနဲ့ ဆွေးနွေးချင်သေးတယ်။ မလိမ်မိုး မလိမ်မာအရွယ်တုန်းက မိုက်ခဲ့၊ မှားခဲ့ တာတွေကို အဖေကြီးထံမှာ ရှိခိုးဦးချပြီး တောင်း ပန်ချင်တယ်။ ကျွန်တော် ရေးထားတဲ့စာမူတွေကို ဖတ်ပြချင်သေးတယ်။ ကျွန်တော်ရတဲ့ စာမူခတွေ နဲ့ အဖေကြီးကြိုက်တဲ့ အစားအစာတွေကို ၀ယ်ကျွေးချင်ပါတယ်။ နောက်ပြီးအဖေကြီးနဲ့ ပတ် သက်တဲ့ ၀တ်ကြီးဝတ်ငယ်တွေကို ပြုစုချင်ပါ သေးတယ်။

အဖေကြီးနဲ့ ပတ်သက်ပြီး ကျွန်တော်လုပ် ချင်တာတွေမှ အများကြီးပါ။ ဒါပေမဲ့လည်း ကျွန်တော့်အသိတွေ နောက်ကျခဲ့ပြီကောလေ။ အဖေကြီးနဲ့ ပတ်သက်လို့ ကျွန်တော် ရရှိခဲ့တာက တော့ နောင်တတရားတွေပါပဲ။ ခုချိန်မှာ  ကျွန်တော် မှားမှန်းသိနေပါပြီ။ ဒါပေမဲ့ ကျွန်တော့် မှာ ပြင်ဆင်ခွင့်မရှိပါဘူး။ ဖြေသိမ့်နိုင်ခွင့်လည်း မရှိဘူး။

နောက်ဆုံးအနေနဲ့ ကျွန်တော် လုပ်ခွင့်ရတာ တစ်ခုပဲ ရှိပါတော့တယ်။အဲဒါကတော့ တမလွန် အရပ်က အဖေကြီးကို ရည်စူးပြီး အလှူအတန်း ပြု၊  အမျှ ပေးဝေတာတွေပဲ ဖြစ်ပါတယ်။ အစ်မကြီး (ကျွန်တော့်အဘွား)ကတော့ သက်ရှိထင်ရှား ရှိနေဆဲပါပဲ။ အစ်မကြီး အပေါ်မှာတော့ မြေးတစ် ယောက်ရဲ့ တာဝန်၊ ၀တ္တရားရှိတာထက် ပိုပြီးပြုစု ယုယခွင့် ရပါတယ်။

စာဖတ်သူ ဖူးငုံတို့ရေ။ ဖူးငုံတို့မှာ အဘိုးအဘွားတွေ ရှိနေသေးရင် မြေးလိမ်္မာလေးတွေဖြစ်အောင် နေထိုင်ကြပါ။ အဘိုး၊ အဘွား၊ အဖေ၊ အမေတွေ သက်ရှိထင်ရှား ရှိနေသေးချိန်မှာ ကျွေးမွေးပြုစု စောင့်ရှောက်ကြ ပါ။ ကျွန်တော့်လို နောင်တမျိုး မရကြပါစေနဲ့။ ကျွန်တော့်လို အမှားမျိုးဖြစ်ခဲ့ဖူးရင်လည်း အချိန် မရွေး ပြင်ဆင်လိုက်ကြစမ်းပါ။ ချစ်သော ဖူးငုံတို့ ရဲ့ဘ၀မှာ ဘိုးဘွားမိဘတွေနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်သူများဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း...။

အဖေကြီး ကောင်းရာသုဂတိလားပါစေ။
မိုးထက်ကျော်၊ကွင်းကောက်၊