|
တိုင်းပြည်အတွက် ရွှေဆုတွေ ယူဖို့ ကြိုးစားနေတဲ့ မျိုးဆက်သစ် တင်းနစ် |
|
|
|
|
Written by သင်းပပ
|
|
Saturday, 19 May 2012 16:42 |
မြန်မာ့ အားကစား လောကမှာ နှစ်ပေါင်း၆၀ ကျော်ကြာ အောင်မြင်စွာ ရပ်တည် ထားနိုင်ခဲ့ပြီး မြန်မာနိုင်ငံ အတွက် ပြည်ပ ပွဲတွေမှာ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေ များစွာ ရယူ ပေးနိုင်ခဲ့တဲ့ အားကစားနည်း တစ်ခုက တင်းနစ် (Tennis) ကစားနည်းပါ။
argaiv1332
မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ်ကို ၁၉၅၀ ပြည့်နှစ်ကတည်းက စတင် ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ်မှ ၀မ်းစာပြည့်၊ လေ့ကျင့်မှု အားပြည့်၊ လက်ရည် ပြည့်နေတဲ့ အားကစား သမားကောင်းတွေ အများကြီး ရှိပါတယ်။
ဒါပေမဲ့ ဒီတစ်ပတ်မှာတော့ teen ဖူးငုံ မဂ္ဂဇင်းအတွက် မျိုးဆက်သစ် အားကစားသမားလေးတွေနဲ့ မိတ်ဆက် ပေးချင်တဲ့ဆန္ဒ ဖြစ်ပေါ်မိပါတယ်။ ဒါကလည်း ယနေ့ အောင်မြင် ကျော်ကြား နေသူတိုင်းဟာ တစ်ချိန်က မျိုးဆက်သစ် ဆိုတဲ့ ဘ၀ကို ခံယူဖြတ်ကျော် ခဲ့ရတာကြောင့်ပါပဲ။ ဒါကြောင့် မျိုးဆက်သစ်တွေရဲ့ ရင်ထဲက စကားတွေကို တွေ့ဆုံရင်း နားထောင် မိခဲ့ပါတယ်။ မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ်ရဲ့ မျိုးဆက်သစ် အားကစားသမား အနေနဲ့ ယောက်ျားလေး ၉ ဦး၊ မိန်းကလေး ၄ ဦး ရှိပြီး အဲဒီထဲက ၃ ဦးကို ရွေးထုတ်ခဲ့ပါတယ်။

သူတို့လေးတွေကတော့ မြန်မာနိုင်ငံတင်းနစ် အဖွဲ့ချုပ်ရဲ့ မျိုးဆက်သစ် အားကစားသမား အဖွဲ့ထဲက ဆယ်ကျော်သက် လူငယ် ကစားသမားလေးတွေဖြစ်တဲ့ မြတ်နိုးအောင်၊အောင်သော်ခန့်၊ ၀င်းသုခန့်တို့ပါ။ မြတ်နိုးအောင်နဲ့ အောင်သော်ခန့်တို့က အသက် ၁၅ နှစ် အရွယ် ၇ တန်းဖြေထားကြသူများဖြစ်ပြီး မန္တလေးမြို့၊ မန္တလေး လူငယ် သင်တန်းကျောင်းက တစ်ဆင့် ရောက်ရှိ လာကြတဲ့ သူတွေပါ။ ၀င်းသုခန့်ကတော့ အသက် ၁၂ နှစ်ကျော်ပဲရှိပြီး ၆ တန်း ဖြေထားတဲ့ ကလေး တစ်ဦးပါ။ သူတို့ ၃ ဦးစလုံးဟာ ငယ်ရွယ်သေးတဲ့ ကလေးငယ်တွေ ဖြစ်ပေမဲ့ မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ်ရဲ့ လေ့ကျင့်သင်ကြားမှု အောက်မှာ တက်ညီ လက်ညီနဲ့ စိတ်ပါလက်ပါ ကြိုးစား နေကြတဲ့ ကလေးငယ်တွေလည်း ဖြစ်ပါတယ်။
မြတ်နိုးအောင်က အသက် ၁၀ နှစ် အရွယ် ကတည်းက တင်းနစ် အားကစားနည်းကို စတင် ကစားခဲ့သူပါ။ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ်ကို ရောက်ရှိခဲ့ပါတယ်။ မြတ်နိုး အောင်က တင်းနစ် အားကစားနည်းကို မန္တလေး လူငယ် သင်တန်းကျောင်းက ဆရာ ဦးကျော် ကျော်ဝင်းရဲ့ ရွေးချယ်ပေးမှုနဲ့ ကစားခဲ့တာ ဖြစ်ပြီး အခုတော့ ကိုယ်တိုင်လည်း ၀ါသနာ အရမ်းပါနေ ပြီလို့ သိရပါတယ်။ တင်းနစ် အားကစားနည်းကို ဘာကြောင့်ကစားခဲ့တာလဲလို့ဆိုတော့ ကိုယ့်ရှေ့က နောင်တော်တွေ ကစားသမားတွေ ဆုရရှိခဲ့ တာကိုကြည့်ပြီး ကလေးပီပီ ကိုယ်လည်း ဆုတွေ ရယူချင်တဲ့စိတ်နဲ့ ကစားခဲ့တာလို့ ဆိုပါတယ်။ တင်းနစ် အားကစားနည်းဟာ ကိုယ်ခန္ဓာကြံ့ခိုင် သန်စွမ်းပြီး တိုးတက်စေနိုင်သလို ဉာဏ်ရည် ဉာဏ်သွေးကိုလည်း ဖွံ့ဖြိုးစေပါတယ်။ တင်းနစ် အားကစားနည်းမှာ တစ်ဖက်က တန်ပြန်ထွက် လာတဲ့ ဘောလုံးကို ကြည့်ပြီး ချက်ချင်းဆုံးဖြတ်ပြီး ပြန်ရိုက်ရပါတယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို အမြန်ဆုံး ချရတဲ့ အတွက် ဉာဏ်ရည်ဉာဏ်သွေးနဲ့လည်း သက်ဆိုင်တဲ့ကစား နည်းလည်း ဖြစ်ပါတယ်။ တခြား ကစားနည်း တွေနဲ့ မတူတဲ့အပြင် တင်းနစ်ကစားရတာ ပိုပြီး ခက်ခဲပါတယ်။ ဒီလို ခက်ခဲတဲ့ အထဲကမှ နိုင်လိုက် တယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် အ၀ ရရှိစေနိုင်တာကြောင့် ဒီကစားနည်းကို ၀ါသနာ ပါသွားတာလို့လည်း မြတ်နိုးအောင်က ဆိုပါတယ်။
ပြင်းပြင်းထန်ထန် လေ့ကျင့်၊ ယုံကြည်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ အောင်မြင်ဆိုတဲ့ ဆောင် ပုဒ်အတိုင်း မြတ်နိုးအောင်က ကြိုးစားပါတယ်။ “နိုင်ငံတော်က အားကိုးရတဲ့ တင်းနစ်အားကစား သမားကောင်းတစ်ယောက် ဖြစ်အောင်။ နိုင်ငံတော် အတွက် ဆုတံဆိပ်တွေ ရရှိအောင် ကြိုးစားဖို့ စိတ်ထဲမှာ အမြဲထားတယ်”လို့လည်း မြတ်နိုးအောင်က ဆိုတယ်။ မြတ်နိုးအောင်က ၁၄ နှစ် အောက် ပြိုင်ပွဲနဲ့ ၁၆ နှစ်အောက် ပြိုင်ပွဲ ၂ တန်းလုံးမှာ ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိ ထားသူလည်း ဖြစ်ပါတယ်။ တင်းနစ် အားကစားသမားကောင်း တစ်ယောက်ဖြစ်ဖို့ အတွက် ဘာတွေ လိုအပ်လဲလို့ဆိုတော့ “အဓိကကတော့ မိမိကိုယ်မိမိ ငါဖြစ်အောင် လုပ်နိုင်ရမယ် ဆိုတဲ့ စိတ်ရယ်၊ ဆရာ သမားတွေရဲ့ ဆုံးမစကားနဲ့ ဆရာတွေရဲ့ သွန်သင် ပြသမှုကို လေးလေးစားစားနဲ့ လိုက်နာပြီး ပြင်း ပြင်းထန်ထန် ကြိုးစားမယ်ဆိုရင် ကစားသမား တစ်ယောက် ဖြစ်နိုင်ပါတယ်” လို့ သူတို့တွေရဲ့ နည်းပြတစ်ဦးဖြစ်သူ ဆရာ မြတ်ခိုင်စိုးက ဖြေကြား ပေးခဲ့ပါတယ်။ မြတ်နိုးအောင်က လက်ရှိ အနေအထားထက် ပိုပြီး တော်ချင်တတ်ချင်သလို မြန်မာ့ လက်ရွေးစင် တစ်ယောက်အနေနဲ့ ရွှေတံဆိပ်ဆုတွေ အများကြီး ယူပေးချင်တာဟာ သူ့ရဲ့ အိပ်မက်ပါလို့ ဆိုတယ်။ ဒီအိပ်မက်တွေဖြစ်ဖို့ အတွက် လက်ရှိမှာတော့ လေ့ကျင့် နေရဆဲပါ။

အောင်သော်ခန့်ကတော့ အသက် ၈ နှစ် အရွယ်ကတည်းက စတင်ပြီး ကစားခဲ့တာပါ။ တင်းနစ် ကစားခဲ့တဲ့ သက်တမ်း ၇ နှစ်နီးပါးမှာ ပြိုင်ပွဲတွေ များစွာ ကစားခဲ့ရပြီး အနိုင် ပွဲတွေ ရှိသလို ရှုံးတဲ့ ပွဲတွေလည်း အများကြီးပဲလို့ ဆိုပါတယ်။ ဒီလို ရှုံးပွဲတွေနဲ့ တွေ့ခဲ့ရင်တော့ အောင်သော်ခန့် က ကလေးပီပီ စိတ်ဓာတ် ကျမိပေမဲ့ ငါဘာ ကြောင့်ရှုံးရတာလဲဆိုတဲ့ အတွေးကို တွေးမိပြီး လေ့ကျင့်မှုတွေ ဆက်လက် ပြုလုပ်တယ်လို့ သိရ ပါတယ်။ နည်းပြတွေ၊ ဆရာတွေ သတ်မှတ်ပေး ထားတဲ့ လေ့ကျင့်ချိန်အပြင် ကိုယ့်ရဲ့အားလပ်ချိန် တချို့မှာလည်း လေ့ကျင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အောင်သော်ခန့်က “တင်းနစ်ကို အရမ်း ၀ါသနာပါတယ်။ လူငယ် သင်တန်းကျောင်းမှာ ကိုယ့်ရှေ့က စီနီယာတွေထဲမှာ လက်ရွေးစင်အထိ ဖြစ်သွားပြီး နိုင်ငံတကာ ပွဲတွေမှာ ရွှေဆုရခဲ့တဲ့ သူတွေ ရှိတယ်။ သူတို့တွေကိုကြည့်ပြီး အားကျ စိတ်နဲ့ တင်းနစ်ကို ကစားခဲ့တာလို့လည်း ဆိုပါ တယ်။ တင်းနစ်ကစားနေရတဲ့အချိန်မှာ ပျော် တယ်ဆိုတဲ့ အောင်သော်ခန့်က နှစ်ယောက်တွဲ၊ အဖွဲ့လိုက်၊ တစ်ဦးချင်းမျိုးစုံ ကစားဖူးပေမဲ့ တစ် ယောက်ချင်း ကစားရတာကို ပိုပြီး နှစ်သက်တယ် လို့ ပြောပြပါတယ်။ သူကလည်းပဲ တိုင်းပြည် အတွက် ရွှေဆုတွေပဲ ယူပေးချင်ပါသတဲ့။ “ပြိုင်ပွဲ တွေမှာ ကစားနေတဲ့ အချိန်မှာ နိုင်ချင်တဲ့စိတ် တစ်ခုတည်းကိုပဲ အဓိက ထားပြီး ကစားတယ်” လို့လည်း သူက ဆိုပါတယ်။ အောင်သော်ခန့်က ယောက်ျားလေးတစ်ဦးဖြစ်တာကြောင့် ဘောလုံး အားကစားနည်းကိုလည်း စိတ်ဝင်စားပေမဲ့ အခု အချိန်ထိ လုံးဝ မကစားဖြစ်ဘဲ တင်းနစ် ကစားနည်းကိုပဲ အာရုံစိုက် လေ့ကျင့်ကစားနေတယ်လို့ ပြော ပြခဲ့ပါသေးတယ်။
နောက်ဆုံး စကားပြောဖြစ်ခဲ့တဲ့ ကလေး ငယ်က သူတို့ ၃ ဦးထဲမှာ အငယ်ဆုံးပါ။ ၀င်းသု ခန့်က အသက် ၁၂ ကျော်သာရှိသေးပြီး ၆ တန်း ဖြေထားပါတယ်။ တင်းနစ်ကစားနည်းကို ဖိဖိ စီးစီး ကစားဖြစ်ခဲ့တာကတော့ ၂ နှစ်ခန့်ပဲ ရှိပါ သေးတယ်။ ဒါပေမဲ့ နည်းပြတွေရဲ့ သဘောကျ ခြင်းခံရတဲ့ ကစားသမားလေးပဲ ဖြစ်ပါတယ်။ ၀င်းသုခန့်က ၂ နှစ်တာအတွင်းမှာ ပြိုင်ပွဲတွေ အများကြီး ပြိုင်ဖြစ်ခဲ့သလို နိုင်ပွဲတွေ များတယ်လို့ လည်း ဆိုပါတယ်။ “ဒီကစားနည်းကို ရွေးချယ် ကစားဖြစ်ခဲ့တာက အဖေ၊ အမေကြောင့်လည်း ပါတယ်။ သူတို့ တိုက်တွန်းတာကြောင့် ၀င်ရိုက် ဖြစ်ရင်းက ကိုယ်တိုင်ကလည်း ၀ါသနာပါတော့ ရိုက်နေရင်းနဲ့ အရမ်း စိတ်ဝင်စားသွားတယ်”လို့ ပြောပြပါတယ်။ ၀င်းသုခန့်က “တင်းနစ်ပြိုင်ပွဲ ၀င်နေရတဲ့ အချိန်မှာ နိုင်တာ ရှုံးတာကတော့ ကျွန်တော်ရိုက်တဲ့ လက်ပေါ်မှာ မူတည်ပါတယ်။ အဓိကကတော့ စိတ်ဓာတ်ကို မြှင့်တင် ထားရတာ ပေါ့” လို့ ဆိုပါတယ်။
ဝင်းသုခန့်က ငယ်ရွယ်သူ တစ်ဦးဖြစ်ပေမဲ့ ကိုယ်ဝါသနာ ပါတဲ့ ကစားနည်းရဲ့ အကျိုးကျေးဇူး တွေကိုလည်း လေ့လာ သိမြင်ထားသူပါ။ “တင်းနစ် ကစားနေရတဲ့ အချိန်မှာ ပျော်တယ်။ စိတ် လည်းချမ်းသာတယ်။ တင်းနစ် ကစားနည်းက ကျန်းမာရေးလည်း ကောင်းတယ်။ စိတ်ဓာတ် လည်း တက်ကြွစေတယ်။ ဉဏ်ရည်လည်း မြင့် မားစေတယ်။ ပြီးတော့ အရပ်လည်း ရှည်စေ တယ်” လို့ သူသိသလောက်ကိုလည်း ပြောပြခဲ့ ပါသေးတယ်။ တင်းနစ်ကို အဖွဲ့လိုက်ကစားခြင်း က စည်းလုံးညီညွတ်မှုကို ပိုရစေတဲ့အတွက် နှစ်သက်မိပေမဲ့ တစ်ယောက်ချင်းကစားရတာကို တော့ ပိုကြိုက်တယ်လို့လည်း ၀င်းသုခန့်က ဆိုပါ တယ်။
ဝင်းသုခန့်က ယနေ့ခေတ်ရဲ့ ဆယ်ကျော် သက်ကလေးငယ်ပီသစွာ နိုင်ငံတကာထိလည်း အမြင်ရှိနေတာကို တွေ့ရပါတယ်။ လက်ရှိကမ္ဘာ ကျော်တင်းနစ် ချန်ပီယံတွေထဲက ဂျူကိုဗစ်ကို သူက အားကျပါသတဲ့။ ဂျူကိုဗစ်ကစားတဲ့ပွဲ တွေကို လေ့လာသင်ယူတဲ့ အနေနဲ့ ကြည့်ဖြစ်လေ့ ရှိပြီး နောင်တစ်ချိန်မှာ သူ့ထက်ပိုတော်တဲ့ ကစားသမား တစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုတဲ့ သူ့ရဲ့ စကားကို အံ့သြ သဘောကျခဲ့မိပါတယ်။ ၁၂ နှစ်အရွယ် ကလေး တစ်ယောက်ရဲ့ စိတ်ကူးနဲ့ ဆန္ဒ က ချစ်စရာကောင်းလို့နေတယ် မဟုတ်ပါလား။ အမိမြန်မာနိုင်ငံ အတွက် နိုင်ငံတကာ ရွှေတံဆိပ်ဆု တွေအများကြီး ရယူပေးချင်ပေမဲ့ သူ့အသက် အရွယ်နဲ့ အနေအထားအရ တော်တော်တော့ ကြိုး စားရပါဦးမယ်လို့လည်း ဆိုပါတယ်။ ဒီလူငယ် လေးက သူ့လို ကလေးငယ်တွေအတွက် “သူတို့ ၀ါသနာပါတဲ့ အားကစားနည်းကို သူတို့စိတ်ကူးနဲ့ ရွေးချယ်သင့်ပါတယ်။ တင်းနစ်အားကစားနည်း ကတော့ တကယ် ၀ါသနာပါမှ ရွေးချယ်သင့်တဲ့ ကစားနည်းပါ” လို့လည်း ပြောခဲ့ပါသေးတယ်။ သူ့ကို နောင်တစ်ချိန်မှာ ဘာဖြစ်ရမယ် ဆိုတဲ့ ရည် မှန်းချက်ရှိရင် ပြောပြပါဦးလို့ဆိုတော့ “တင်းနစ် ကိုလည်း ကြိုးစားသလို စာကိုလည်း ကြိုးစား မယ်။ ပညာတတ်ဖြစ်ပြီး အလုပ်လည်းရအောင် ကြိုးစားရဦးမယ်လေ” လို့ဆိုတယ်။ ဒါဆို သား က ပညာတတ် တင်းနစ် လက်ရွေးစင်ကြီးဖြစ်ချင် နေတာပေါ့လို့ဆိုတော့ ၀င်းသုခန့်က ပြုံးစိစိနဲ့ ခေါင်းညိတ်ပြပါတယ်။

လက်ရှိ အချိန်မှာ မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ် မျိုးဆက်သစ် အားကစားသမားလေးတွေရဲ JTI-Coordinator မြတ်ခိုင်စိုးက“သူတို့ အဖွဲ့ထဲ ကနေ ပြည်ပပြိုင်ပွဲတွေမှာ သွားပြိုင်နိုင်တဲ့ကလေး ၄ ယောက်လောက် ရှိတယ်။ နောင်တစ်ချိန်မှာ ဒီအဖွဲ့ကို အားကိုး အားထားပြုနိုင်မယ်လို့ ထင်တယ်။ လက်ရှိ မျိုးဆက်သစ် ကစားသမား ၁၃ ယောက်ရှိတယ်။ သူတို့လေးတွေထဲမှာ တချို့ ကလေးတွေက အိုင်ကျူပိုနိမ့်ပေမဲ့ ကစားတဲ့နေ ရာမှာတော့ အားထည့် ကစားကြတယ်။ ငယ် သေးတော့ ပုံသွင်းယူလို့ရနိုင်တဲ့ အခြေအနေရှိ တယ်။ ဒီအုပ်စုကို အတတ်နိုင်ဆုံး ထိန်းသွားမယ် လို့ ရည်မှန်းထားတယ်။ သူတို့ကလည်း ကြိုးစား ကြပါတယ်။ ကျွန်တော်ထင်တယ်။ သူတို့ထဲ ကနေ ဖိုက်တာလေးတွေ ထွက်လာမယ်လို့ ထင် တယ်လေ”လို့ ပြောပြခဲ့ပါသေးတယ်။
မျိုးဆက်သစ် အားကစားသမားလေးတွေရဲ့ ရင်ထဲမှာရှိတဲ့ တူညီတဲ့ဆန္ဒလေးတွေကတော့ အမိ တိုင်းပြည်အတွက် ရွှေဆုတွေ အများကြီးယူပေး ချင်တယ်ဆိုတာပါပဲ။ နောက်ထပ်တူညီတဲ့ အချက်ကတော့ ဆယ်ကျော်သက် လူငယ်တွေရဲ့ ဖြူစင်မှု၊ ရိုးသားမှု၊ ပွင့်လင်းမှုပါ။ လစဉ် သန်သူနဲ့ စွမ်းသူကဏ္ဍမှာ အောင်မြင်သူတွေရဲ့ ကြိုးစားအား ထုတ်မှု၊ ခက်ခဲမှုတွေနဲ့ အမြဲတမ်း တင်ဆက်နေ ရတာကြောင့် ဒီတစ်လမှာတော့ အပြောင်းအလဲ လေး ဖြစ်သွားအောင် အောင်မြင်ဖို့အတွက် ကြိုး စားနေတဲ့ မျိုးဆက်သစ်လူငယ်တွေကို တင်ဆက် ပေးလိုက်ရခြင်းပါ။ ဆယ်ကျော်သက်၊ ကလေး ပီပီ အချိန်ပြည့် ဆော့ကစားရမဲ့ အရွယ်မှာ ကိုယ့် ဘ၀ရဲ့ တိုးတက်မှု အတွက်၊ ကိုယ့်ရဲ့ဝါသနာ အတွက် ကန့်သတ်ထားတဲ့ အချိန်တွေနဲ့ ကြိုးစား လှုပ်ရှားနေကြတဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ စကားသံတွေကိုလည်း ကျေနပ်ကြမယ်လို့ ထင်ပါတယ်။

သင်းပပ
|
|
Last Updated on Saturday, 19 May 2012 17:09 |