|
Written by အောင်ကျော်စိုး၊ရွက်လွင့်၊
|
|
Tuesday, 29 May 2012 16:14 |
၁။ ပူပြင်း ခြောက်သွေ့သည့် ရာသီဥတု အောက်မှာ ကမ်းရိုးတန်း မြို့ကလေးကတော့ဖြင့် ပျဝပ်လျက် ရှိနေသည်။
argaiv1259
ဒီနှစ် မုတ်သုံအ၀င် နောက်ကျသည်။ မိုးရိပ်၊ မိုးရောင်တို့သည်ကား ဖျဖျမျှပင် မမြင်ရသေးပေ။ မေလ ပထမပတ် ရောက်ခဲ့ပေမဲ့ အာကာ တစ်ခိုမှာတော့ တိမ်လာပျိုတို့ ကင်းစင်လျက်ပင်။ သင်္ကြန်နှင့် ပိတောက်ကို ယှဉ်တွဲတွေ့လေ့ ရှိပေမဲ့ ဒီနှစ်တော့ဖြင့် ရွှေဝါရောင် ပိတောက်ပွင့်တို့ ငြိမ်ချက် သားကောင်း လှသည်။
ပိတောက်ပင်ပျိုတို့မှာ တော့ အချိန် တန်ပါသော်လည်း အရွယ် မရောက်နိုင်သေးရှာသည့် အပျိုလေး ပမာ။ နွမ်းနွမ်းလျလျ ဖူးငုံ လျက်။ ချစ်သူကို သစ္စာရှိရှိ စောင့်မျှော်နေရှာသည့် အပျို ဖြန်းလေးနှယ် မျှော်တလင့် လင့် ရှိနေရှာတော့သည်။ ကိုရွှေမိုးကတော့ဖြင့် အရောင်မျှ မဆင်။ သင်္ကြန် မိုးလေးမျှ မကျ။ နေစိမ့်နိုင်သူကြီးရေ ဖြစ်လို့ နေသည်။ သင်္ကြန်နှင့် ပိတောက်တော့ဖြင့် ဝေးကြပြီပေါ့။
၂။ မေလ၏ တတိယပတ်မှာ ကလူကျီစယ် ပြုလာသည့် မိုးဖွဲလေးနှင့် အတူ ဒီနှစ်၏ မိုး ရာသီကို အသိအမှတ် ပြုစေခဲ့သည်။ မျှော်လင့် စောင့်စားနေ ရှာသည့် မရွှေပိတောက်တို့ သည်လည်း မိုးစက်၏ နမ်း ရှိုက်မှုအောက်မှာ ရင်ခုန်လှိုက် မောစွာဖြင့် ဖူးရာမှ ပွင့်လာ ကြတော့သည်။
အခါလွန် ပိတောက်တို့ အငြိုးကြီးစွာ ပွင့်ကြသည်။ မြင်မြင်သမျှ ၀ါထိန် လျက်ရှိသည်။ မိုးစက်နှင့် အတူပါလာသည့် လေအဝှေ့မှာတော့ အညှာ လွယ်ရှာသည့် မရွှေ ပိတောက်တို့က မြေမှာလွင့်လျက် ရှိသည်။ လမ်းတစ်လျှောက်မှာတော့ ပန်းပိတောက်တို့ဖြင့် ဝေသီလျက် ရှိသည်။
၃။ အခုတော့ဖြင့် သစ်စိမ်း ချိုး ချိုးရက်သည့်မိုး။ ချစ်သူ၏ ရက်စက်ခြင်း ခံရသူ တစ်ယောက်ပမာ မြို့လေးခမျာ အလျှံညီးညီး တောက်လောင် နေလေရဲ့။ မိုး အဆက်ဖြတ် ခံခဲ့ရသည့် မြို့လေး၏ လမ်းမတွေ ပေါ်မှာတော့ တံလျှပ်တို့ တရိပ်ရိပ် ပြေးလျက်ရှိသည်။ အရှေ့ မိုးကုတ်စက်ဝိုင်းဆီမှ ထွက်ပြူလာသည့် နေ မင်းကြီးကတော့ဖြင့် နဂါးတစ်ကောင်၏ အာခံတွင်းပမာ ရဲရဲနီလျက် ရှိသည်။
ပူပြင်းနေ၏ဒဏ်ကို အလူးလူး၊ အလိမ့်လိမ့်ခံရရှာ သည့်လမ်းမများမှာ ပူလောင် ပြင်းရှလှသည်။ သို့သော်... မကြာမီမှာပဲ ကမ်းရိုး တန်း ရာသီဥတု၏ဒဏ်ကို ဆိုးရွားစွာ ခံစားရတော့သည်။ အဆင် မရှိပါဘဲ ခဏ ချင်းတက်လာသည့် တိမ် သားထုတို့သည် မိုးရေအဖြစ် လမ်းမထက်သို့ ကြဲချတော့သည်။ အချိန်မဟုတ်၊ တိမ်အုပ်က မိုးရွာ။ ခဏသာ ဖြစ်သည်။ ကျန်ရစ်သူ လမ်းမခမျာမှာတော့ ပန်းပဲမီးဖိုရေဖျန်း လိုက်သည့်နှယ် အပူငွေ့တို့မှာ တလူလူ ဟပ်လျက် ရှိသည်။
အခံရခက်လိုက်သည့် ဖြစ်ခြင်း။ ဒါသည်ပင် ဒီမြို့ကလေး၏ အထာ။ မြို့နေလူ တန်းစားတွေအဖို့ ရိုးနေပြီ ဖြစ်သည်။ မိုးရွာရွာ၊ နေပူပူ အလုပ်အကိုင်မပျက်။ အသွား အလာမပျက်။
ဒီမြို့။ ဒီရာသီဥတု။ ဒီလူ။ အထာကျပြီးသား။ ဒါကို ရှောင်နေလျှင် ထမင်းစားရဖို့ မမြင်။ ခေတ်စကားနှင့်ဆိုလျှင် မံမံတူတူ ပုန်းသွားနိုင်သည်။ အချို့ကတော့ ဒီလို ရာသီဥတုကို ဆရာဝန်ကြိုက်ဟု ပြောကြသည်။ သွေးသားနှင့် တည်ဆောက်ထားသည့် လူတွေမှာ ဖြစ်လိုက်ကြသည့် တုပ်ကွေး။
၎။ အမှန်တော့ ဒီနေ့အဖို့ ကျော်မြင့်ဆိုက္ကားသိမ်းချင်နေပြီ ဖြစ်သည်။ ရာသီဥတုကလည်း နေပူလိုက်။ မိုးရွာလိုက်။ ဆိုးရွားလှသည်။ ခြေလက်တွေ ကိုက်ခဲ ကာ၊ လူက မလှုပ်ချင်တော့။ ကတ္တရာ လမ်းပေါ်မှ အပူငွေ့သည် ခြေဖျားမှ မျက်နှာသို့ ဟပ်လျက် ရှိသည်။ ခါတိုင်း နဖူးမှ ချွေးခြေမအောက် လမ်းမပေါ်တိုင် အောင် ကျသော်လည်း ဒီက နေ့တော့ဖြင့် လုံးဝ မထွက်။ ကိုယ့်ခြေ၊ ကိုယ့်လက် ကိုပင် မသယ်ချင်တော့။ နားချင်နေပြီ ဖြစ်သည်။ နားချင်သော်လည်း နားလို့ မဖြစ်သေး။
ကိုယ့်ကိုယ်ကို အားတင်းထားရသည်။ ဒီကနေ့ ငွေများများရမှ ဖြစ်မည်။ ညှိုးရော်နေရှာသည့် သားလေးမျက်နှာကို မြင်ရသည်မှာ သူ့အတွက် မချိလှပေ။ တစ်နေကုန် ဆိုက္ကား နင်းရသည်ထက် ပင်ပန်းလှ သည်။
ကိုယ့်အတွက်တော့ ဘာအရေးလဲ။ ဘီအီးလေး တစ်ရာဖိုးလောက်ဆို တော်ရုံအကိုက် အခဲလောက်ဖြင့် အသာလေး ပျောက်သွားသည်။ အခုဟာကား။ တစ်ဦးတည်းသော သားလေး။ လွန်ခဲ့သည့်ရက်တွေ ကတည်းက သားလေးက မှိုင်တွေတွေရယ်။ အာဂန္တုဟုပဲ ထင်ခဲ့မိ သည်။ မအေဖြစ်သူက ပြောလို့ မေးစမ်းပြီး ကွမ်းယာဆိုင်က ဆေးဝယ် တိုက်သော်လည်း မသက်သာ။ အစာလည်း မစား။
ကျောင်းမတက်နိုင်သည်မှာ နှစ်ရက်ရှိပြီ ဖြစ်သည်။ သားလေးသည်သာလျှင် သူတို့ လင်မယား၏ အနာဂတ် ဖြစ်သည်။ သူ့ အနာဂတ်တို့သည် သားလေး၏ အပေါ်မှာ ပုံထားသည်။ သူ့မှာ ပညာ မတတ်၍ ဆင်းရဲပေမဲ့ သားလေးကိုဖြင့် ရည်ရွယ်ချက် ကြီးမားစွာဖြင့် ပညာတတ်ကြီး ဖြစ်စေချင်သည်။
ဒါသည်ပင် သူ့ဆန္ဒ။ ဘ၀ကို ဆန္ဒနှင့် ထပ်တူ ကျအောင်လည်း သူ ကြိုး စားသည်။ အခုတော့ ဒီသားလေး က အပြင်းဖျားနေသည်။ ဆေးခန်း မပြ၍ မဖြစ်တော့။ ဆေးခန်း ပြလျှင်လည်း ပိုက်ဆံက ပါမှ။ ဒီကနေ့မှ ရာသီဥတုက လည်း ဆိုးရွားလွန်းလှသည်။ “ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာ” ဆိုသလို ဆင်းရဲသည့် ဘ၀များ ရာသီဥတုကပင် ကိုယ့်ဘက်မပါချင်။
လူအသွားအလာက ကျဲသေး။ ဘာပဲဖြစ်ဖြစ် ဒီကနေ့ တော့ဖြင့် ဆေးခန်းကို သွား ဖြစ်အောင် သွားရမည်။
၅။ ဒီမြို့ကလေးမှာတော့ နာမည်ကြီး ဆေးခန်းတစ်ခု ဖြစ်သည်။ ဆေးရုံကြီးမှ ဆရာဝန်ကြီးများ ကိုယ်တိုင် စမ်းသပ် သည်။ ဆေးရုံနှင့် ချိတ်ဆက်ထားသည် ဆိုလား။ သူတို့သားအမိ၊ သားဖ ရောက်သွားချိန်မှာတော့ လူတွေမှာ ကြိတ်ကြိတ်တိုးလို့။ ခေတ်ဟောင်းက သမ ၀ါယမမှာ ဆန်ဝေစဉ်ကပင် ဒီလောက်လူများမည်မထင်။ မစည်ကားသင့်သည့်အရပ်မှာ စည်ကားနေလေရဲ့။
မျက်နှာပေါ်မှာတော့ အပူရုပ် ကိုယ်စီရယ်။ တိုကင်ယူပြီး အလှည့် စောင့်ရသည်ပင် အချိန်မနည်း။ ဘာမျှပင် မလုပ်ရသေး။ လူနာစာအုပ် အတွက် ပေးရသည်ကပင် ၃၅၀၀။ ဒီ လူအင်အားနှင့် ဆိုလျှင် စာအုပ် ဖိုးပင် သောက်သောက်လဲ။ သူတို့ ပညာများ တန်ဖိုးကြီး လှသည်။ တစ်မြို့လုံးရှိ ဆိုက္ကား သမားတွေ နဖူးကချွေး ခြေမ ကျသည့်တိုင် နင်း၍ ရသည့် ငွေလောက်ကိုဖြင့် သူတို့အဖို့ နာရီပိုင်းမျှသာ။ ချွေးတစ် ပေါက်မျှ ကျစရာမလို။
ကျော်မြင့်၏ စိတ်ထဲတွင် ဆရာဝန် တစ်ယောက်၏ ၀င်ငွေကို ပေသီးတွက် တွက်နေသည်။ အားကျသည်။ အထင်ကြီးသည်။ သူ့မှာ သားလေးရှိသေး၍ စိတ်ကူးယဉ်နေမိသည်။ ဟုတ်သည်။ သားကို ဆရာဝန်တစ် ယောက်ဖြစ်အောင် သူကြိုးစားရမည်။ သားဆရာဝန်ဖြစ်ပါမှ သူခံစားရသမျှ ဝေဒနာ တို့ကို စမ်းသပ်ခိုင်းမည်။ သားက သူ့ကို ဆေးတွေ ကျွေးမည်။ သူက မစားချင်ဘူးပြောလျှင် သားက ချော့ကျွေးမည်။ ပတ်ဝန်းကျင်မှာ လည်း ဆရာဝန်ကြီး၏ အဖေ ဆိုပြီး မျက်နှာပွင့်မည်။ ဟုတ်သည်။
“လောကမှာ မဖြစ်နိုင် တာမရှိ၊ မဖြစ်သေးတာပဲရှိ တယ်” ဟု ဆိုသည်မို့လား။ ဆိုက္ကားသမားရဲ့သား လည်း ဆရာဝန်ဖြစ်နိုင်တာပဲ ဟု စိတ်ကူးရင်း ကျေနပ်လျက် ရှိသည်။ စိတ်ကူးဝင်္ကပါပတ်နေ သော ကျော်မြင့်တစ်ယောက် နပ်စ်မလေး၏ခေါ်သံကိုပင် မကြားလိုက်ပေ။ “မိုးထက်စံ”
ဒုတိယအကြိမ် ခေါ်သံကိုပင် မကြားမိဘဲ အမေဖြစ်သူ လက်ကုတ်ကာ မေးငေါ့ ပြ၍သာ အတွေးစိတ်ကူးတို့ ပြတ်တောက်သွားတော့သည်။ သားလေးကို ကပျာကယာ ပွေ့လျက် စမ်းသပ်ခန်းတွင်း သို့ ၀င်လိုက်သည်။
စိတ်ကူးတို့သည်ကား အရှိန်မပြယ်သေး။ စမ်းသပ် နေသည့်ဆရာဝန်၏မျက်နှာကို ပင် သားမျက်နှာဖြင့် စိတ် ကူးကြည့်လျက် ရှိသည်။ ဆေးနှစ်လုံး ထိုးပေး၍ စားဆေးများပေးလိုက်သည်။ သူကတော့ ဆေးဖိုးနှင့် စမ်းသပ်ခဆို၍ ၁၁၅၀၀ ရှင်းလိုက်ရသည်။ ခြစ်ခြစ်ခြုတ်ခြုတ် ငွေလေးတော့ ခ၀ါချ သွားပြီ ဖြစ်သည်။ နောက်ဆုံး ကျန်နေသည့် ငါးရာတန် တစ်ရွက်ကိုတော့ သားအတွက် စွပ်ပြုတ် ၀ယ်ခဲ့လိုက်သည်။
ထိုနေ့ညစာအတွက် တော့ မနက်ကကျန်သည့် ထမင်းကြမ်းကို လင်မယား နှစ်ယောက် မျှစား၍ ကျေနပ် လိုက်ရလေသည်။ အိပ်ရာထဲမှ နိုးတစ်ဝက် အိပ်မက်တွေမှာတော့ ဆရာဝန် အိပ်မက်တွေနဲ့ပေါ့။
၆။ “တောက်” တောက်တစ်ချက်ကို ပြင်းထန်စွာ ခေါက်မိလိုက်သည်။ မီးဖိုချောင်ထဲမှ အမေ ဖြစ်သူကတော့ အထင်မှားစွာ သူ့ကို မျက်စောင်းထိုးလျက် ရှိသည်။ ထင်မည်ဆိုလည်း ထင်လောက်သည်။ အမေဖြစ် သည့်သူ့မှာတောင် အေးအေး ဆေးဆေး။ ကိုယ်မှာဖြင့် နေ မထိ၊ ထိုင်မသာနှင့်။
အိမ်ပြန်နောက်ကျနေ သည့်သားကို ဒေါသ ထွက်မိသလား။ သူ့ကို ခြေတုတပ် ဒုက္ခိတဘ၀ ရောက်အောင် ပို့ခဲ့သည့် ကားသမားကိုပင် ဒေါပွ မိလေသလား မဝေခွဲ တတ်တော့။ သားကလည်း သည်ကနေ့ ကျကာမှ နောက် ကျလှသည်။ လာလမ်းကို မျှော်မှန်းရသည်မှာလည်း မောလှပေါ့။ ဒီအချိန်ဆို သူ ဆေးသောက်နေကျ။ ဒါကို သား အသိပင်။ အခုချိန်ထိ ပြန်မလာပုံထောက်တော့ တစ်ခုခုများ ဖြစ်နေမလား။
စိတ်မောရပါလား နော်။ သူသာ ဒုက္ခိတဘ၀ မရောက်ခဲ့လျှင် သည်လိုပူပင် ရမည်မဟုတ်။ အခုတော့.. ဦးကျော်မြင့်၏စိတ်တို့ ဂနာမငြိမ်ဖြစ်လို့ နေလေ သည်။ သားဖြစ်သူမှာ ဘယ် သောအခါမျှ နောက်မကျ စဖူး။ သူ့မှာသာ သားလေး အပေါ် တာဝန်မကျေခဲ့သော် လည်း သားကတော့ဖြင့် သူ့ အပေါ် တာဝန်မပျက်ခဲ့ပေ။ သား ပြန်လာလျှင် သူ့ အတွက် ဆေးက ပါစမြဲ။
သူ့မှာလည်း ဆေးသက်သာလျှင် ရှိတော့သည်။ လူက ဒုက္ခိတ။ သွားသွားလာလာ၊ လှုပ်လှုပ်ရှားရှား မရှိတော့ သွေးလှည့်ပတ်မှုက မမှန်ချင်။ ဒီဆေးနှင့် အသက်ဆက်နေရ သည့်ဘ၀။ အဖေအပေါ် တာဝန် ကျေရှာသည့်သားလေး။
ဟော လာပြီ။ သား လာပြီ။ ဦးကျော်မြင့်တစ် ယောက် အခုမှပင် ပြုံးနိုင်ရှာ တော့သည်။ မျက်နှာမှာတော့ ဝေဒနာကို မျိုသိပ်ထားရ သည့်ဟန်က ပေါ်နေသည်။ သား ကမ်းလာသည့် ကြွပ်ကြွပ်အိတ်ကို တုန်ယင် နေသော လက်တို့ဖြင့် ယူ လိုက်သည်။ “အဖေ လည်ပင်းရှည် နေပြီလား”
“စိတ်ပူတာပေါ့ သား ရယ်” ဟု အမေဖြစ်သူ၏ မျက်စောင်းကို မသိဟန် ဆောင်ကာ ပြောလိုက်သည်။ “ဆေးခန်းမှာ အဖေရာ လူနာတစ်ယောက် အဲဒါ လက်စနဲ့မို့ စောင့်ပေးနေတာ။ သို့မို့ကြောင့် နောက်ကျသွား တာ”
ဆေးခန်းဟူသော အသံ ကြားလိုက်၍ သူ့မှာ ၀မ်းနည်းမိပြန်သည်။ စိတ်ထဲမှာ လည်း ငါသာ ဒုက္ခိတဘ၀ မရောက်ခဲ့ရင်- ၀င်လာသည့် အတွေးစ ကို သက်မောရှည်ရှည်တစ် ချက်ဖြင့် မောင်းထုတ်ပြီး သားပါလာသည့် ကြွပ်ကြွပ် အိတ်ထဲမှ ဖြူလွလွ အရည်ကြည်ကို ပါးစပ်အပြည့် ငုံ လိုက်တော့သည်။ ပြီးမှ- လည်ချောင်းတွင်းသို့ ဖြည်းဖြည်းမျှောချလိုက်သည်။ လည်ချောင်းတစ်လျှောက်မှ စီးမျောသွားသော ပြင်းရှ သည့်အပူတို့သည် ခန္ဓာကိုယ် အနှံ့သို့တိုင် ပျံ့နှံ့သွားတော့ လေသည်။
“ဟင်း။ အခုမှ နေသာ၊ ထိုင်သာ ရှိသွားတော့တယ်” သားလေးကတော့ဖြင့် သူ့အပေါ်မှာ တာဝန်ကျေရှာ သည်။ သူ့မှာသာ... သူလည်း တစ်ချိန်ကတော့ ရွှေရောင် အနာဂတ်တွေ နှင့် လှပလို့ နေခဲ့သည်။ တော် ရုံအဖျား၊ အနာလောက်ကိုဖြင့် ဆေးမထိုး၊ ဆေးမစားခဲ့။ သားလေးဆရာဝန်ဖြစ်မှဟူ သော အတွေးစိတ်ကူးတွေ ဖြင့် ဘ၀ကို နှစ်ဆရုန်းခဲ့ သည်။ အခုတော့-
သက်မောရှည် တစ်ချက်ကို လေးပင့်စွာချရင်း “ဘာပဲဖြစ်ဖြစ်လေ အဖေ့ အတွက်ကတော့ သားက ဘုရားပေးတဲ့ ဆရာဝန်ပါပဲ” ဟု အုံနာ အပ်ရန် ဆိုက္ကားနင်း၍ ထွက်သွားသော သားဖြစ် သူ မိုးထက်စံ၏ေ ကျာပြင်ကို ရီဝေသော မျက်ဝန်းအစုံဖြင့် ငေးကာ ပြောလိုက်မိလေ သည်။
အောင်ကျော်စိုး၊ရွက်လွင့်၊ (ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|