(June-2012)တောမင်းသမီး PDF Print E-mail
Written by ခင်ခင်ထူး   
Friday, 01 June 2012 14:46
Share |

(ယခင်လမှ အဆက်...)
ဒိုးသံက ကြိုင်ကြိုင်ကြီး ဆူနေလေပြီ။ နတ်ကတော်က ရေနံရည်ဝ နန်းတိုင် မည်းမည်းကို လှည့်ကာ လှည့်ကာ ကနေ၏။ ဒေါင်းစိမ်းရောင် တောင်ရှည် ပုဆိုးပေါ်က မြီးရှည်ချ ဒေါင်းရုပ်က ဖူးဖူးကြွကြွ တောက်ပ လွန်းလှသည်။

argaiv1293

ဒေါင်းတလိပ်စိမ်း လက်ရှည် အင်္ကျီမှာ အတွင်း ရင်ခံကလည်း ဖဲသား အစိမ်းရောင်ပင်။ နတ်ကတော်၏ မျက်နှာက မျက်နှာချေတွေ ပိန်းနေသဖြင့် လူနှင့်မတူဘဲ ဆေးသုတ်ထားသော အရုပ် တစ်ရုပ်နှင့် တူနေသည်။ ကြံဆစ် လက်ကောက်တွေက လက်တစ်ဖက် ဆယ်ကွင်းလောက်စီ ၀တ်ထားသည့် အပြင် ရွှေဆွဲကြိုးကြီးမှာ ဒေါင်းဒင်္ဂါးပြားကြီး တစ်ပြား ချိတ်ထားသဖြင့် ကုပ်ပင် ညွတ်ကျ နေသလား ထင်ရပါ၏။

နတ်ကတော်က နန်းတိုင်ကို နှစ်ပတ်လောက် လှည့်ကပြီးတော့ ဒိုးဆိုင်းရှေ့မှာယိမ်းရုံသာ ယိမ်းတော့သည်။
“ကိုးခန်း ကိုးနန်း ကိုးစခန်းကိုဖောက်... ကျောက်ခက် စိန်သွား ၀တိံဖျား...ကြားလောက်တဲ့ ဒိုးလားဟေ့”

“စိန်ဒိုး...စိန်ဒိုး၊ စိန်ဒိုး...မြဒိုး...မြဒိုး၊ မြဒိုး”

“အဖေ့ဒိုးလား...အမေ့ဒိုးလား”

“အဖေ့ဒိုးဗျို့ အဖေ့ဒိုး...ပခန်းဒိုး...ပခန်းဒိုး”

“ဘယ်သူ့ကို အမှူးထားပြီး ပျော်တဲ့ပွဲလဲဟေ့”

“အဖေ့ပွဲ...အဖေ့ပွဲ”

“ငါ့ကိုအမှူးထား သုံးဆယ့်ခုနစ်ပါး ချော့တဲ့ပွဲလားဟေ့”

“ချော့တဲ့ပွဲ...ချော့တဲ့ပွဲ”

“ပျော်ကြသလားဟေ့”

“ပျော်တဲ့ပွဲဗျို့ ပျော်တဲ့ပွဲ...ပခန်းဒိုးနဲ့ပျော်တဲ့ပွဲ”

နတ်ကတော်က တစ်ကိုယ်လုံး ယိမ်းလှုပ်နေတာမျိုး မဟုတ်ဘဲ ခါးအထက်ပိုင်းသာတနွဲ့နွဲ့ရှိလေသည်။ ကာခြယ် ဆိုး နတ်ကတော်မျက်လုံးတွေက စူးစူးတောက်ပနေသည်။ အရက်တစ်ကျိုက်၊ ကြက်ကြော်တစ်ကိုက်။
“နန်းရင်းဒိုးဆရာက ဘယ်သူတုံးကွဲ့”

“ထတောသား(ထန်းတောသား) မောင်ကြီးပါ ကိုယ်တော်”

“ပျော့လှချည်လားကွယ့်”

“ဒိုးကြေးနည်းသာကော အဖေကြီးရဲ့”

“နန်းရင်းဒိုး တစ်လုံး...ဗုံငယ်လေးလုံး...။ လင်းကွင်း တစ်ရှဲနှဲ တစ်နှဲနဲ့ ...စည်းဝါး ဖျောင်းဖျောင်း မောင်းကောင်း ကောင်း...မဆူလားဟေ့ ဆူလားဟေ့”

“ဆူပါပေဗျို့...ဆူပေဗျို့”

“တီးစမ်းကွယ် ခပ်ကြမ်းကြမ်းကလေး။ ရော့ဟေ့ အသပြာ”

ပိုက်ဆံတွေက အထွေးလိုက်။ နန်းတိုင်မှာ ကြိုးနှင့်ဆိုင်း ဆွဲထားသော နန်းဒိုးက ရှည်မျောမျော သေးသွယ်သွယ် ဆိုပေသိ မြိုင်လှဘိခြင်း။ ဆိုင်းတော်ကြီး၊ ၀ိုင်းတော်ကြီး သံစုံ တီးသော်မှ ပခန်းနန်းကြီး ဒိုးသံကိုမမီနိုင်။ ဆိုင်းကကြမ်းကြမ်း တီးလေ နတ်ကတော်က ကြမ်းကြမ်းကလေ။ သည်ကနေ့ တပေါင်းလဆန်း ၁၃-ရက်။ နန်းဒိုးကို လဆန်း ၅-ရက်နေ့က စဆွဲရသည်။ နန်းထဲက နန်းဒိုးသံ မပေးမချင်း သည်နယ် တစ်ဝိုက် ဗုံတိုပင် မခေါက်ရသည့် ထုံးစံရှိသည်။ ဓာတ်စက်သံပင် မထွက်ရ။ နန်းရင်းက နန်းဒိုးသံ ကြားပြီးကာမှ ဖွင့်ကြပေ ရော့၊ တီးကြ ခေါက်ကြပေရော့။ ဖေကြီးကျော်က သူ့ထက်ကြောတာ မကြိုက်ဘူး ဆိုသကော။ နန်းဒိုးကို ထတော၊ ကူနီသားတို့ ကိုယ်တိုင် တီးကြရသည်။

စားတော်စာထရည်ခါး (ထန်းရည်ခါး)နှင့် ကြက်ကြော်၊ ငါးကြော်၊ ပုစွန်ကြော်တွေက ဖီးဖီးနင့် နင့်ရှိလှပါ၏။ နတ်ကတော်က ဒေါင်းပုဆိုး၊ ဒေါင်းအင်္ကျီနှင့် လိုက်ဖက်အောင် ဒေါင်းတောင် တမြှောက်မြှောက်။ ခြုံပ၀ါ ရှံစကလည်း အစိမ်းပင်။ တစ်ခါမှာတော့ ခြုံပ၀ါကို ဖြုတ်ပြီး ဒိုးဆရာကိုပစ် ပေးလိုက်သည်။ သောက်လက်စ စီးကရက်ကို ဒိုးဆရာ၏ နှုတ်ခမ်းဖျားမှာ ချိတ်ပေးသည်။ ဒိုးဆရာကလည်းသွေးကြွ သွားသလို ဒိုးကြီးမွှေမွှေ လေ၏။ ဒိုးအဆူငြိမ်တော့ နတ်ကတော်က ပခုံးလှုပ်ရုံ နွဲ့နွဲ့ကလေးသာ ယိမ်းပြန်လေ၏။

“ကောက်ကလိမ် ကောက်ကလစ်...ချင်းတွင်းချင်း တွင်းမြစ်ကယ်နှင့်လေး... ချင်းတွင်းမြစ်နှင့်မြောင်း တူးရွာ သာပေရဲ့လေး”

“မနိုင်တဲ့မနိုင်...ကိုကြီးကျော် ငယ်ကချစ် ကွမ်းအစ် တော်ကိုင်...ကွမ်းအစ်တော်ကိုင် မနိုင်လို့ ကျကွဲ...ကိုကြီး ကျော်ငယ်ကချစ် ဆိုဖြစ်နိုင်ပဲ”

နတ်ကတော်က သီချင်းဆိုရင်း တစ်လက်မလောက် ထူသည့် ဆေးဆွဲ မျက်ခုံးကြီးတွေကို နှိမ့်ချည် မြှင့်ချည် လုပ်ပြတော့ နတ်ပွဲ ပရိတ်သတ်တို့ သဘောကျကြသည်။ ဒိုးက ၀ါးလတ် နှင့် စိမ်နေရာက အသွက်ကို ကူးပြန်လေ၏။

နန်းတိုင်နှင့်ဒိုးဆရာကြားမှာ ၀ါခေါင်မိုးငုတ်တုတ်ကလေး ထိုင်နေသည်။ ချော့နန်းထဲကို ၀ါခေါင်မိုး နောက်တစ်ခေါက် ရောက်လာခြင်း ဖြစ်၏။ ဂျီးတိုးနှင့် ပွဲတော်ကွင်းထဲ လျှောက် သွားရတာ ခြေတိုပြီ။ ပြီးတော့ ဂျီးတိုးက တစ်နေရာမှာ ကြာကြာနေတာ မဟုတ်။ ချော့နန်းမှာကနေကြသည့် နတ်ကတော် တွေကိုသာ ထိုင်ကြည့် နေချင်တော့သည်။ ဂျီးတိုးက ချင်းတွင်း ဆိပ်ကိုလည်းရောက်သည်။ လှည်းဆိပ်ကိုလည်း ရောက် သည်။ ဆယ့်နှစ်ပွဲ ဈေးဆိုင်တန်းတွေထဲလည်း တိုးသည်။ အသိနှင့် တွေ့တော့ နှုတ်ဆက်နေတာ အကြာကြီး။ ၀ါခေါင်မိုး အမေ့ဆီ ပြန်ချင်ပြီ။ ဂျီးတိုးကို ပြန်ကြစို့ ဆိုတော့ နေပါဦးအေ ဆိုတာနှင့် ခြေညောင်းလှပြီ။ ဗိုက်ဆာတော့ တောသည်တွေဆီက မုန့်ခေါင်းအုံး ၀ယ်စားကြသည်။ ကရေကရာ ၀ယ်စားကြသည်။ ရေဆာတော့ ရေအိုးစင်တွေမှာ သောက်နိုင်သည်။ သည်ပုံနှင့် နတ်ချော့ပွဲနှင့် လွဲရတော့မည်။ ၀ါခေါင်မိုးက ဂျီးတိုးကို ခွာဖို့သာ တွေးသည်။ ခွာတာ ဟုတ်ပါရဲ့။ အမေက ဘယ်မှာလဲ။ အမေ့ဆီကိုဘယ်လို ပြန်မှာလဲ။ အမေနှင့် လွဲတော့ ဘယ်လို လုပ်မလဲ။ လွဲချင်သာလွဲတော့ နတ်ကတော်တွေ အသုတ်လိုက် ချော့ကြတာတွေကို လက်လွတ် မခံနိုင်ပြီ။ ရွာတွေက နတ်ပွဲလာသမျှလူတွေအားလုံး ကိုယ့်ရွာနှင့် ကိုယ့် အစု ဇရပ်တစ် ဆောင်ဆောင်၊ တည်းဆောင် တစ်ဆောင်ဆောင် မှာရှိရမည်။ နတ်ကတော်တွေ ကတာ ကြည့်လို့ ၀ပြီဆိုလျှင် အမေ ရှိလောက်သည့် တည်းဆောင်ကိုပြန်မည်။

သည်လိုတွေးမိတော့ ၀ါခေါင်မိုးမှာ ကြောက်စိတ်တွေ မရှိတော့။ အရေးကြီးတာက ဂျီးတိုးကို မျက်ခြည် ဖြတ်ဖို့ပင်။ သည်လိုနှင့် ချော့နန်းနှင့် မဝေးလှသော တစ်နေရာမှာ ဂျီးတိုးကို မျက်ခြည် ဖြတ်နိုင်ခဲ့သည်။ ဒါကလည်း လွယ်လွန်းလှပါ၏။ နတ်ပွဲ ကွင်းမှာ လူတွေ ကြိတ်ကြိတ်ကြီး စည်ကား နေလေတော့ အသာကလေး နောက်ချန်ကာ ချော့နန်းကို ပြေးခဲ့ခြင်း ဖြစ်၏။ ချော့နန်း သစ်သား ဆောင်ကြီးထဲမှာ လူတွေ မနည်းလှပါ။ ၀ါခေါင်မိုးက ကလေးပီပီ ဟိုတိုးသည်တိုးနှင့် ဒိုးဆိုင်း အဖွဲ့နား ရောက်လာခဲ့ရာက နောက်ဆုံးတော့ နန်းတိုင် တစ်တိုင်ကို မှီပြီး အားရပါးရ ထိုင်ကြည့်ရုံသာ ရှိတော့သည်။ နတ်ကတော် တွေက အရွယ် အမျိုးမျိုး၊ အ၀တ်အစား အဆင်အယင် အမျိုး မျိုး။ သီချင်းတွေ ဆိုလိုက်ကြ ကလိုက်ကြ။ နတ်ကတော်တွေ တဖြုတ်ဖြုတ် ဆူလှယ်နှင့် ကကြပေသိ ဒိုးဆိုင်းက မနားရပြီ။

ဝါခေါင်မိုးကတော့ အမေတို့ မျှော်မှာကိုလည်း မသိ။ ရှာမှာကိုလည်း သတိမရ။ နတ်ကတော်တွေ တစ်ဖွဲ့စီ တစ်လှည့်စီ ကကြ လေတိုင်း ပျော်တာပဲသိသည်။ နတ်ဒိုးသံမြိုင်မြိုင်နှင့်အတူ သူပါ ထကလိုက်ချင်သား။ ညနေကြီး စောင်းချိန်အထိ မထစတမ်း ကြည့်နေရာကကြာတော့ မျက်လုံးတွေ အောင့်လာခဲ့သည်။ နားတွေထူပူလာခဲ့သည်။ ခေါင်းတွေ ပါမူးသလိုလို နောက်လာ ရာက အိပ်ငိုက် သွားခဲ့သည်။

“ကြွေအံဖဲရိုက် ဂုံညင်းဝိုက်...ကြက်တိုက်ပွဲနှင့် ပျော် လည်းပျော်ရာ ဒီချိန်ခါမှာ...ရလွယ်စေမူ တောင်းဆု ကျိုးပြု ရမှုမလွဲ...ကိုကြီးကျော်ပျော်တဲ့ပွဲ နွှဲကြပါလေ... ဆိုင်ရာအမျိုး နှစ်စဉ်ကိုးပါတဲ့ မျိုးကြီးဆွေတို့”
နတ်ကတော်၏ စူးမျှင်မျှင် အသံတွေကို ကြားရပြီးသည့် နောက် နန်းတိုင်ကို မှီရင်း ၀ါခေါင်မိုး အိပ်ပျော် သွားခဲ့သည်။ ဒိုးသံက ဝေးကာ...ဝေးကာ...ဝေးကာ။

ဝါခေါင်မိုးလန့်နိုးတော့ ဦးပဉ္စင်း တစ်ပါးက သူ့လက်ကို ဆွဲထားနှင့်ပြီ။ နတ်ချော့ပွဲက ခဏနားတာပဲလား၊ ပြီးသွားတာပဲလား။ ၀ါခေါင်မိုးနိုးတော့ ဆိုင်းဆရာတွေ ဆေးလိပ်သောက် နေကြပြီ။ သည်တော့မှ ၀ါခေါင်မိုး လည်း အမေ့ကိုသတိရ တော့သည်။

“ကလေးမ...ထ...ထ...ဘယ်မှာတုံး အဖော်တွေက”
ဦးပဉ္စင်းက မိန့်နေပေသိ ၀ါခေါင်မိုးဘာကို ဖြေရမှန်းမသိ တော့ မျက်လုံးကြီး လှန်ကာကြည့်နေရုံသာ။ ဦးပဉ္စင်းက လက်တစ်ဖက်က ကြိမ်လုံး ကိုင်ထားသော်လည်း မျက်နှာက ချိုသည်။ လူကြီး မပါဘဲ အိပ်ပျော်နေလို့ မေးနေတာမှန်းတော့ ၀ါခေါင်မိုး သိပါ၏။

“ကလေးမ...ဘယ်ရွာကတုံး”

“ထနောင်းပင်လှက”

“ဘယ်သူ့သမီးတုံး”

“မဗိုင်းတောင့်သမီး”

“ဘာနဲ့ လာကြသာတုံး”

“လှည်းနဲ့”

“ဘယ်မှာ တည်းကြသာတုံး”

“ဇရပ်မှာ”

“မှတ်မိလား”

“မှတ်မိဘူး”

“ကိုင်း ထ ထနောင်းပင်လှက လူတွေ ရှာကြရအောင်”

ဆိုင်းဆရာတွေက ၀ါခေါင်မိုး ဖြေသမျှ ရယ်ကြတော့ ရှက်မိသား။ ရှက်ရာက မျက်ရည်တွေ တွေတွေကျ လာခဲ့သည်။သူပြုမိသည့် ပြစ်မှုက မသေးလှကြောင်း သတိရမိတော့ ကျူကျူပါအောင် ငိုတော့သည်။ ဦးပဉ္စင်းက သူ့လက်ကလေး တစ်ဖက်ကို ဆွဲရင်း တည်းဆောင်တွေဘက် လျှောက်လာခဲ့ကြသည်။ တည်းဆောင်တွေ၊ ကွန်းဇရပ်တွေမှာ ရွာစုံက လူတွေ အပြည့် ရှိနေကြသည်။ အိပ်သူက အိပ် ကြလို့၊ စကား ပြောသူက ပြော ကြလို့။ အနားမှာ ထရေမြူအိုး ကလေးတွေ စီထားရင်း ၀ယ်သူကို မျှော်နေကြသည့် ဈေးသည်တွေ၊ ငှက်ပျောပွဲ အုန်းပွဲ သည်တွေ စီကာစဉ်ကာ ရှိနေ ကြသည်။ ဦးပဉ္စင်းက “ထနောင်းပင်လှ...ထနောင်းပင် လှ” လို့အော်ရင်း တစ် ဆောင်ပြီး တစ်ဆောင် လိုက်ရှာသည်။ လူတစ်ဦးချင်းကို ရှာဖို့ မလွယ်တော့ ရွာအုပ်စုကို မေးမြန်း စုံစမ်းခြင်းဖြစ် ၏။

“ထနောင်းပင်လှက ဟာတွေ သည်ဘက် ရှိကြဘူး ဘုရာ့။ သည်ဘက်မှာက အရှေ့ရွာတွေဘက်က များ သယ်။ တပည့်တော် ထင်သာတော့ ကြက်တိုက်နန်းနားက အဆောင်တွေမှာ ရှိလောက်သယ်။ မနက်က ထနောင်းပင်သား တစ်ယောက်နဲ့ နွားအကြောင်းပြော ကြတော့ သူတို့ရွာက အဲသည် နားတည်းကြ သယ်ပြော သာပဲ ဘုရာ့”

ဦးပဉ္စင်းက ၀ါခေါင်မိုးကို လက်မလွှတ်ဘဲ ကြက်တိုက် နန်းဘက်ကို ခေါ်လာခဲ့သည်။ ကိုကြီးကျော် နတ်ပွဲမှာ ခိုက်ရန်ဖြစ်ပွားမှု ပါးရှားသော်လည်း ပွဲတော် ရက်တွေအတွင်း အနီးအပါး ရွာတွေက ဦးပဉ္စင်းပျိုများက ၀ိုင်းဝန်း စောင့်ရှောက်တော် မူကြတာ အစဉ်အလာလို ဖြစ်နေလေပြီ။ အခုလည်း ဦး ပဉ္စင်းတစ်ပါးက နန်းတိုင် ကို မှီပြီး တစ်ယောက်တည်း အိပ် ပျော်နေသည့် ၀ါခေါင်မိုးကို သတိ ထားမိရာက ဆိုင်ရာ နေရာအရောက် ရှာဖွေ အပ်နှံပေးရန် ခေါ်လာခဲ့ခြင်းဖြစ်၏။ ကြက်တိုက်နန်းဘေးက သစ်သားဆောင်ကြီးထဲမှာ ညအိပ်ညဥ့်နေ တည်းခို နေကြသူတွေ ရှိနေကြသည်။ မနီးမဝေးမှာ ချက်ပြုတ် နေကြသူတွေလည်း ရှိနေသည်။ ယောက်ျားသား တချို့က မြေပြင် ကွက်လပ်မှာ ခြင်းခတ်ကြလို့။
“ထနောင်းပင်လှရွာက လူတွေရှိကြသလား။ ကလေး တစ်ယောက်ချော့နန်းထဲ အိပ်ပျော်နေလို့ ခေါ်လာ ခဲ့သယ်။ မအေက မဗိုင်းတောင့်တဲ့”

မိန်းမအုပ် တစ်အုပ်က ကြက်တွေကို အဖီလိုက်ကြော် နေကြသည်။ ဦးပဉ္စင်းလက်ထဲက ကလေးကို လှမ်းကြည့် တော့ ၀ါခေါင်မိုး...။
“ဟောတော် ၀ါခေါင်မိုး။ ဂလေဂလွင့်မရဲ့။  ညည်းအမေတော့ ရင်ကွဲနာ ကျတော့မယ်။ ညည်းအေ ကလေး မတန်မဲ့ မပျောက်ကောင်း မရှကောင်းထားခဲ့ ဘုရာ့။ သူ့အမေနဲ့ ရွာက တချို့ တစ်ကွင်းလုံး လိုက်ရှာနေကြသယ်။ မအေ့ခမျာ ထမင်းတောင် မျိုမကျရှာဘူး”

အမေ ရှာနေတာ သိရတော့ဝါခေါင်မိုး တစ်ချီ ငိုပြန်လေ၏။ စောစောက နတ်ကတော်တွေ ကကြတာ ကိုငေးခဲ့ရသည့် အရသာတွေပင်မရှိတော့။ အိပ်မက်ထဲမှာ နတ်ကတော် အ၀တ်အစားနှင့် စည်းချက်ညီညီ ယိမ်းကာတိမ်းကာ ကခဲ့ရတာတွေ ပင်ကွယ်ပျောက်ရပြီ။ ၀ါခေါင်မိုးကို ရွာက မိန်းမတွေကပဲ လက်ခံခဲ့ကြကာ ရေမိုး ချိုးပေးကြသည်။ သနပ်ခါးလိမ်းပေးကြ သည်။ ထမင်း ကျွေးနှင့်ကြသည်။ ၀ါခေါင်မိုးရှာပုံတော်ဖွင့်ကြ သူတွေပြန်ရောက်လာတော့ ၀ါခေါင်မိုးကပြေးကြိုသည်။

“အမေ ကျုပ်ကို မရိုက်ပါနဲ့နော်။ နတ်ကတော်တွေ ကကြသာကို ကြည့်ချင်လို့ ကျုပ်သွားသာပါတော်”

မဗိုင်းတောင့်က ၀ါခေါင်မိုးကို ကျုံးဖက်သည်။ ငိုသည်။ အမေငိုတော့ သမီးလည်း ငိုလေသည်။ မဗိုင်းတောင့်က သမီးကို ဖက်ရင်းက တတွတ်တွတ် ရေရွတ်သည်။ နန်းဘက်လှည့်ကာ လက်အုပ်ချီသည်။
“အဖေကြီး ကျေးဇူးတော်ကြီးပါ့။ ရိုသေပါသယ်။ ကိုင်းရှိုင်းပါသယ်”

နတ်ပွဲပြန်ခရီးမှာတော့ မဗိုင်းတောင့်က နတ်ပွဲကွင်း အတွင်း အရူးမကြီးတစ်ယောက်လို ကလေး ပျောက်ရှာရပုံတွေ ပြောပြသည်။ ရွာကလူတွေလည်းမနေသာ။ နတ်ပွဲထဲ နန်းထိ နန်းရောက် ရောက်တာတောင် ကိုကြီးကျော်ကို ကောင်းကောင်း မပသ နိုင်ရှာကြဘဲ ၀ါခေါင်မိုးရှာပုံတော်ဖွင့်ကြရတာနှင့်ပင် တစ်နေကုန်ကြ ရတာကို ပြောပြသည်။ တိုးစိန်ကတော့ သူ့ကို မလိမ့်တပတ် လုပ်သွားရကောင်းလားရယ်လို့ ၀ါခေါင်မိုးကို စိတ်ကောက် နေခဲ့သေးသည်။ သည်ကြား ပြဿနာကိုလည်း မဗိုင်းတောင့်က နှစ်ဖက် တည့်ပေးရပါ၏။

“ညည်းနှယ်အေ။ ငါ့သမီးကလေးကို မခုပါနဲ့။ ကလေး ဆိုတော့ စိုက်မိစိုက်ရာ ရှိရှာမှာပေါ့။ တို့ငယ်ငယ်ကလည်း အမေတို့က မသွားစေချင်တဲ့နေရာ ရောက်လိုက်ရမှ ကျေနပ် ခဲ့သာအေ့။ ချော့နန်းမှာ တစ်နေကုန် ထိုင်ကြည့်ချင်သာ ညည်းကိုခွင့်တောင်းနေရင် မဖြစ်မှာစိုးတော့ လုပ်မိလုပ်ရာ လုပ်သာနေမှာပါ”

“အရီးသမီးက သည်အရွယ်နဲ့ အသည်း ကြီးလွန်းပါသယ် တော်။ အခုဟာ ပြန်တွေ့လို့သာကိုး။ မတွေ့ရင် အရီးကျုပ်ကို ခွင့်လွှတ်ပါ့မလား။ အခုက ကျုပ်ကိုလူလည်လုပ်သာ။ အရီး သာကျပ်ကျပ်အလိုလိုက်။ နောင်ထိန်း ရခက်မှာကိုလည်းပူဦး”

ပြောသာ ပြောရတာပါလေ။ မဗိုင်းတောင့်ကိုယ်တိုင်က ရှာရပြီ ဆိုကတည်းက သမီးကိုတွေ့မှ ရိုက်လိုက် နှက်လိုက် ရဦးမယ်လို့ တေးထားပြီးသား။ တကယ်တမ်း ပြန်တွေ့တော့လည်း ကိုကြီးကျော်မလို့ သမီးကလေးကို ပြန်တွေ့ခဲ့ ရပါပကောရယ်လို့ ၀မ်းသာမှုကပဲ တစ်နေ့လယ်လုံး ပူပန် ခဲ့ရသည့် သောကကို ချေဖျက်နိုင်ခဲ့သည်။ မျက်စိရှေ့ ပြန်ရောက်လာသည့် သမီးကို မဆူရက်၊ မပြောရက်။ ရိုက်ဖို့ များတော့ ဝေးရော့။ တိုးစိန် ပြောသလို နောင်ထိန်းဖို့များ ခက်ရရော့လား။ သည်တော့လည်း ရောက်ရားပေါ့။   

“အင်း အဲသည်ကျတော့လည်း မြင်းတစ်ကောင်နဲ့လိုက် ထိန်းရုံပေါ့အေ”

“ကောင်းပါလေ့တော်။ ခုကတည်းက မြင်းတစ်ကောင် သာလှလှကြီး ၀ယ်ထားရော့ အရီးရေ့”

ကိုသာညိုကတော့ တိုးစိန်ဘက်က လိုက်သည်။
“မဟုတ်သာဗိုင်းတောင့်ရာ။ ဆုံးမစရာရှိ ဆုံးမမှ ကလေးက နောင်ကြဉ်တော့မပေါ့ နင့်နှယ်”

သည်လို ဆိုပြန်တော့ မဗိုင်းတောင့် မပြောသာ။ တိုးစိန်ရော ကိုသာညိုပါ မေတ္တာနှင့်ပြော ကြတာမှန်းလည်း သိပါ၏။ သမီးကို ချစ်တော့လည်း အမှန်တရားကို လက်မခံသာသလို ရှိရတော့သည်။ အထီးကျန် တစ်ကိုယ်ရေတစ်ကာယ နေခဲ့ရ သော သူမ ဘ၀မှာ သည်သမီးကလေးကပဲ ကျယ်ပြန့်သော စားကျက်ကွင်းလို စိမ်းစိမ်းလန်းလန်း ရှိခဲ့ရသည်။ ဆိုရစေတော့ ငါးဆယ်ကျော်ပြီ ဆိုသော သူမ၏အသက် သည်ပင် တစ်ဖန်နု မျစ်သွားသလို ခံစားခဲ့ရသည်။ ၀ါခေါင်မိုးလူလားမမြောက် မချင်း သူမ အသက်နှင့် ခန္ဓာ နေမြဲနေလိမ့်မည် ဆိုတာကိုလည်း ယုံကြည် ထားခဲ့ပါ၏။ အဖေအမေတို့အဖို့ရာ သမီးကောင်း စိတ်မွေးခဲ့သလို လင်သားကိုသံမှိုနှင့် အကြောင်းပါတော့လည်း ဇနီးမယား စိတ်ရှိခဲ့သည်ပင်။ အခုတော့လည်း ကိုယ်တိုင် မမွေးခဲ့ရ ပေသိ မိခင်စိတ် ရှိနေခဲ့ပြန်ပြီ။ ၀ါခေါင်မိုးကို အပြစ်တွေ တင်နေခဲ့သော တိုးစိန်က လှည်းပေါ်မှာ ကွေးကွေး ကလေး အိပ်နေသည့် ၀ါခေါင်မိုးကို ပွေ့ပိုက်ထားတာကို ကြည့်ရင်း သူမ ဘ၀ထဲ ရောက်လာကြသည့် သူစိမ်းနှစ် ယောက်ကို နားမလည်နိုင်အောင် ရှိခဲ့ရသည်။

“ကိုသာညိုရယ်။ သည်သမီးနဲ့ ပတ်သက်ရင် ကျုပ်မလဲ နကန်မစူးတဲ့ နထုံလိုဖြစ်နေပြီ ထင်ပါရဲ့။ ကြွက်ခွန်တောင်း တော့လင်းနို့ လင်းနို့ခွန်ကောက်တော့ ကြွက်ဖြစ်ရသာမျိုးပဲ။ တိုးစိန်ရယ် ညည်းပြောသာ မှန်ပါရဲ့။ နို့ပေသိ ငါမရိုက်ရက်လို့ ပါအေ”

သည်တော့လည်း တိုးစိန်က တစ်ပြန် တောင်းပန်ရှာပါ၏။
“ကျုပ်ကရိုက်ဖို့ မပြောပါဘူး အရီးရယ်။ မသကာ ပျောက်သွားရင် အရီး ရင်ကျိုးမှာသိလို့ ပြောသာပါ”

သည်အဖြစ်မျိုး တစ်ခါကြုံရပြန်ပါ၏။ နတ်ပွဲကပြန်ပြီး နှစ်လလောက်အကြာ ကဆုန်လထဲမှာဖြစ်၏။ ထနောင်းပင်လှ    ရွာကို မကြာခဏရောက်လာတတ်ကြသော“ကယ်ပါ” ခေါ်ကြ သည့်တောင်းရမ်းစား သောက်ကြသူတွေနောက် တကောက် ကောက်လိုက်ရင်း မိုးကြီး ချုပ်သွားခဲ့သည့် နေ့ကို မဗိုင်းတောင့် မမေ့နိုင်ခဲ့။ ထိုနေ့က တိုးစိန်မရှိ။ ရွာထဲ ရောက်နေသခိုက် ဖြစ်၏။ အကြော်တဲမှာ မဗိုင်းတောင့်နှင့် ၀ါခေါင်မိုးပဲကျန် ရစ်ခဲ့ကြသည်။ တိုးစိန်မလာနိုင်တော့သမီးကို အခေါ် လွှတ်ရသည်။ အကြော်တွေ ကုန်သည်အထိတိုးစိန် လည်းမလာ၊ ၀ါခေါင်မိုးလည်းမလာ ဆိုတော့ မဗိုင်းတောင့် ဝေခွဲမရဖြစ်ရပြီ။ မနေသာတော့ ညောင်ပင် ရိပ်မှာနား နေကြသည့် နွားကျောင်းသားတွေကို ဆိုင်အပ်ခဲ့ကာ အိမ်ကို လိုက်သည်။ ရွာအ၀င်မှာပဲ တိုးစိန်နှင့်တိုးသည်။

“ညည်းမလာနိုင်လို့ ၀ါခေါင်မိုးအခေါ်လွှတ်သာ။ ၀န်က တော်လည်းမပေါ်လာ မင်းကတော်လည်း မပေါ် လာ။ ဘာတွေ လုပ်နေကြသာတုံး။ ဘယ်မှာတုံးဝါခေါင်မိုးက”

“မသိဘူးလေအရီးရဲ့။ ကျုပ်ကခုမှ ရွာထဲက ထွက်လာ သာ။ ဂျီးလှ ခေါ်သယ်ဆိုလို့ ရွာထဲရောက် နေသာလေ။ အိမ်ဘက် တောင်ဘူးသီး ၀င်ယူရင်း ရောက်ခဲ့သေး။ တွေ့ခဲ့ပေါင်တော်”

နှစ်ယောက်သား ရှာကြတော့မှ သတင်းစ စကြားရသည်။ ရွာစွန်အုတ် ဇရပ်ထဲမှာ တွေ့ သူက တွေ့ခဲ့သတဲ့။ ရွာစွန်အုတ် ဇရပ်က ရှေးဇရပ်ဖြစ်၍ လူသူအသုံးနည်းသည့် ဇရပ်ဟောင်း ဖြစ်သည်။ သတင်းကြားနှင့်လိုက်ကြတော့ ၀ါခေါင်မိုးက အုတ်ဇရပ်ပေါ်မှာ ရှိနေသည်။ တစ်ယောက်တည်းမဟုတ်။ တစ်ရွာ့ တစ်ရွာ ကူးကာလူးကာ တောင်းရမ်း စားသောက်ကြသည့် ကယ်ပါ မိန်းမနှစ်ယောက် နှင့် အတူ ရှိနေခြင်း ဖြစ်သည်။ ကလေးပျောက် ရှာကြသူတွေ လာကြတယ် ဆိုတော့ သူတို့အပေါ် အမှုပတ်မှာ စိုးကြပုံပေါ်ပါ၏။ တစ်ယောက်က ရှင်းပြသည်။

“ကျုပ်တို့ ခေါ်လာသာ မှုတ်ပါဘူး အစ်မတို့ရယ်။ ကျုပ်တို့က သီချင်းဆိုရင်း တစ်အိမ်စီ တောင်းရမ်း ကြသာမှာ သည်ကလေးက ကျုပ်တို့ နောက်တကောက်ကောက် လိုက်နေလို့ ကလေးမပြန်လေ ဆိုတော့ လည်းမပြန်ဘူး။ စိတ်လည်း မရှိပါနဲ့တော်၊ ကျုပ်တို့က စိတ်မနှံ့တဲ့ ကလေး အောက်မေ့သာ။ ကျုပ်တို့ အုတ်ဇရပ် ကို ရောက်တော့လည်း နောက်က ပါလာသာပဲ။ ကျုပ်တို့ဆီက စည်းနဲ့ဗျောက်တောင်းနေလို့ မလုပ်ပါနဲ့အေ။ တို့မှာ ဒါနဲ့ လုပ်စားရသာပါ ပြောရသယ်”

မဗိုင်းတောင့်က ၀ါခေါင်မိုးကို ဖြားယောင်းပြီး အုတ်ဇရပ် ရောက်အောင် ခေါ်ရပါ့မလား လို့ရန်တွေ့ ရန်လာခြင်း မဟုတ်ဘဲ ၀ါခေါင်မိုးကို အိမ်ပြန်ဖို့ရာ လာခေါ်ခြင်း သက်သက်သာ ဖြစ်သည်။ သည်မိန်းမနှစ် ယောက်ပြောတာကို ယုံတာ ပါသလို သီချင်း ဂီတနှင့် ပတ်သက်လျှင် သည်လိုတစ်စူး ထိုးရှိတတ်သော သမီး ဖြစ်သူ အကြောင်း သိတာလည်းပါ သည်။ တစ်ရွာတစ်ကျေးက ရွာစဉ်ကိုးပေါက် လှည့်လည် တောင်းရမ်းစား သောက်ရ သူများခမျာ ရွာခံကလေး တစ်ယောက်ကို လှည့်ဖျားခေါ် ငင်ဖို့ မဖြစ်နိုင်မှန်း သိထား လို့ ဘာမှ ထွေထွေထူးထူး ပြောမနေတော့ဘဲ သမီးကိုသာ အုတ်ဇရပ်ပေါ်က ဆင်းခဲ့ ဖို့တွင်တွင် ခေါ်ရတော့သည်။ ၀ါခေါင်မိုးက တစ်စုံတစ်ရာ ထားခဲ့ရမှာစိုးသလိုပေကပ် ကပ်လုပ်နေလို့ တစ်ခုခုတော့ အကြောင်းရှိရမည် လို့တော့ တွက်မိသား။

“လာပါ သမီးရယ်။ သူတို့တောင် ချက်ပြုတ် နေကြ ပြီပဲဟာ။ သီချင်းဆိုသာ နားထောင်ချင်ရင် ညနေမှ လိုက်ကြည့် လိုက်နားထောင်။ အမေတောင် ဆိုင်ကို နွား ကျောင်းတဲ့ ကလေးတွေနဲ့ ထားခဲ့ရသာ။ ဆင်းခဲ့ ဆင်း ခဲ့။ တိုးစိန် တက်ခေါ်စမ်း”

ဝါခေါင်မိုးက တိုးစိန် တက်ဆွဲလို့ မလိုက်ချင်လိုက်ချင် ဇောင့်အင့်အင့် ထလာသော်လည်း မျက်နှာ မကောင်းလှ။ သမီးကလေး ဘာကိုများ လို ချင်တာပါလိမ့်။ ကယ်ပါ မိန်းမ တစ်ယောက်က ထမင်းအိုး မွှေရင်းက ပြောသည်။

“ကလေးမက ကျုပ်တို့ ဆီက စည်းနဲ့ဗျောက်ကိုဇွတ် တောင်းနေသာ အစ်မရဲ့။ ကျွန်မတို့မှာ အပိုရယ်လို့ ဘယ်ရှိပါ့မတုံး။ ရှိသာလည်းပေး မဖြစ်ဘူး။ ဒါနဲ့ သီချင်းဆို တောင်းရသာ”

မဗိုင်းတောင့်က လက်မနှင့် လက်ခလယ်မှာ စွပ်ပြီး ခတ်တီးရသည့် စည်းနှင့်ဗျောက်ကို လိုချင်နေတာကို သဘောပေါက်လိုက်တော့ ဖြစ်နိုင်လျှင် တစ်စုံလောက် ရောင်းဖို့ တောင်းပန်သည်။ မအေက သည်လို တောင်းပန် နေတော့ ၀ါခေါင်မိုးက ကယ်ပါမိန်းမ နှစ်ယောက်ကို ငေးကြည့် နေရှာပါ၏။ မဗိုင်းတောင့်က သမီးကို ကြည့်ပြီး ဖြစ်မှ ဖြစ်ရလေ အောက်မေ့မိ သည်။ မိန်းမ နှစ်ယောက်က သူတို့ဘ၀မှာ ဒါမျိုး မကြုံဖူး သဖြင့် ဘယ့်နှယ့်ကလေး ပါလိမ့်ဆိုသည့် မျက်လုံးများနှင့် ၀ါခေါင်မိုးကို ပြန်ကြည့်ကြသည်။ မဗိုင်းတောင့်က လေပျော့ ကလေးနှင့် ချော့သည်။

“ညည်းတို့မှာ အပိုရှိရင် ရောင်းခဲ့ပါအေ။ ညည်းတို့က နေရာစုံ ရောက်ကြသူတွေပါ။ ဘယ်ဝယ် ၀ယ်ရနိုင်ပါရဲ့။ တို့ရွာ မှာက ဒါမျိုး မူးလို့တောင် သွေးလိမ်းစရာ မရှိဘူး။ ကလေးက မက်နေသာ ညည်းတို့ အမြင်ပဲ”

မိန်းမတွေကလည်း ဇွတ်ငြင်းကြသည်။ သူတို့ ဘ၀မှာ သည်စည်းသည်ဗျောက်မရှိလို့ မဖြစ်သည့် အကြောင်း၊ သည် ပစ္စည်း မရှိဘဲ သီချင်းဆိုဖို့ မဖြစ်နိုင်ကြောင်း၊ ဒါမျိုးက မြို့ကြီးတွေမှာ မှရနိုင်ကြောင်း၊ ပြီးတော့ သူတို့လို တောင်းရမ်းစား သောက်ကြသူတွေဆီက ပစ္စည်းကို မလိုချင်စေချင်ကြောင်း တောင်းပန်ကြသည်။ ၀ါခေါင်မိုးက တိုးစိန်ကို လက်ကုတ်ပြီး ၀င်ပြောပေးဖို့ တွန်းလွှတ်သည်။

“ရှိရင် ရောင်းလိုက်ပါတော်။ ကျုပ်တို့က ဘယ်သူဘယ်ဝါ အယူ မသီးပါဘူး။ ကလေးလိုချင် သာရရင်ပြီးသာပါပဲ။ ချွင်ခေါက် ချွင်ခေါက် ဆိုသာကိုလိုချင်သာပါ။ ကလေး မပြောနဲ့ ကျုပ်တောင်လိုချင်ပါ့” ကယ်ပါ မိန်းမနှစ်ယောက်က အချင်းချင်း ကြည့်နေကြသည်။ တကယ်တော့ အပိုလည်း ရှိကြပုံမရပါ။ သို့သော် ကလေးမကို သနားကြပုံ ပေါ်ပါ၏။ တစ်ယောက်က ဖာဟောင်းထဲက စည်းနှင့်ဗျောက် တစ်စုံကိုထယူသည်။ မဗိုင်းတောင့် လက်ထဲ ထည့်ပေးသည်။ စည်းနှင့်ဗျောက်က ဟောင်းလှပြီ။ လက်မ သွင်းသည့် သားရေလက် သွင်းကွင်း ကလေးတွေပင် ပြတ်လုပြတ်ခင်။ သားရေကို ရိုက်ထားသည့် သံမှိုကလေးတွေကလည်း ကျွတ်လု ကျွတ်ခင်။ ကယ်ပါ မိန်းမက သုံးကျပ်တော့ ပေးခဲ့ပါဆိုတော့ မဗိုင်းတောင့်က နှစ်ကျပ်နှင့် ဆစ်ရင်း ချွေးခံ အင်္ကျီထဲက နှစ်ကျပ်ထုတ်ပေးသည်။ ၀ါခေါင်မိုး မျက်နှာ ပြုံးလေပြီ။ လက်ထဲ ရောက်သည်နှင့် အိမ်ဘက်ကို ပြေးတော့သည်။ မဗိုင်းတောင့်က တိုးစိန်ကို အကြော်တဲဘက် လွှတ်လိုက်ပြီး ကိုယ်တိုင်က သမီး နောက်လိုက်ရ ပါ၏။ မဗိုင်းတောင့် ရွာထဲက ဖြတ်တော့ သတင်းက ရှေ့ရောက်နှင့်ပြီ။

“ဗိုင်းတောင့်ရယ် ညည်းဟာက ရွာလာတောင်းတဲ့ ကယ်ပါ့ ပစ္စည်းတောင် မနေရပါလား။ ညည်းသမီးက ဇွဲကလေးနဲ့ မို့ထားတော့။ ညည်းက မကြီးမငယ်နဲ့။ ကြား မကောင်းလိုက်သာအေ”

တစ်ယောက်ကတော့ သူမြင်ခဲ့ရသည့် မြင်ကွင်းကို ပြောပြနေသည်။
“ညည်းသမီးက ကယ်ပါမတွေ သီချင်းဆိုတဲ့ နောက်တစ်ဝိုင်းချင်းတကောက် ကောက်လိုက်နေသာ တွေ့လို့ ငါတောင် ငေါက်လွှတ်လိုက်သေးသယ်။ မရပေါင်အေ။ ကယ်ပါမတွေ ငုတ်တုတ်ထိုင် သီချင်းဆိုတော့ ညည်းသမီးကလည်း ငုတ်တုတ်။ ဟိုဟာတွေက တစ်အိမ်ကူးတော့ ညည်းသမီးကလည်း တစ်အိမ် လိုက်ကူး သတော် ကိုင်း”
တစ်ယောက်ကတော့ ၀ါခေါင်မိုးကို အုတ်ဇရပ်ပေါ်မှာ တွေ့ခဲ့သူဖြစ်၏။
“အစက ငါဖြင့်ကယ်ပါ့ သမီးထင်သာ။ သေချာကြည့်မှ ညည်းသမီး ဖြစ်နေသာပါကော ဗိုင်းတောင့်ရဲ့။ ဟိုကဘာတွေ ကျွေးသယ် မသိဘူး ညည်းသမီးကလည်း စားလိုက်သာ။ စိတ်မှ ကောင်းကြရဲ့လားအေ။ ကိုယ့်ကလေး နှုတ်ဆွံ့ လျှာဆွံ့ အာစီး လိုက်နေပါဦးမယ်။ ညည်းနှယ်”

မဗိုင်းတောင့်ကတော့ သူတကာ ပြောသမျှ တစ်လမ်းလုံး နားထောင်ခဲ့ရသည်။ ဘာမှလည်း ပြန်မပြော တတ်တော့ မျက်နှာပူပူနှင့် တင်းခံ နေရသည်။ သည်အကြောင်းက ရွာထဲမှာ ပြောစမှတ် ဖြစ်ခဲ့သည်။ ရယ်စရာ မောစရာဖြစ်ခဲ့သည်။ ပြောချင်တာတွေ ပြောကြစေတော့၊ ရယ်ချင်သူတွေရယ်ကြစေတော့။ အာစီးလိုက်ရုံမက လူပါ “သန” စေဦးတော့၊ သမီး စိတ်ချမ်း သာဖို့သာ လိုရင်းမဟုတ်လား။ အိမ်မရောက်ခင် နှစ်ဝိုင်းအလို လောက်ကတည်းက ချွင်ခေါက်သံတွေ ကြားနေရပြီ။ ဗျောက်ကပတ္တာဆက်ကလေးပါသော ပါးစပ်ဟသစ်သားခွက် နှစ်ခွက် ထပ်ကလေး ဖြစ်သည်။ ဒါကို လက်ကလေးတွေ စွပ်ပြီး “တဂျပ်ဂျပ်”ရိုက်ရုံ။ ခက်တာကစည်း။ စည်းက သံပရာခြမ်းလို ကြေးခွက်ကလေးနှစ်ခွက်ကို ကျစ်ကြိုးတိုကလေးနှင့် ဆက် ထားခြင်းဖြစ်သည်။ သည်ကြိုးတိုကလေးကို လက်ချောင်း တွေထဲအလိုက်သင့်ထားပြီး ခတ်ယူမှချွင်ခနဲ အသံမြည်သည်။ တစ်ချက်က နှစ်ချက်မြည်ဖို့ဆိုတာ လက်အခတ် ကျွမ်းကျင် ဖို့လိုသည်။

“ညည်းကို စည်းအရိုက်ပါ သင်ပေးလိုက်သာလား သမီးရယ်။ ညည်းတော့ အမေသြချပါရဲ့”

“မသင်ပါဘူး အမေရဲ့။ ကျုပ်က သူတို့ စည်းကိုင်သာ တစ်လျှောက်လုံး ကြည့်ထားသာရယ်။ လွယ်လိုက်သာမှ အမေ နားထောင်ကြည့်လေ။ ဟောသည်မှာချွင်, ဟောသည် မှာခေါက်”

ချွင်...ခေါက်။ ချွင်...ခေါက်။ ချွင်...ခေါက်။ ချွင်...ခေါက်။ ၀ါခေါင်မိုးက သံစူးကလေးနှင့်အော်တော့ သည်။
“ချွင်...ခေါက်...ဘိုးသာညို နမပျောက် ချွင်... ခေါက်...မဗိုင်းတောင့် အကြော်ဗန်းမှောက် ချွင်...ခေါက်... မတိုးစိန် လင်ခြောက်ယောက်”

မဗိုင်းတောင့်က သမီးခေါင်းကိုပွတ်သည်။ အားရပါးရ ရယ်သည်။ ကျုပ်သမီး အာမစီးလိုက်သာမှတော်။
“လာပြီဗျ...လာပြီဗျ...ဟောသည်မှာ ချောမဒီကညာ, ဗောဓီသာ ညောင်ပင်အောက်...စိန်ရတီလောက်, သိင်္ဂီ တောက်, ကိန္နရီလောက်အသွေး...စိန်တံဆိပ်ခ, တိမ်အရိပ်ပြ, သိင်္ဂနိဌ မြနန်းဘုံမှာ...လစန်းယုန်  စစ်စစ် ကလေးဗျနော်... မပြုမပြင် မြမျက်ခြယ်, အလှမပျက်ပြယ်, လူ့အသွင်နတ်ဖက် သူရယ်လို့...ဖက်မရ တုမရ, သူ့အလှထက်သာရင်... အသ ပြာငွေစင်တင်ကာ လောင်းလိုက်ချင်ပါရဲ့...”

လူအိုကြီးက ကြီးမားလှသော ဖျင်လွယ်အိတ်ကြီးကို ညောင်ပင်က စူထွက်နေသော ပါးပျဉ်းဖုမှာချိတ်ရင်း ပါးစပ်က ရေရွတ်နေခြင်း ဖြစ်၏။ မဗိုင်းတောင့်တို့ အကြော်တဲရှိရာ ညောင်သုံးပင်ရိပ်အောက်ကို လူအမျိုးမျိုး လှည်းအထွေထွေ  မနက်တိုင်း ရောက်လာနေကျ ဆိုတော့ သည်လူအိုကြီး ရောက်လာတာ ကိုထူးဆန်းသည် လို့တော့ မဆိုသာ။ သို့သော် ထူးခြားတာတော့ အမှန်ပင်။ ဖုန်အလိမ်းလိမ်း တက်နေသော အ၀တ် အစားဟောင်းက အသွေးပင် မပေါ်တော့ပြီ။ မုတ်ဆိတ်ကျင် စွယ်တွေက ဖြူလှပြီ။ ပိန်လိုက်တာကလည်း ပိုးထိုးထား သောကြံ ချောင်းခြောက်နှင့်ပင် တူတော့သည်။ လူအို တစ်ယောက်မှန်း သိသာသော်လည်း ရှိရင်း အရွယ်ထက် အိုစနာကြီး ကျနေသည့် အိုရုပ်မျိုး ဖြစ်၏။

အကြော်ဆိုင်ရှေ့ရောက်လာကတည်းက လက်တစ်ဖက်က နွားရိုက်သည့် တံပျာတစ်ချောင်းကို ကိုင် ထားပြီး လက်တစ်ဖက်က ပစ္စည်း ထည့်ထားသော ဖျင်ထုပ် တစ်ထုပ် ပါလာခဲ့သည်။ လွယ်ထားသည့် ဖျင်လွယ်အိတ်က သင်္ကန်းဟောင်းကို ချုပ်ထားခြင်းဖြစ်၍ အမြိတ် နားနှစ်ဖက် မပါသောလွယ် အိတ်ခေါင်းတုံးမျိုး ဖြစ်၏။ ပါးစပ်က စည်းကျိုးဝါးလွတ် ရေရွတ် နေတာမျိုးတော့လည်း မဟုတ်။ ရှေးကဇာတ်စာ ဟောဆရာကြီး တစ်ယောက်လို ကျကျနန ပီပီသသကြီး ရွတ်နေခြင်း ဖြစ်သည်။ လူပိန်သလောက် အသံထွက် မာလှသည်။ မဗိုင်းတောင့်က တစ်ချက်လှမ်း ကြည့်သော်လည်း လူအိုကြီးက မဗိုင်းတောင့်တို့ကို လှည့်လို့ပင် မကြည့်။ အနားမှာ လူရှိသည် လို့ပင် မထင်။   

“သည်လူကြီးက ဘယ်ကလာလိုက်သာတုံး တိုးစိန်”

“မသိလိုက်ဘူး အရီးရဲ့ အသံကြားမှ ကျုပ်လည်းမြင်သာ။ အရူးနဲ့ တူပါရဲ့အရီးရယ်”

“အရူးတော့ မဟုတ်လောက်ပါဘူးအေ”

“သိုက်ဆရာ၊ အောက်လမ်း ဆရာလည်း ဖြစ်နိုင်သာပဲ။ကြိမ်တုတ်ရော လွယ်အိတ်ရော မုတ်ဆိတ်ရော ဆိုတော့ ရွာက ဘုရားများဌာပနာ ဖောက်ချင်လို့လားမှမသိသာ အရီးရဲ့”

“မဟုတ်သာပြောကရော့မယ် ကမြင်းမ”

လူအိုကြီးက လက်ထဲ ကိုင်ထားသော“နကန်”ဖြင့် မြေကြီး ပေါ်မှာ စည်းဝိုင်းကျယ်ကျယ် ၀ိုင်းနေသည်။ တစ်ခါနှင့် မပြီးဘဲ ထင်ပြီးသား စည်းရာကို သုံးလေးခါ ကျော့ပြီး ၀ိုင်းနေပြန်၏။ မဗိုင်းတောင့် အကြော်တဲနှင့် မလှမ်းလှ သော ညောင်ပင်ရိပ်မှာ ရှိနေတာဆိုတော့ လူအိုကြီး လုပ်သမျှ မြင်နေရပါ၏။ လူအို ကြီးက သီချင်းလို လိုတဘောင် လိုလို စာတွေကိုရွတ်နေပြန် သည်။

“နှစ်တစ်ဆယ်ကျော် လစ်လို့ စွန်းလေးနှစ်ပေါ်စ၀င် ယဉ်သွယ်နုပျော့ပျောင်း... ပိတုန်းရောင် ဆံထုံးတော် ကေသီမိုနှင့် လဲမလို ကိုယ် ဟန်ချဲ့သယ်ခါးနွဲ့လို့နှောင်း ...”

လူအိုကြီးက လွယ်အိတ်ကြီးထဲက လျှော်ကြိုး မျှင်တစ်ချောင်းကို ထုတ်သည်။ လူ့လက်လှမ်းမီ လောက်သည့် ညောင်ကိုင်းဖျား နှစ်ဖျားမှာကြိုးစကို တစ်စစီ ချည်သည်။ ပြီးတော့ ညောင်ပင်သစ်ပါးပျဉ်းဖုမှာ ချိတ်ထားသည့် လွယ်အိတ်ကို ဖြုတ်ယူပြီး လွယ်အိတ်ထဲက ပစ္စည်းကလေးတွေကို တစ်ခုချင်း ထုတ်သည်။ ဘာ ကလေးတွေပါလိမ့်။ မဗိုင်းတောင့်ရော တိုးစိန်ပါ စိတ်ဝင် စားသွားကြသဖြင့် လှမ်း ကြည့်နေခဲ့ကြသည်။

“ကညာစင်ခါလျှင် ရောက်ပါလို့...ကြီးမြောက် ၍လာတည့်လျှင် မိဘကို တိုင်ပင်လို့...ရပ်တောင်ခွင် သူဌေးသားနဲ့...နားချလေ ချင်”

တိုးစိန်က သုတ်ခနဲ ထသွားပြီးလူအိုကြီးနှင့် မနီးမဝေးမှာ သွားရပ်သည်။ သည်အခါမှာတော့ လူအိုကြီး က သူ့ပစ္စည်းကလေးတွေကိုကိုင်ထားရင်း တိုးစိန်ကို မျက်လုံး ပြူးကြည့်သည်။ စည်းဝိုင်းဝိုင်းထားသော တုတ်ခြစ်ရာထဲကို မ၀င်ရန် လက်နှင့်အမူအရာပြသည်။ တိုးစိန်က ခေါင်း ညိတ်ပြရင်း လူအိုကြီးလက်ထဲက ပစ္စည်းကလေးတွေကို အကဲခတ်သည်။ အရုပ်ကလေးတွေ။ အတန်ငယ်ထူသော နှီးပြားတစ်ထွာလောက်မှာ မင်းသမီးထဘီ၊ မင်းသမီးအင်္ကျီ ကလေးတွေ ဆင်ထားသည့် အရုပ်ကလေးတွေ။ သည်လို အရုပ်မျိုး တိုးစိန် ကိုယ်တိုင် လုပ်ခဲ့ဖူးသည်။ ၀ါခေါင်မိုး ကစားဖို့ရာ လုပ်ပေးခဲ့ဖူးသည်။ လက်ရာချင်းကတော့ ကွာသား။ လူအိုကြီး လုပ်ထားသည့်နှီးပြားအရုပ် ကလေးတွေက တကယ့်မင်းသမီးရုပ်ကလေးတွေနှင့်ပင် တူတော့သည်။ လျှော်ချည် ကို ဆေးဆိုးထားသည့် ဆံပင်ကလေးတွေပင် ပါသေးသည်။ မျက်နှာမှာ မျက်လုံး မျက်ခုံး ပါးစပ်ရာ ကလေးတွကို မျှင်မျှင်ကလေး ဆွဲထားလို့ အရုပ် မျက်နှာကလေးတွေက တစ်ရုပ်နှင့် တစ်ရုပ် ဆင်တူလှသည်။ လူအိုကြီးက အရုပ်ကလေးတွေကို ညောင်ကိုင်းနှစ် ကိုင်းမှာ သွယ်ထားသည့်ကြိုးမှာ တစ်ရုပ်ချင်း ချိတ်သည်။ အရုပ်ကလေး တွေက တလှုပ်လှုပ်။ တိုးစိန်က ထဘီစွန် တောင်ဆွဲနှင့် ခါးတစ်ဖက်ထောက်ရင်း ကြည့်နေတော့ လူအို ကြီးက သူ့မျက်လုံးဟောက်ပက်ကလေးတွေနှင့်မျှော်လင့် တကြီးပြန်ကြည့်သည်။ ရောင်းချင်ရှာလို့ ထင်ပါရဲ့။

“အရုပ်ကလေးတွက ရောင်းသာလားဘကြီး”

“ရောင်းပါသော်ကောဗျာ။ ရောင်းချင်လို့ ရွာတကာ လှည့်သာပေါ့”

“တစ်ရုပ် ဘယ်လောက်တုံး”

“တစ်ကျပ် တစ်ကျပ်ပေသိလို့ ဒင်္ဂါးတစ်ကျပ်ပေးမှ ရောင်းသာ။ စက္ကူတစ်ကျပ်ဆိုလို့ကတော့ မယူဘူး”

“ကလေးတွေက သရေစာဖိုးရယ်လို့ တစ်မတ်တောင် အနိုင်နိုင်ဟာ။ ဘကြီးအရုပ်တစ်ကျပ်တန်ကို ဘယ်ကလေးက ၀ယ်နိုင်မှာတုံး”

“အစစ်ပေါ့ဗျာ။ ရွာတွေ ရောက်ခဲ့လှပေါ့။ မ၀ယ်နိုင်တဲ့ ကလေးချည်းပဲ။ ကျုပ်ကလည်း လျှော့မရောင်းနိုင်ဘူး။မရောင်းရလို့ ထမင်း မစားရလည်း ကျုပ်က ရေသောက်နေသာ”

“နေပါဦး ဘကြီး စည်းဝိုင်းဝိုင်းသာက ဘာလုပ်သာတုံး”

“အဲသာရုပ်သေးစင်ဗျ။ ရုပ်သေးစင်များ မိန်းမသားများ မတက်ရဘူး။ အင်နန်လမိုင်းကြီးသယ်။ ကျုပ်တို့တောင်ရုပ် သေးကခဲ့တုန်းက စင်ပေါ်တက်ခါနီး ရေမိုးချိုး အ၀တ်သန့် ၀တ်ပြီးမှ စင်ပေါ် တက်ရသာရယ်။ အခုက  အရပ်တကာ လှည့်ကတော့ စည်းဝိုင်းပေါ့။ အပမိန်းမ စည်းဝိုင်းထဲ အ၀င်မခံဘူး”

“ဘကြီးက ရုပ်သေးရုပ်ပါသေးလို့လား”

“ပါ ပါသော်ကော”

တိုးစိန်က အကြော်တဲရှိရာ ညောင်ပင်ဘက်ပြန်လျှောက် လာခဲ့သည်။ မဗိုင်တောင့်ကို သိခဲ့သမျှ ပြောပြတော့ မဗိုင်း တောင့်ပင် သနားစိတ် ၀င်သွားခဲ့သည်။ တစ်ချိန်က ရုပ်သေး ကြိုးဆွဲဖြစ်လောက်သည်။ ဘယ်လိုကြောင့်များ ရုပ်သေး စင်က ခွာလာတာပါလိမ့်။ ရုပ်သေးခေတ် မဟုတ်တော့တာ ကြောင့်ထင်ပါရဲ့။ မဗိုင်းတောင့်က အကြော်သုံးခုလောက်ကို ကြွေရည်သုတ် ပန်းကန်ထဲထည့်သည်။ ရေနွေးတစ်ကရားနှင့် ကိုင်းပန်းကန် တစ်လုံးပါတွဲပြီး တိုးစိန်ကို တစ်ခေါက်ပို့ခိုင်း လိုက်သည်။ တိုးစိန်ပို့သည့် မုန့်နှင့်ရေနွေးကြမ်းကိုတော့ လူအိုကြီးခမျာမက်ရေစက်ရေရှိရှာပါ၏။ အကြော်သုံးခုစလုံး ကျီးထိုးသလို ရုတ်ခနဲ ကုန်သွားလေ၏။

“သာဓုဗျာ...သာဓု...အာဟာရ လှူဒါန်းရတဲ့ အကျိုးများ တယ်ကြီးသာကိုးဗျ”

ခရီးသွားလှည်းတွေ ညောင်ပင်ရိပ်အကြော်တဲရှေ့ ရောက်လာကြတော့ တိုးစိန် အကြော် တဲဘက်ပြန် လျှောက်လာခဲ့သည်။ လူအိုကြီးက ဘုန်းကြီး လွယ်အိတ်လို အိတ်ကြီးထဲက သစ်သား မင်းသမီး ရုပ်ကလေး ထုတ်ယူပြီး စည်းဝိုင်းထဲဝင် ငုတ်တုတ်ထိုင်သည်။ သစ်သား မင်းသမီးရုပ်ကလေးက သိပ်မကြီးလှ။ တစ်တောင် လောက် သာရှိလိမ့်မည်။ လှည်းတွေပေါ်မှာ ကလေးတွေပါကြတာဆိုတော့ သီချင်းကလေးဆို၊ အရုပ် ကလေး ကိုကပြရင်း နှီးပြားရုပ်ဈေး ခေါ်နေတာကို မဗိုင်းတောင့် လှမ်းမြင်နေရသည်။ လူအိုကြီးအသံက မာပေသိနူးညံ့ လှပါ၏။

“ရွှေမိုးလေ တစိမ့်စိမ့်ငယ်နှင့် ထီးရိပ်မှာ ခိုမလုံ သည်းရင် ညွန့်တုန်ချစ်တဲ့သူရဲ့ထိုးခါးပုံ တစ်ပိုင်း ကိုမယ်ခြုံရလျှင် မီးပုံ ထက် နွေးသလေးဗျ ဟိုရှေ့မှာတည့်ဝေေ၀ ကျူပင်တွေ နှောပါ လို့ ကြံတောပင်တွေ အဆစ်ကယ်တိုရှည်နှင့်မောင်လေး ဖေကြံ ချိုရွေး မိုးချုပ်ချည့်လေး”

လှည်းတချို့က ခရီးသွားတွေ လူအိုကြီးကိုသွားအုံကြ သော်လည်း နှီးပြားမင်းသမီး ရုပ်ကလေးတွေကို ၀ယ်ကြတာ မမြင်။ လူအိုကြီးက ဒူးနှစ်လုံးထောင်ငုတ်တုတ်ထိုင်လျက်က သစ်သားမင်းသမီးရုပ်ကလေးကို ကြိုးဆွဲ နေရှာသည်။ မဗိုင်း တောင့်က၀ယ်ကြပါစေဆုတောင်းနေမိပေသိ တစ်ချီတစ်ချီ လှမ်းမြင်ရသလောက် ဆုတောင်းမပြည့်။ အကြော်ဆိုင်မှာ လူကျနေသည့် ကြားက မကြာခဏ လှမ်းကြည့်မိရပါ၏။ လူအိုကြီးက သီချင်း တွေတစ်ပုဒ်ပြီး တစ်ပုဒ်ဆိုဆဲပင်။ ဘယ်ကို မှမကြည့်။ သူကြိုးဆွဲနေသည့် မင်းသမီးရုပ်ကိုသာ ကြည့်ရင်း သီချင်းတွေဆိုနေလေသည်။

“ဟိုအရင်က ပျိုတို့လူ...ဖဲပုသိမ် ဝေဘူပေါင်းလို့ မင်း လောင်းနှင့်တူ ခုများပျိုမယူလို့...ဖဲပုသိမ် ဝေဘူပေါင်း ခွေးလောက်မကောင်း”

အကြော်ကြော်ရင်း တစ်ဖက်၊ ဈေးတစ်ဖက်နှင့်ပေသိ လူအိုကြီးဆိုနေသည့်သီချင်းသံကို မဗိုင်းတောင့် ကြားနေ ရသည်။ သည်တစ်ခါ ဆိုလိုက်သည့် သီချင်းက ဘာသဘောပါ လိမ့်။ ဟိုတုန်းကတော့ ပျိုတို့လူက ပုသိမ်ဆင် ဖဲလုံချည် ဖဲအင်္ကျီ၊  ဝေဘူဆင်ခေါင်းပေါင်းနှင့် ဆိုတော့ မင်းလောင်းလား ထင်မှား ခဲ့ရသူ။ ခုတော့လည်း ချစ်သူကစွန့်ခဲ့တော့ ဖဲပုသိမ်ဝေဘူပေါင်း နှင့်ပေသိ ခွေးလောက်တောင်မှ မကောင်းတော့ သည့်ဘ၀ ဖြစ်ခဲ့ ပြီ။ လူအိုကြီးသီချင်းတွေက တွေးချင်စရာတွေပါလေသလား။ တစ်ချိန်က ရုပ်သေးစင်ပေါ်မှာ အထင်ကရရှိခဲ့ရာက ခုတော့ အရပ်တကာလှည့်ပြီး အရုပ်ကြိုးဆွဲရင်း နှီးပြားရုပ်ရောင်းစားရသည့်ဘ၀ကို ဆိုလိုတာလည်းဖြစ်နိုင်သည်။ လူအိုကြီးကမြင်ရုံ နှင့်ပင် ဆင်းရဲလှကြောင်းသိနိုင်သည်။ ဖုန်တသောသော၊ ခေါင်း အထွေးထွေး၊ ရိုးပိန်ရိုးခြောက် ဆိုပေသိ သဘင်ပညာအရာကြီး လှသူဆိုတာလောက်တော့ မဗိုင်းတောင့် အကဲခတ်နိုင်ခဲ့သည်။ လူအိုကြီး ဆိုနေသည့်သီချင်းမျိုးကို မကြားဖူးခဲ့။ ကဗျာလိုလို၊ လင်္ကာလိုလို တိုနံ့နံ့ကလေး တွေကို နားသာအောင်ဆိုနေခြင်း သည်ပင် လွမ်းစရာ ကောင်းလှသည်။

“တိုးစိန်ရယ် ခမျာရောင်းရရဲ့လားအေ။ ငါတော့ မတွေ့ မိပေါင်”

“နှစ်ခုလား သုံးခုလား ရောင်းရသယ်အရီးရဲ့။ တစ်ကျပ် ဆိုတော့ ၀ယ်ချင်သူက ဇက်လန်ကုန်သာပေါ့။ သည်ကြားထဲ ကျပ်စေ့ဒင်္ဂါးနဲ့မှဆိုတော့ ခက်သားပဲ။ ဘာသဘောများပါလိမ့်”

“သူ့ဝသီနဲ့သူ နေမှာပေါ့အေ။ လူဆိုသာက အဲသလို ရှိတတ်သယ်ရယ်။ ဘိုးကွန်းကြည့်ပါလားအေ့။ အပင်က ကြွေတဲ့အသီးမှစားသအေ။ ဘိုးကွန်းကိုစားစေချင်ရင် ကြွေသီး ပါပြောမှစားသာ။ ဘွားမယ်လှကျတော့ အဆဲမပါရင် စကား မပြောတတ်ဘူးအေ။ အရင်ဆဲပြီးမှပြောချင်တဲ့ စကားပြော သာ။ ဟဲ့ နေပါဦး။ ၀ါခေါင်မိုးခုထိပေါ်မလာပါလား။ ဘာများ လုပ်နေပါလိမ့်”

“သန်းမြတို့နဲ့ မန်ကျည်းစေ့တောက်နေသာနေမှာ အရီး ရဲ့။ ဒါမှမဟုတ် ကလေးတွေစုပြီး ကခုန်နေမှာပေါ့”

“သွားခေါ်ချေပါအေ။ ငါ့သမီး မင်းသမီးနှီးပြား ရုပ်ဝယ် ပေးရအောင်”

လှည်းပါးတုန်း တိုးစိန် ရွာဘက်ပြန်လာခဲ့သည်။ လူအို ကြီးဆီက သီချင်းသံမကြားရတော့။ မောရှာပြီ ထင်ပါရဲ့။ ၀ါခေါင်မိုး ရောက်လာလျှင် နှီးပြားရုပ် ၀ယ်ပေးရအောင် ပိုက်ဆံ ဖာတောင်းထဲမှာ ကျပ်စေ့ဒင်္ဂါးရှာ နှင့်ရသည်။ နှစ်စေ့တော့ တွေ့သား။ နှစ်စေ့ဆိုလျှင နှစ်ရုပ်ဝယ်နိုင်သည်။ နှီးပြားရုပ် ကလေးတွေကိုသမီးလိုချင် ရှာလိမ့်မည်။ ပြီးတော့ လူအိုကြီးဆွဲ ပြသည့် သစ်သားရုပ်မင်းသမီးကလေး ကတာကိုလည်းငေး လိမ့်မည်။ ခဏနေတော့ ၀ါခေါင်မိုးချွေးတွေသံတွေနှင့် ရောက် လာခဲ့သည်။ တိုးစိန်က နောက်က။ ထင်သည့်အတိုင်းပင်။ ညောင်ပင်အောက်က တန်းကြိုးမှာ နှီးပြားရုပ်ကလေးတွေ ချိတ်ထား တာတွေ့ကတည်းက အကြော်တဲဘက် ကိုပင် မ၀င် တော့။ တိုးစိန်က ကျပ်စေ့ဒင်္ဂါး နှစ်စေ့လာယူပြီး လိုက်သွားသည်။

“၀ါခေါင်မိုး။ ညည်း ကြိုက်တဲ့ နှစ်ရုပ်ဖြုတ်ယူ လိုက်။ ဘကြီးထိုင်နေတဲ့ စည်းဝိုင်းထဲတော့ မ၀င်နဲ့နော်”

ဝါခေါင်မိုးက ကြိုးတန်းမှာ ချိတ်ထားသည့် အရုပ်ကလေးတွေထဲက လှ လောက်သည့်အရုပ်ကလေး တွေကို တစ်ရုပ်ချင်း လိုက်ကြည့်သည်။ စည်းဝိုင်းထဲမှာ အဘိုးကြီးတစ်ယောက်ငုတ် တုတ်ထိုင်နေသည်။ လက်ထဲ မှာ သစ်သား မင်းသမီးရုပ် ကလေးကိုင်ထားသည်။ ကလေးမကလေး အရုပ်ဝယ် မှာကိုသိတော့ လူအိုကြီးက သီချင်းတစ်ပုဒ်ဆိုရင်း အရုပ် ကိုကြိုးဆွဲလေပြီ။ ၀ါခေါင်မိုးက နှီးပြားရုပ်တွေကိုကြည့် သည်။ အဘိုးကြီးလက်ထဲ က သစ်သားမင်းသမီးရုပ်ကို ကြည့်သည်။

ကြည့်စမ်း...။ ကြိုး ကလေးတွေ ဆွဲရုံနဲ့ လူလိုက နေတာပါလား။ သူကြိုက်သည့် ယုဇနမစိမ်းခင်လို ကနေတာ ပါလား။ ၀ါခေါင်မိုး မလှုပ်တော့။ လူအိုကြီးက သီချင်း တစ်ပိုဒ် ဆိုပြီးတော့ အရုပ်ကို အ၀တ်အိတ် ပေါ်တင်သည်။ ဆေးလိပ် တစ်ဖွာ သောက်ဖို့ အိတ်ထောင်ထဲက မီးခတ်ကို နှိုက်သည်။ သည်မှာတင် ၀ါခေါင်မိုး လှုပ်ရှားလိုက်သည်။ ၀ိုင်းထားသော စည်းဝိုင်းထဲ ပြေးဝင်လိုက်သည်။

“ဟဲ့...ဟဲ့...ကလေးမ ...စည်းဝိုင်းထဲ မ၀င်ရဘူးလေ။ ဟဲ့  ကလေးမ... ကျုပ်အရိုးတွေများ ကျိုးကုန် ထင်ပါရဲ့ဗျာ”
(ဆက်လက်ဖော်ပြပါမည်)

ခင်ခင်ထူး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

 


Last Updated on Tuesday, 05 June 2012 12:48