|
ထာဝရ ဂုဏ်ယူဖွယ်ရာ ဇာတိမြေ၏ ရင်ခွင်မှာ |
|
|
|
|
Written by စမ်းစမ်းစိမ့် ( မန္တာလာမြေ )
|
|
Monday, 21 May 2012 13:31 |
“ဆန်းကြယ်ထွေထူး၊ မကြားဖူးသား၊ အံဘွယ်မှူးသား၊ အံ့ကိုးဖြာနှင့်၊ ဟင်္သာပြည်ကြီး၊ ထီးနန်းသခင်၊ နဂါးဆင်လျက်”ဆိုတဲ့ ဟံသာနာဂရ ဟန်လင်း မြို့ဟောင်း ကျေးရွာဟာ စာရေးသူရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေပဲ ဖြစ်ပါတယ်။
argaiv1540
လူသားတိုင်း၊ လူသားတိုင်းမှာ သတိတရနှင့် မမေ့နိုင် ဖြစ်နေမယ့် တမ်းတမ်းတတ ဖြစ်နေမယ့် ခံစားမှုကို ဖြစ်ပေါ်စေတာကတော့ ကိုယ့်ရဲ့ မွေးရပ်မြေကို လွမ်းဆွတ်မိတဲ့ အချိန်လည်း ပါပါလိမ့်မယ်။ “ပျော်ရာမနေ၊ တော်ရာမှာနေ”ဆိုပြီး ဘ၀ကို တိုက်ပွဲ ၀င်နေသူတွေ။
“တစ်ရွာမပြောင်း သူကောင်းမဖြစ်”ဆိုပြီး ကိုယ့်မွေးဌာနီကို စွန့်ခွာခဲ့ ရသူတွေရဲ့ ရင်ထဲမှာ မွေးရပ်မြေဟာ အတွေးပေါင်း များစွာကို ဖြစ်ပေါ်စေပါတယ်။ အဲဒီလိုထဲမှာမှ စာရေးသူရဲ့ မွေးရပ်မြေဟာ ဆိုရင် အများနှင့် မတူတဲ့ သမိုင်းဝင် လေ့လာချင်စရာတွေ၊ စိတ်ဝင်စားစရာတွေ၊ အညာရဲ့လှပတဲ့ဆွဲဆောင်မှုတွေ၊ ဒေသန္တရ ဗဟုသုတမျိုးစုံ အများကြီး၊ အများကြီး တွေ့ရှိ ခံစားနိုင်တာမို့ “ကိုယ့်ငါးချဉ်၊ ကိုယ်ချဉ်” ကြွားပြောလေး ၀င်ပြီး ရေးမိပြီမို့ အားနာစရာတော့ ကောင်းနေပြန်ပါပြီ။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ဟန်လင်းမြို့ ဟောင်းစံပြကျေးရွာဟာ အိမ်ခြေပေါင်း ၇၈၈ ကျော်၊ အိမ်ထောင်စုပေါင်း ၉၆၇ လောက် ရှိပါတယ်။ ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက်၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနှင့် စည်းလုံးစွာ တည်ရှိနေတဲ့ ရှေးဟောင်း ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။ ဟန်လင်းမြို့ဟောင်းကို သွားရောက်လိုရင် ရွှေဘိုမြို့ကားစီးပြီး မြို့ထဲရောက်မှ ထော်လာဂျီရွာ ကားပြောင်းပြီး မူးရိုးအတိုင်း မောင်းနှင်ရင် ရောက်နိုင်သလို ရထားနှင့်ဆိုရင် “ရထောင်”ရထားစီးပြီး မုဆိုးခြံဘူတာမှာ ဆင်းပြီး လှည်းစီး သွားရင်လည်း ရောက်ပါတယ်။ စာရေးသူ အမေတို့နဲ့ သွားတာကတော့ လမ်းခွဲ တစ်ခုဖြစ်တဲ့ ဆိုင်နန်ကွေ့မှ ၁၁ မိုင် ၂ ဖာလုံခန့်သွားရုံ နဲ့ ရွာသို့ရောက်ပြီး အပြန်မှ ရွှေဘို အမျိုးတွေဆီ ၀င်ပြီး သွားလေ့ ရှိပါတယ်။

ကျေးရွာမှာ ပရိယတိ္တ စာသင်တိုက်ရှိတယ်။ ရှေးဟောင်း ကျောက်စာတိုင် ရှိတယ်။ ကျေးရွာသုံး သဘာဝတော ရှိတယ်။ ကျန်းမာရေး ဆေးပေးခန်း ရှိတယ်။ တွဲဖက် အလယ်တန်းကျောင်း ရှိတယ်။ လက်ဖက်ရည်ဆိုင် ပေါတယ်။ ရှမ်းခေါက်ဆွဲရတယ်။ မီးစက်မီး အိမ်တိုင်းမှာ ရတယ်။ အမြင်သစ်စာကြည့် တိုက်ရှိတယ်။ လီဒုံဝူး၊ ဟာဂျီဝန်၊ အွန်စောတို့နဲ့လည်း ရင်းနှီးတယ်။ပိုပြီးထူးခြား ဆန်းပြားတာက မြန်မာနိုင်ငံမှာ ရှားပါးပြီး တွေ့ရခဲတဲ့ သဘာဝရေပူစမ်း ကန်များနှင့် သဘာဝထွက် ရေပူများ အိမ်တိုင်း တူးဖော်ရခြင်းပဲ ဖြစ်တယ်။ နောက်ပြီး ရှေးအကျဆုံး သမိုင်းမြို့ဟောင်းတစ်ခုဖြစ်ခဲ့ခြင်းပဲ ဖြစ်တယ်။
အဖေလည်း ဟန်လင်းရွာသား၊ အမေလည်း ဟန်လင်းရွာသူမို့ ဟန်လင်း ရွာမှာ မွေးခဲ့တဲ့ စာရေးသူဟာ သိတတ်လာတဲ့ အချိန်မှာ အဖေ၊ အမေတို့ကို ကျေးဇူးတင်မိလာပါတယ်။ အမေဟာ ရွာကို တစ်နှစ်ကို နှစ်ခေါက်လောက် ရောက်ပါတယ်။ တော်သလင်း ၁၄၊ ၁၅ ရက် လပြည့်မှာ တစ်ခါ၊ စာရေးသူ တို့ နှစ်စဉ် လိုက်ဖြစ်တဲ့ ရွာကုန်းတောမှာ တည်ရှိတဲ့ ဘိုးဘွားဘီဘင် လက် ထက်က စေတီတည်ပြီး လှူဒါန်းပူဇော်တဲ့ တပို့တွဲလ ၁၄၊ ၁၅ လပြည့် ရက်မှာ တစ်ခါ ရောက်ဖြစ်ပါတယ်။ အဖေကတော့ ဇာတိမြေရွာက ထွက်ခွာ လာချိန်မှ ခုချိန်ထိ ၂၅ နှစ်လောက် ရှိတာတောင် တစ်ခေါက်မှ မပြန်ဘဲနေ တာကတော့ အံ့သြစရာပါ။ ဒီနှစ်လည်း အမေနဲ့ အတူ မောင်နှမ မိသားစုများ နှင့် စာရေးဆရာမ ဒေါ်နုနုကြည်(အမေ့အိမ်)ကိုလည်း လိုက်ပါစေပြီး ဂျစ် ကား ၂ စီး၊ လိုက်ထရပ် ၁ စီးပေါင်းပြီး မနက်စောစော စတင် ခရီးထွက်ခဲ့ကြ တယ်။ ရွာဘုရားပွဲ အလှူအတန်း သက်သက် အလည် သွားရောက်ခြင်းမို့ ပျော်စရာ ကြည်နူးစရာ ကောင်းလှသလို အမေက ပိုပြီး ပိုပြီး ပျော်နေတာတော့ ထူးပြီး မအံ့သြတော့ပါဘူး။
ရွာအ၀င် လမ်းတစ်လျှောက်မှာတော့ လှည်းလမ်းကြောင်း တစ်လျှောက် ဖုန်လုံးကြီးတွေ တရိပ်ရိပ် တက်ခါ မြင်ယောင် မိတော့သည်။ အညာဌာနီ... တစ်ခါလာမည်... ကျွန်တော့်အတွက်တော့... မေ့မရပါလေပြီ ဆိုတဲ့ အဆိုတော် သန်းထွန်း လေးရဲ့သီချင်းကို အပြင်မှာ လက်တွေ့ ခံစားသီဆို ရင်း လိုက်လာသူ အားလုံး ပေါင်ဒါ သိပ်ထားတဲ့ မျောက်ဖြူခေါင်းကြီးတွေ ဖြစ်လို့နေပါတယ်။ နေကပူ၊ ဖုန်တွေတထောင်း ထောင်းထ၊ ရော်ရွက် ၀ါကြွေ၊ ရွက်ဖူးဝေတဲ့ ပတ်ဝန်းကျင် အလှနှင့် မြို့ပြနှင့် မတူတဲ့ ခရီးသွား အရသာကို ကားစီးရင်း ခန္ဓာကိုယ် ယိမ်းအကနဲ့ တွဲဖက်လို့ ခံစားဖြစ်ခဲ့ တယ်။
တည်းခိုမယ့် အမေ့ညီမ အငယ်ဆုံး အဒေါ် ကံရဲ့ အိမ်ရှေ့ ကားရပ်လိုက်တာနှင့်တစ်ပြိုင် နက် အိုး...ဟိုး...လာရောက် ကြိုဆိုသူဆွေမျိုးများရဲ့ နှုတ်ဆက်သံတွေက “ကုလားသိုက်၊ ကျားဝင် ကိုက်” သလို ဆူညံ ပွက်လောရိုက်သွားပါတယ်။“ကောင်မရယ်၊ ညည်းက”ဆိုတဲ့ အသုံးအနှုန်းကလည်း နားရည် ၀လာပါတယ်။ ရောက်ရောက် ချင်း အဒေါ်က ယာထွက် ပြောင်းဖူးပြုတ်တွေနဲ့ ကျွေးမွေးတယ်။ နားနေ ရေမိုးချိုးပြီး ညနေပိုင်း လေးရောက်တော့ ရွာခံညီမ တစ်ဝမ်းကွဲတစ်ယောက်နှင့် ရွာရှိ အထင်ကရ နေရာတွေကို လေ့လာ လည်ပတ်ရေး စတင်ကြတယ်။ ပထမဦးဆုံး ရေပူကုန်း ရပ်ကွက်ရှိ ညောင်ကိုးပင် ဘုန်းကြီး ကျောင်းတိုက်သို့ သွားရောက်ပြီး မန္တလေးထိုးမုန့် နဲ့ လှူဒါန်းဆည်းကပ်ကာ ၁၃၄၉ ခုနှစ်က အရင် ဆရာတော် ဘုရားကြီး ဦးနာဂ ဦးစီး ဖွင့်လိုက်တဲ့ ယဉ်ကျေးမှု ပြတိုက်ကို ၀င်ပြီး လေ့လာခဲ့တယ်။

ရှေးဦး ပျူလူမျိုးများ ပထမဦးဆုံး အခြေချ နေထိုင်ခဲ့တဲ့ သမိုင်းနေရာလို့ ဆိုတာကြောင့် ပျူရှေးဟောင်း အသုံးအဆောင် ပစ္စည်းများကို တူးဖော် တွေ့ရှိထားသမျှ အစုံကို လေ့လာ မှတ်သားရပါတယ်။ ပျူခေတ်သုံး ဆွဲကြိုး၊ လက်ကောက်၊ ရေအိုး၊ ဒင်္ဂါပြား၊ ပန်းပုလက်ရာ အနုစိတ် ပစ္စည်းတွေကို ထူးခြားစွာ လေ့လာရပါတယ်။ ကုန်းဘောင်ခေတ် တုန်းက ဗီရို တစ်လုံးကိုလည်း လက်ရှိဆရာတော် ရှင်းပြလို့ သိခဲ့ရတယ်။ ရှေးဟောင်းပစ္စည်း အမွေကို မြတ်နိုးစွာ ထိန်းသိမ်း စောင့်ရှောက်ချင်တဲ့ နယ်ခံဟန်လင်း ရွာသားတစ်ယောက်ရဲ့ ရင်ထဲက ကဗျာကို ချိတ်ဆွဲထားတာ ဖတ်ကြည့်တော့ သဘောကျလို့ ကူးယူ ခဲ့သေးတယ်။
ဆက်လက်ပြီး ပြာသာဒ်ကျောင်းတိုက်သို့ သွားရောက်ကာ ၁၄ နှစ်ကျော်ခဲ့ပြီဖြစ်တဲ့ ဆရာတော် ဘဒ္ဒန္တနန္ဒနမဟာမထေရ် မြတ်ရဲ့ ရုပ်ကလာပ်တော်ကို ဦးခိုက်ဖူးမြော်ခဲ့တယ်။ တစ်ဖန် “ရွှေဂူကြီးဘုရား ပြိုရင် အမေသေတောင် မနေနှင့် သွားကောက်”လို့ တင်စား အခေါ်ရှိကြတဲ့ တန်ခိုးကြီး ရွှေဂူကြီး ဘုရားကိုလည်း သွားရောက် ဖူးမြော်ခဲ့ပါတယ်။ ဘုရား တည်တုန်းက ရွှေတွေကို လှည်းတွေနဲ့ တိုက်ပြီးတည်ခဲ့တဲ့ ဘုရား။ သူခိုး၊ သူဝှက်သံကြားရင် ထူးဆန်းဖွယ်ရာ ဖြစ်ရာဖြစ်ရပ်တွေကို ရွာခံများက ရှင်းပြတာကြောင့် နားထောင်ရတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ခရစ်နှစ် ၄ ရာစုနှင့် ၉ ရာစုကြား ပျူလူမျိုးများ အခြေ ချနေထိုင်တဲ့ မြို့ဟောင်း တစ်ခုလို့ ယူဆ သတ်မှတ်ကာ သမိုင်း မတင်မီခေတ်က လူအရိုးစု ရုပ်ကြွင်းများကို မြှုပ်နှံထားတဲ့ သဘာဝ မြေအတိုင်း ပြသထားတဲ့ အဆောင်ကို လေ့လာခွင့် ရခဲ့တယ်။ လူအရိုးစု ရုပ်ကြွင်းများဟာ မြောက်ဘက်သို့ ခေါင်းပြုတာကို သတိ ထားမိခဲ့တယ်။
လူအရိုးစု ရုပ်ကြွင်းများ အောက်ခြေကြားမှာ သဘာဝ သဲတွင်းကိုလည်း ထူးခြားစွာ မြင်ခဲ့ရပါတယ်။ ၂၀၀၅ ခုနှစ်မှ စတင် တူးဖော်ခဲ့တယ်လို့ မှတ်ခဲ့ရပြီး ခုချိန်ထိ သမိုင်း သုတေသီ ပညာရှင်များက ရှေးမြို့ဟောင်းကို တူးဖော် နေကြဆဲ ဖြစ်ပါတယ်။ အရင်တုန်းကဆိုလျှင် ဦးလေးတွေ၊ အဒေါ်တွေမှ လယ်ထွန် ပေါင်းသင်ရင်း ရွှေအိုး၊ ငွေအိုး၊ ရှေးဟောင်း ဒင်္ဂါးများကိုများစွာ ရရှိခဲ့တယ်လို့ ကြားဖူး မြင်ဖူးပါတယ်။ ခုလည်း ကျယ်ကျယ်ကျယ်ကျယ် မဟုတ်ဘဲ တိုးတိုး တိုးတိုးနဲ့ ပေါင်းသင် အငှားလိုက်သူများ ရရှိဖူးကြောင်း ကြားနေရဆဲဖြစ်ပါ တယ်။ ရေပူကုန်း ရပ်ကွက်ကို ၀င်ပြီး သဘာဝ ရေပူစမ်းကန်များကို ထိတွေ့ခွင့်ရ ခဲ့တယ်။ မိန်းမတွေ သုံးဖို့၊ ချိုးဖို့ ကန်များနှင့် အမျိုးသား သီးသန့်ဆင်းချိုး သဘာဝ ရေပူကန်ကိုလည်း “ဟုတ်လား။ ဟာ၊ ဟင်”နှင့် အံ့သြစွာ တွေ့ရှိခဲ့ရတယ်။
ကြက်ဥကျက်တွင်းဟုခေါ်တဲ့ သဘာဝရေပူတွင်းထဲသို့ လက်နှိုက်ကြည့်တဲ့အခါ “အားပါးပါး ပူမှပူပလေ။ ကြက်ဥစိမ်းထည့်ထား ကျက်တယ်ဆိုတာ ဟုတ် လောက်တယ်။ ကြက်ဥပြုတ်နေသည့် ကျောင်းသားများရဲ့ ကြက်ဥအိတ်ကို ယူပြီး ဓာတ်ပုံရိုက်ခဲ့တယ်။ အဖေနှင့် အမေတို့ ငယ်ငယ်တုန်းကဆိုရင် ရေနွေး အိုးပွက်သလို ပူတယ်လို့ ပြောပြပါတယ်။ ပိုပြီး ထူးခြားသည်က “မအေးတုန်” တွင်းများလို့ ခေါ်တဲ့ ရေပူတွင်းငယ်များပဲ ဖြစ်ပါတယ်။ တစ်နေရာတည်းကပ် လျက်မကွာမှာ သဘာဝတွင်း ငါးတွင်းရှိပြီး တစ်တွင်းနှင့် တစ်တွင်းရေအပူ၊ အအေး၊ အနွေး မတူညီတာ တွေ့ရပါတယ်။ ဒီဘက်က ပူတယ်။
ဟိုဘက်က ကပ်လျက်က နွေးနေတယ်။ လက်နဲ့ထိတွေ့ရတဲ့အရသာကိုက မတူညီလှတာမို့ “သြော် ထူးဆန်းပေစွ သဘာဝရယ်”လို့ မြည်တီးလိုက်မိပါတယ်။ ဘာကြောင့် “မအေးတုန်သဘာဝရေပူစမ်း” များလို့ ခေါ်သလဲ လို့ ညီမကို မေးကြည့်တော့ “ဒီလိုအစ်မရယ်... ရေတွေက ပူနေ၊ နွေးနေတယ် မအေးပေမဲ့ ချိုးလိုက်ပြီးအခါကျတော့ တုန်နေ အောင်အေးလွန်းလို့လို့ ပြောကြတာပဲ” အင်း၊ သူ ပြောပြလို့ အိမ်မှာ လက်တွေ့ချိုးကြည့်တော့ ဟုတ်တုတ်တုတ် ရှိလှပါတယ်။

အဲဒါကြောင့်မို့လည်း “တောင်မှ ပြွမ်းရှောင်၊ ရေနစ်မြောင်းတွင်၊ တစ်ကြောင်းစာမူ၊ ရေပူလှိုင်း ပွက်၊ မြောင်းတစ်စက်မူ၊ မြေသီတာ၊ ပေါင်းစုံလာ သော်၊ နှစ်ဖြာဝေခြမ်း၊ မရောပြွမ်းတည်၊ အချမ်း အပူ၊ စီးသောဟူ၏”လို့ ဟံသာနာဂရ ဟန်လင်း ရွှေမြို့သမိုင်း စာအုပ်မှာ ရေးထားတာ ဖတ်မှတ်ခဲ့ရ တာပဲ။ တစ်ဖန် “ထိုသည်ကုန်း၌၊ ရွက်နန်မြသင်၊ သရက်ပင်သည်၊ ညွန့်ရှင် ကိုးကိုင်း၊ ဆိုင်းရရိုင်း နှင့် တစ်ကိုင်းကိုးခက်၊ မိုးရှင်တက်၍၊ တစ်ခက် ကိုးခိုင်၊ ဝေမြိုင်မြိုင်လျက်၊ တစ်ခိုင်ကိုးလုံး၊ မြ အထုံးသို့၊ တစ်လုံးကိုးဖြာ၊ အရသာတည်၊ စား ဖွယ်ရှိ၏”လို့ အဘွား ပြောပြဖူးတဲ့ ကိုင်း ၉ ကိုင်း နှင့် ၉ မျိုး အရသာ ထွက်တဲ့ ထူးခြားတဲ့ သရက်ပင် ကြီးရွာထိပ်မှာ တကယ် ရှိခဲ့ဖူးကြောင်း စာနဲ့ပေနဲ့ ရေးထားတာကို ဖတ်ခဲ့ရပါတယ်။ ဒါကြောင့် ဟန်လင်း ကိုးမြို့ဟောင်းကျေးရွာလို့လည်း ခေါ်တွင်ခဲ့ပါတယ်။ လေ့လာချင်စရာ များတဲ့ စာရေးသူ ဇာတိမြေတွင် နောက်ထပ်စိတ်ဝင်စား စရာတွေ ကျန်ရှိပေမဲ့လည်း ဒီနေ့အဖို့ အိမ်အပြန် မှောင်ရီ ပျိုးလာလို့ နားခဲ့ရပါတယ်။
အဒေါ် ချက်ကျွေးသော မြူရွက်ချည်ရည် ဟင်းနှင့် ငရုတ်သီးမှည့်ဆီ စိမ်ထောင်းနှင့် ကြွက် ကြော်ကို အားရပါးရ စားကောင်းခဲ့လို့လား မသိ အိပ်မက်လှပြီး အိပ်ရေး ၀ခဲ့ပါတယ်။ ဒါပေမဲ့ “အဇ္ဇောသုဝေေ၀ယနေ့သော် လည်းကောင်း၊ မနက်ဖြန်သော် လည်းကောင်း မြင်မြင်သမျှသင်္ခါရ တွေ ချည်းပါပဲ”ဆိုတဲ့ သံဝေဂတရားကို မျက်မြင် တွေ့ခဲ့ရတဲ့ အဖြစ်ကြောင့်ပေါ့။ ညနေပိုင်းထမင်း စားသောက်ပြီး အချိုတည်းဖို့အတွက် အဒေါ် အိမ်နှင့် ကပ်လျက် ဆွေမျိုး နီးစပ်တော်တဲ့ ဦးလေး ထူးက “လာကြဟေ့ မထွေးတို့ မုန့်စားလာကြဦး တဲ့” အမေက မိုးချုပ်လို့ မနက်မှာ လာမယ်ဆိုတာ ကို “မနက်ကျရင် ဘုရားပွဲနှင့် ဧည့်သည်တွေ ရှုပ်နေရင် မတွေ့ရဘဲ နေမှာစိုးလို့”ဟုခေါ်ပြီး သူ့ အိမ်မှာ မုန့်တွေကျွေး၊ စကားတွေ အများကြီး ပြော ခဲ့ကြပါတယ်။
“ဟော ည ၁၁၊ ၁၂ နာရီ လောက် ကျတော့ အဒေါ်နှင့်အမေကို “အဖေဆုံးပြီ” ဆိုပြီး လာနှိုးသံကို ရင်တုန်စွာနှင့် ကြားခဲ့ရတယ်။ တရားအစစ်ကို အဝေးမှာ သွားရှာစရာ မလိုဘူး ဆိုတာ လက်တွေ့သိခဲ့ရတယ်။ “၀မ်း သွားတယ် ဆိုပြီး အင်္ကျီတုံးလုံးနှင့် အပြင်ဘက်မှာ အကြာကြီး နေပြီး အအေးပတ်ပြီးဆုံးတာ”လို့ သိရပါတယ်။ သေမင်းက အချိန်မရွေးဘဲ ဆိုတာကို တရား အသိနဲ့ သံဝေဂ ရရှိပါတယ်။ ကိုယ့်ကိုယ်ကိုတောင် ဒီ ထက်ပိုပြီး ကောင်းအောင်နေဖို့ သတိဝင်လာတယ်။ မနက်မိုးလင်းမှာလည်း ဘုရားပွဲသွားတဲ့သူ ကပျော်၊ နာရေးအိမ် သွားတဲ့လူကငို ရွာတောင်ပိုင်း မှာ အလှူရှိလို့အလှူသွားမယ့် သူက အလှပြင်နှင့် ဒါတွေကို မြင်တွေ့ရတော့ ဘာလဲ ဘ၀ဆိုတာ ဒါလား ဒါလား သံသရာ၊ လောကဓံ တရားဆိုတာရော “အို သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်ဖို့ ဘုရား အရိပ်မှာပဲ အရင်သွားလိုက်ပါ့မယ်လေ”
ရွာကုန်းတောရှိ ဘုရားသို့ လှည်းများနဲ့ စီတန်းသွားကြတယ်။ တန်ခိုး ကြီးဘုရားစေတီမို့တစ်မျိုး၊ အကျွေးအမွေးအလှူအတန်း အဝေအငှပေါများ တဲ့ ဘုရားပွဲပေမို့ နီးစပ်ရာရွာများမှ အကုန်လာရောက်ကြတယ်။ အမေက လာသမျှ လူအားလုံးကို ကြာဆံဟင်းနဲ့ ဧည့်ခံကျွေးမွေးပါတယ်။ အကျွေး အမွေးပြီးတော့ လူများကို ဆပ်ပြာခဲ၊ မုန့်၊ ချိုချဉ်၊ လျက်ဆား အစရှိတာတွေကို လိုက်ဝေကြတယ်။ စာရေးသူကတော့ ဝေရမှာကြောက်လို့ ညီမတစ်ယောက် ကိုဝေခိုင်းလိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ နောက်ကနေ ထမီဆွဲပြီးတောင်း သူနဲ့ အိမ်မှာကျန်ခဲ့တဲ့ သားသမီးမြေးမြစ် အတွက်ပါ တောင်းတာကြောင့်ဖြစ်ပါ တယ်။ ဒါတော့တယ် မကောင်းလှပါပေ၊ စည်းကမ်းစိတ်ရှိလျှင် ကောင်းပေစွ။ ခဏနေတော့ သံဃာအပါး ၈၀ လောက်ကြွလာတာမို့ လှူတန်းကြပြီးတရား နာကြပါတယ်။
ဘုရားပွဲပြီးတဲ့ အခါ အဒေါ်ယောက်ျား ဦးလေးစိုးက နောက်ထပ်တူးဖော် တွေ့ရှိထားတဲ့ နန်းမြို့ဟောင်း တစ်ခုကို ကုန်းတော တော်တော်ဝေးဝေးမှ လိုက်ပို့လို့ အံ့သြစွာ ကြည့်ရှု ခဲ့ရတယ်။ အုတ်မြို့ရိုး အကြွင်းအကျန်များကို လည်း တွေ့ခဲ့ရတယ်။ အပြန်မှာ ဆားအများဆုံး ထွက်တဲ့ ကိုးအိမ်ထောင် ရပ်ကွက်။ တောင်ပိုရပ် ကွက်များမှာ ဆားလုပ်ကိုင်ခြင်းကို သွားရောက် လေ့လာကြပါတယ်။ သဘာဝမြေကငန် နေပြီး ခြေများကို စုပြုံ ထားပြီးရင် မြေကန်ပြုလုပ်ပါ တယ်။ နွံ့မြေများနဲ့ အပြင်ဘက်မှနေပြီး လုံအောင် ပတ်တီးကိုင်ပိတ်။ ပြီးရင် အဲဒီငန်တဲ့မြေကန် ထဲကို သောက်ရေအိုး ၃ အိုးစာ ရေလောင်းထည့် တယ်။ ၀ါးလုံးကို ထက်ခြမ်းခွဲ အလယ်က၀ါး ဆစ်ကို ဖယ်ထုတ်ပြီး ၀ါးလုံးဖြစ်အောင် ပြန်ကပ် ပြီးရင်မြေငန်ကန် အလယ်ထဲလောက်သို့ ထိုး ထည့်ပြီး အငန်ရည်များကျစေတယ်။
ကျလာတဲ့ ဆားငန်ရည်ကို အိုးတစ်လုံးနဲ့ ခံထားပြီးရရှိလာတဲ့ အရည်ကို သံဒယ်များနဲ့ ကျိုချက်ခြင်းဖြင့် ဆားကို ရရှိစေပါတယ်။ ဟန်လင်းရွာမှ ထွက်သော ဆား ဟာ ငါးသိပ်ရာတမှာ အလွန်ကောင်း လှတယ်။ ရွာမြောက်ဘက် တနှောင်းကုန်း ရပ်ကွက်မှာ ရှိ တဲ့ ဆပ်ပြာကြမ်းကျင်းများသို့လည်း သွား ကြည့် ခဲ့သေးတယ်။ မြေပြင်ပေါ် ဖြူလွလွ အမှုန့် များကို အပေါ်ယံသဲ့ကျုံးလိုက်ရင် ဆပ်ပြာ ကြမ်းများ ရရှိပါတယ်။ နယ်ခံများကတော့ ပြာသိုလဆပ် ပြာကြမ်းက မီးကွင်းတယ်လို့ အယူရှိ သောကြောင့် သီးသန့်အိမ်မှာဆောင်ထားကြတယ်။ အဲဒီ ဆပ်ပြာကြမ်းကို ရေပူချိုးပြီးကြေး တိုက်လိုက် ရရင်ဖြင့် ဘယ်အသားဖြူကရင်မှ မလို့ ဆိုတယ်။ ဒါမှန်လောက်ပါတယ်။ ဟန်လင်းသူ၊ ဟန်လင်း သားများ အသားဖြူကြတယ်။ စာရေး သူကို တော့“မြို့မှာနေပြီး အသား မည်းလှချည့်လားအေ” လို့ အပြောခံခဲ့ရပါတယ်။
နေ့လယ်ပိုင်းတည်းခိုအိမ်ပြန်ရောက်တော့ နာရေးအိမ်ကပ်နေလို့ မျက်နှာ ထားပြုပြင်နေရပါတယ်။ ဦးလေးက ထမင်းမစားမီ ထန်းဦးရည်စစ်စစ်လေး နှင့် ကြွက်ကြော်ကို ၀သလောက်သောက်၊ ကြိုက်သလောက်စားစနစ်နဲ့ ချပေးထားပါတယ်။ မနက်ဖြန် လပြည့်ကျော် ၁ ရက် ပြန်တော့မှာမို့ “မထွေး ရေ ဒါလေးဆိုပြီး ကိုယ်နိုင်သလောက် မြေပဲလေး၊ ငရုတ်သီးလေး လက်ဆောင် လာပေးကြတယ်။ အညာဒေသရဲ့ လပြည့်ညဟာ အေးချမ်း တိတ်ဆိတ်တယ်။ နှလုံးသားကို ဆွဲငင် ထားတတ်တယ်။ ကောက်ရိုးပုံပေါ် ထိုင်ပြီး လမင်းကြီး ကို မော့ကြည့်ရတဲ့ အရသာကို ဘယ်မြို့ကြီးပြကြီးဟိုတယ်ကြီးများမှ အရသာ တူအောင် မပေးနိုင်တာကို ခံစားဖူးမှ သိမယ်။ ရေပူချိုးပြီးမှ အိပ်စက်ခြင်း ဖြင့် အညောင်းအညာ အကိုက်အခဲ အားလုံး ယူပစ်သလို ပျောက်သွားခြင်းဖြင့် အိပ်မက်လှ အိပ်ရေးဝပါတယ်ဆိုတာလည်း ခံစားဖူးမှ သိမှာပါ။
ကြိုဆိုတော့လည်း အသံတွေ ဆူညံနေသလို နှုတ်ဆက်ခွဲခွာကြပြန်တော့ လည်း ဒီအသံတွေ ဆူညံနေပါတယ်။ မမေ့နိုင်စရာအညာရဲ့အလှထဲမှာ ဒါလည်းပါမှာပါ။ အလာတုန်းကလည်း အမျိုးတွေအတွက် လက်ဆောင်ကား အပြည့်နဲ့ ဟော အပြန်ကျပြန်တော့လည်း လက်ဆောင်တွေ ပိုတောင်ကားပြည့် လာသေးတယ်။ စိုင်းစိုင်းသီချင်းနှင့်ပြောရရင် “မိုက်လားxxx မိုက်လားxxx မိုက်လားxxx မိုက်လားxxx မိုက်တယ်xxx မိုက်တယ်xxxမိုက်တယ်xxx။
အပြန်မှာ ရွှေဘိုက ဦးလေး၊ အဒေါ်တို့ဆီကိုလည်း အလည်ဝင်ခဲ့ကြ တယ်။ တစ်လမ်းလုံး အမေကတော့ ခရီးသွားဂိုက်ပီသပါတယ်။ ရွှေဘိုမြို့ပေါ် မှာလည်း ၁၀ နှစ်ကျော်လောက်နေခဲ့ရဖူးတာကြောင့် မိတ်ဆွေများကို လိုက် လံနှုတ်ဆက်ပါတယ်။
ရှေးအကျဆုံး မြို့ဟောင်းတစ်ခုဖြစ်ခဲ့ဖူးတဲ့ ဟန်လင်းပျူမြို့ဟောင်း ကျေးရွာမှာ မွေးဖွားသန့်စင်ခဲ့တဲ့ စာရေးသူဟာ တတိယမြန်မာနိုင်ငံတော်ကြီး ကို မျိုးချစ်စိတ်ဓာတ်အပြည့်နှင့် တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရား ကြီး ဦးအောင်ဇေယျရဲ့ ငါးမည်ရပြည်ရွှေဘိုမှာ လူသားတစ်ဦးအဖြစ် ဘ၀ အစပြုရောက်ရှိလာကာ ရတနာပုံခေတ် မင်းတုန်းမင်းတရားကြီး နန်းတည်ခဲ့တဲ့ ထီးမွေ၊ နန်းမွေဆက်ခံရာ မန္တလေးရွှေမြို့တော်မှာ ဘ၀ကိုအခြေချ လှုပ်ရှား ရုန်းကန်ရင်း နေထိုင်ရတာကြောင့် စာရေးသူရဲ့ဘ၀ဟာ သမိုင်းတွေ နဲ့အတူ ဂုဏ်ယူစွာရှင်သန်နေပါတယ်။
တကယ်လို့များပေါ့လေ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို အသက်နှင့် လဲပြီး အရယူပေးခဲ့တဲ့ ကျေးဇူးရှင်ဖခင်ကြီး၊ လူသားတိုင်းမမေ့သင့်တဲ့ပုဂိ္ဂုလ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိမြေ နတ်မောက်မြို့မှာ ခဏတာပဲဖြစ်ဖြစ်နေ ထိုင်ခွင့်ရခဲ့ဦးမယ်ဆိုရင်“သေပျော်ပါပြီ” လို့ ပြောရမှာမို့ ပိုလွန်းတယ်လို့ ဆိုကြလေမလား။
အတိတ်ရဲ့သမိုင်းအကြောင်းတရားတွေကို ပစ္စုပ္ပန်မှာ တန်ဖိုးထား၊ လေးစားပြီး ထိန်းသိမ်း စောင့်ရှောက်ခဲ့မယ်ဆိုရင် အနာဂတ်မှာ သမိုင်းလှ တဲ့ အကျိုးရှိတဲ့ လူသားတစ်ဦးဖြစ်ခွင့်ရမှာမို့ ရှေး သမိုင်းရှိရာမြေမှာ မိတ်ဆွေရဲ့ သမိုင်းတစ်ခုကို ဖန်တီးဖို့ခြေချကြည့်ပါဦးလားလို့။
စမ်းစမ်းစိမ့်၊မန္တလာမြေ၊
|