|
(June-2012)ဆင်စွယ် နန်းတော်ပေါ်က မင်းသမီး(သို့မဟုတ်) အင်ဂျလီနားဂျိုလီ |
|
|
|
|
Written by ၀င်းငြိမ်း
|
|
Wednesday, 06 June 2012 14:04 |
(ယခင်လမှအဆက်...) ဂျိုလီက “တကယ် စဉ်းစားကြည့် မယ်ဆိုရင် မိဘမဲ့ ကလေးကျောင်းကို သွားမယ်။ အဲဒီကျောင်းက ကလေး တစ်ယောက်ကို ကျွန်မတို့ အိမ်ခေါ်လာမယ် ဆိုတဲ့ ဖြစ်ရပ်ကို တွေးကြည့်လိုက်ရင် တော်တော်ကို ထူးဆန်း ပါတယ်။
argaiv1302
ဒီကလေးကလည်း နောက်ဆုံး ကျွန်မ တွေ့တဲ့ ကလေးပါ။ သူ့ကို ကျွန်မတွေ့တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာတယ်။ ကျွန်မ မနှိုးရက်ပါဘူး။ သူ့ကို ကြည့်ရတာကလည်း တစ်ခုခုဖြစ်နေ သလိုပဲ။ နောက်ဆုံးမှာတော့ သူတို့က ကလေးကို ပွေ့လိုက်ပြီး ကျွန်မ ရင်ခွင်ထဲကို ထည့်ပေးလိုက်ပါတယ်။ ကျွန်မ တစ်သက်လုံး ကလေး မချီခဲ့ ဖူးပါဘူး။ ဒါကြောင့် ကျွန်မ ရင်ခွင်ထဲမှာ ကလေးလေး နေရတာ သက် သောင့်သက်သာ ရှိပါ့မလားလို့ တွေးမိ သေးတယ်။ ရင်ခွင်ထဲက သူ့ကို ငုံ့ကြည့် လိုက်တော့ သူကလည်း ကျွန်မကို အကြာကြီး စိုက်ကြည့်နေပြီး ကျွန်မတို့ နှစ်ယောက် ပြိုင်တူ ပြုံးလိုက်မိပါတယ်။ ကျွန်မစိတ်ထင် ပြောရရင် သူက ကျွန်မ ကို လက်ခံ လိုက်သလို ကျွန်မကလည်း သူ့ကို သားအဖြစ် လက်ခံလိုက်မိတယ် ထင်ပါတယ်။ အခုလို တစ်ယောက်နဲ့ တစ်ယောက် နှစ်ခြိုက်လက်ခံတယ်ဆို တာကိုက ရင်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း ခံစားလိုက်ရပါတယ်”လို့ သူ့အတွေ့ အကြုံကို ပြောပြပါတယ်။
ဂျိုလီ တစ်ယောက်တည်းသာ ကလေး မွေးစားချင်စိတ် ရှိတာ မဟုတ်ပါဘူး။ ဟောလိဝုဒ်က လူတော်တော်များများ ကလေး မွေးစားချင်ကြတာကြောင့် ဟောလိ ၀ုဒ်မှာ အခြေစိုက်တဲ့ ကလေး မွေးစားလိုသူများ လုပ်ငန်း တစ်ခုတောင် ရှိပါသေး တယ်။ ဦးစီးဦးဆောင် ပြုသူက ကက်သရင်းပိုလိုက် ဆိုသူဖြစ်ပါတယ်။ သူက ဒီလုပ်ငန်းကို နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်လာသူ ဖြစ်ပြီး ဂျိုလီလို မြင်မြင်ချင်း ချစ်စိတ် ၀င်သွားတဲ့ မိဘ အများကြီးကို တွေ့ကြုံခဲ့ဖူးသူ ဖြစ်ပါတယ်။ “ဂျိုလီက မက်ဒေါ့စ်ကို တွေ့တော့ မြင်မြင်ချင်း ချစ်သွားတယ်။ သူ့စိတ်ထဲမှာ လူမျိုးမတူ တာတွေ၊ ယဉ်ကျေးမှု မတူတာတွေကို လုံးဝ သတိ မရတော့ပါဘူး။ သူ့နှလုံးသားက ကယ်သူ မဲ့နေတဲ့ ဒီကလေး အတွက် ဖွင့်ထားပြီးသား ဖြစ်သွားပါပြီ။ ဒီလိုဖြစ်တတ် တာတွေကို ကျွန်မ အကြိမ်ပေါင်းများစွာ ကြုံဖူးပါတယ်”လို့ ဆို ပါတယ်။
ဇနီးသည်နည်းတူ ဘီလီဘော့ပ်ကလည်း ဒီနိုင်ငံကို ချစ်သွားတဲ့ အပြင် စစ်ဘေး ဒဏ်ကြောင့် မိဘမဲ့ ဖြစ်နေရှာတဲ့ ကလေးတွေ၊ ခြေလက်အင်္ဂါ မစုံလင်တော့တဲ့ ဒုက္ခိတ တွေကို အကြင်နာ ပိုမိပါတယ်။ လုပ်ငန်းခွင် တစ်ခုမှာ မြေမြှုပ်မိုင်း ဒဏ်ကြောင့် ဒုက္ခိတ ဖြစ်နေရှာတဲ့ သူတစ်စု ကြိုးစားပမ်းစား အလုပ် လုပ်နေကြပုံက သူ့မျက်စိထဲက မထွက် တော့ပါဘူး။ “လူသုံးယောက်က ပစ္စည်း တစ်ခုကို ထမ်းလာကြတယ်။ သုံး ယောက်စလုံး ပြုံးပြုံးရွှင်ရွှင်၊ ရယ်ရယ်မောမော အလုပ် လုပ်နေကြတာ ဖြစ်ပေမဲ့ ရှေ့ဆုံးနဲ့ နောက်ဆုံးမှာ ထမ်းလာသူ နှစ်ယောက်က မြေမြှုပ်မိုင်းဒဏ်ကြောင့် လက် မရှိတဲ့ သူတွေဖြစ်ပြီး အလယ်ကောင်ကသူက မျက်မမြင် ဒုက္ခိတ ဖြစ်ပါတယ်။ သူတို့ သုံးယောက်ဟာ ဒုက္ခိတ ဖြစ်သွားပါပြီဆိုပြီး ထိုင်ညည်းနေကြမယ့် အစား အသက်ရှင် နေတဲ့ ဘ၀မှာ သူတို့လုပ်နိုင်တာကို ဖြစ်အောင်လုပ်နေကြတဲ့သူတွေပါ။ သူတို့ကို မြင်ရတဲ့နောက် ကျွန်တော်တို့ BMW ကားပေါ်မှာ ထိုင်ခုံလေး အဆင် မပြေတာက အစ ညည်းနေမိတာကို ရှက်မိပါတယ်”လို့ သူ့ခံစားချက်ကို ပြောပြပါတယ်။
ဒီနိုင်ငံ ဒီလူမျိုးတို့ကို ချစ်တဲ့စိတ်နဲ့ မိဘမဲ့ ကလေးငယ် တစ်ယောက်ကို သူတို့ မွေးစားနိုင်ဖို့ ဘီလီနဲ့ ဂျိုလီတို့ ကြိုးစားကြပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေ ရရှိနိုင်ဖို့ သူတို့ကိုယ်စား ဂါလင်ဒို ဆိုတဲ့ အမျိုးသမီးကို အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ တာဝန် ပေးကြပါတယ်။ ဂျိုလီရဲ့ နှစ်ကာလများစွာ မက်ခဲ့တဲ့အိပ်မက်တွေဟာ အခု တော့ အကောင်အထည် ပေါ်ခဲ့ပြီပေါ့။ ဂျိုလီနဲ့ ဘီလီတို့ဟာ နှစ်ယောက်တည်း မဟုတ်တော့ဘဲ မိသားစု တစ်ခုကို တည်ဆောက် နိုင်ခဲ့ကြပါပြီ။
နိုဝင်ဘာလ နှောင်းပိုင်း LA ကို ပြန်ရောက်ရောက်ချင်း ရုပ်ရှင်နှစ်ကား ရိုက်ကူးကြဖို့ စီစဉ်ကြပါတယ်။ တစ် ယောက်တစ်ကားစီ သရုပ်ဆောင်ကြ ရမှာ ဖြစ်ပေမဲ့ မွန်ထရီရယ်လ် တစ် မြို့တည်းမှာ ရိုက်ကူးဖို့ စီစဉ်ခဲ့ကြပါ တယ်။ ဒီလိုစီစဉ်လိုက်တဲ့အတွက် သူတို့ ဇနီးမောင်နှံနှစ်ဦး နေ့စဉ်အတူနေနိုင်သွား ကြပါတယ်။ ဂျိုလီက ဗြိတိသျှအမျိုး သားသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကလိုက်ဖ်အိုဝင်နဲ့ တွဲဖက်ပြီး Beyond Borders ကို ရိုက်ကူးရမှာ ဖြစ်ပြီး ဘီလီ ကတော့ Levity ဆိုတဲ့ ရုပ်ရှင်ကားကို ဇန်န၀ါရီလမှာ စတင်ရိုက်ကူးမှာပါ။ ဒီ အတောအတွင်း ဘီလီက အနီး ပတ်ဝန်းကျင်မှာ ရှိတဲ့ မြို့များမှာ သူ့အယ်လ် ဘမ်သစ်က သီချင်းတွေကို ဖျော်ဖြေရင်း အချိန် ကုန်စေခဲ့ပါတယ်။ တကယ် တော့ ဘီလီပါဝင်သရုပ်ဆောင်ရမယ့် ရုပ်ရှင်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာ အက်ဒ်ဆူလေဗန်က ဧပြီလမှ စတင်ရိုက် ကူးဖို့ပါ။ ဒါပေမဲ့ ဘီလီက သူ့ဇနီးနဲ့ အတူ နေနိုင်အောင် အချိန်စောပြီး ရိုက်ကူးပေးဖို့ တောင်းဆိုခဲ့တာပါ။
“ကျွန်တော်တို့နှစ်ယောက် သဘောတူ ထားတဲ့ အချက်တစ်ခု ရှိတယ်။ အဲဒါ ကတော့ နှစ်ယောက်ခွဲပြီး ရက်သတ္တပတ် နှစ်ပတ်ထက် ပိုမနေဘူးဆိုတဲ့ အချက် ပါ။ အခုတော့ အဲဒီသဘောတူချက်ကို ပြင်ဆင်လိုက်ရတယ်။ တစ်ပတ်ထက် ပိုပြီး ခွဲမနေဘူးလို့...”လို့ ဘီလီက ရှင်း ပြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းပြိုင်ကြရာမှာ ခရစ္စမတ်လက် ဆောင်ကိုတောင် အပြင်ကလုပ်ထားတဲ့ ပစ္စည်းမ၀ယ်ဘဲ ကိုယ့်လက်ဖြစ်ပစ္စည်း များနဲ့သာ လက်ဆောင်ပေးကြေးလို့ လည်း သဘောတူထားကြပါတယ်။ ဒါ ကြောင့် မွန်ထရီရယ်လ်အိမ်သစ်မှာ နေရင်း ဂျိုလီက ဘီလီအတွက် မာဖလာတစ်ထည် သူ့လက်နဲ့ ထိုးပေးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အလုပ်မတွင် ကျယ်တာကြောင့် လက်လျှော့ လိုက်ရပါတယ်။ အဲဒီအစား သူတို့နှစ်ယောက် ငယ်ငယ်တုန်းက ပုံကလေးတွေ စုထားတဲ့ ဓာတ်ပုံအယ်လ်ဘမ် တစ်ခုကို လက်ဆောင်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒီအယ်လ် ဘမ်မှာ မိသားစုဖြစ်ဖို့ လိုအပ်နေတဲ့ ကလေးကတော့ ရောက်မလာသေးဘူး ပေါ့။
သူတို့နှစ်ယောက် အတွက် ကံဆိုးမိုးမှောင် ကျတာကတော့ အရှေ့ပိုင်းဒေသ က ပြန်လာအပြီး ဒီဇင်ဘာလမှာ အမေရိကန် အစိုးရက ကမ္ဘောဒီးယား နိုင်ငံမှ မွေးစားတဲ့ ကလေးများ အတွက် ပြည် ၀င်ခွင့်ဗီဇာ ပိတ်ပင်လိုက်ခြင်းပါပဲ။ လူ့ အခွင့်အရေးနဲ့ ကလေး သူငယ်များ ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းတို့မှာ တွင်ကျယ်လာတဲ့ LICADHO အဖွဲ့က ကမ္ဘောဒီးယား နိုင်ငံမှ ကလေးငယ်များကို လူကုန် ကူးသူများက ရောင်းစားနေကြပြီး အမြတ်အစွန်း အားဖြင့်လည်း သန်းထောင်ချီ ရနေတယ်လို့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လာပါတယ်။ ရောင်းစား ခံရတဲ့ ကလေးငယ် တချို့မှာ မိဘများ ရှိပါလျက် ခိုးယူခံရတဲ့ ကလေးတွေ ဖြစ်ပြီး တချို့ကလေးတွေ ကတော့ ကြားပွဲစားများက တစ်ဆင့် ချမ်းသာကြွယ်ဝတဲ့ အနောက် နိုင်ငံသား များ၊ အထူးသဖြင့် အမေရိကန်နိုင်ငံ သားများထံ ငွေကြေး အမြတ်အစွန်း တော်တော်များများနဲ့ ရောင်းစားခံနေ ရတယ်လို့ ဆိုပါတယ်။
ဒီလို စွပ်စွဲခံရတဲ့ သူများထဲမှာ ဂျိုလီတို့ တာဝန် ပေးခဲ့တဲ့ ဂါလင်ဒိုလည်း အပါအ၀င်ဖြစ်ပါတယ်။ LICADHO က ဂါလင်ဒိုဟာ ကမ္ဘောဒီးယား နိုင်ငံမှ ဆင်းရဲ နွမ်းပါးတဲ့ ကလေး မိခင်များကို စည်းရုံးပြီး ကလေးများ ကို စောင့်ရှောက်ပေးမယ်လို့ တောင်း ခံကာ မိဘများရဲ့ သဘောတူခွင့်ပြုချက် မရှိဘဲ ကလေးများကို ရောင်းစားတယ်လို့ ဆိုပါတယ်။ ဂါလင်ဒိုအပေါ် စွဲချက် တင်ရာမှာ အမျိုးသမီးတစ်ဦးက သူ့ ကလေး သုံးယောက်ကို ဂါလင်ဒိုက ရောင်းစားခဲ့ပြီး သူ့အတွက် ဒေါ်လာ ၇၀၀ ပေးခဲ့တယ်လို့ သက်သေခံပါ တယ်။
အဲဒီအချိန်မှာ ဂျိုလီနဲ့ ဘီလီတို့မှာ သူတို့မွေးစားဖို့ ကြိုးစားနေတဲ့ ကလေး ငယ် ရာ့သ်ကို ရရှိရေးမှာ မရေမရာ ဖြစ်နေပါပြီ။ ကလေးကိုသာ မွေးစား ခွင့်မရဘူးဆိုရင် ဂျိုလီမှာ အသည်းကွဲ လောက်အောင် ခံစားရပါလိမ့်မယ်။ အမေရိကန်ဗီဇာ ခွင့်မပြုဘူးလို့ မကြေ ညာခင် ဆောင်ရွက်လက်စ အမှုတွဲ ၁၁၄ ခု ရှိပါတယ်။ အဲဒီအထဲမှာ ဂျိုလီတို့ လည်း ပါတာပေါ့။ သူတို့ဇနီးမောင်နှံ နှစ်ယောက် ကလေးငယ်ထံ သွားရောက် လည်ပတ်ခွင့်ရှိပြီး မိဘများအနေနဲ့ ထိုက် တန်မှု ရှိမရှိဆိုတာကို သံရုံးက စိစစ်ဦးမှာပါ။ စွပ်စွဲချက်များဟာ တရားမ၀င် ဖြစ်ကြောင်း လော်ရင်းဂါလင်ဒိုက ခုခံ ချေပနေစဉ်အတွင်းမှာပဲ ဂျိုလီတို့မောင်နှံ အတွက် သတင်းကောင်း တစ်ခု ပါးလိုက်နိုင်ပါတယ်။ ရာ့သ်ကလေး အတွက် ကမ္ဘောဒီးယား အစိုးရက ပတ်စပို့စ် ထုတ်ပေးလိုက်ပြီဆိုတဲ့ သတင်း ပါပဲ။
နှစ်သစ်ကူး အမီ ထွက်ရှိလာတဲ့ ပတ်စပို့စ်ကြောင့် ဂျိုလီနဲ့ ဘီလီတို့ဟာ ရာ့သ်ရဲ့ မိဘနှစ်ပါး ဖြစ်လာခဲ့ပါတယ်။ ဂါလင်ဒို ကိုယ်တိုင်ပဲ ရာ့သ်ကို မတ်လ မှာ ကမ္ဘောဒီးယားနိုင်ငံမှ ဂျိုလီ ရုပ်ရှင် ရိုက်ကူးနေတဲ့ နမီးဘီးယားနိုင်ငံသို့ ပို့ ဆောင် ပေးခဲ့ပါတယ်။ ဒါကြောင့် ကလေး ရောက်ရှိလာတဲ့ မတ်လ ၁၁ ရက်နေ့မှာ ဂျိုလီနဲ့ ဘီလီတို့ဟာ ကလေး မိဘများ ဖြစ်သွားကြပြီး ကလေးနာမည် ကိုလည်း မက်ဒေါ့စ်လို့ ပြောင်းခဲ့ကြ ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ပထမဆုံး မွေးစားသား မက်ဒေါ့စ် ရင်ခွင်ထဲကို ရောက်လာပြီဖြစ်ပေမဲ့ အမေရိကန် ပြည်ထောင်စုသို့ ခေါ်ဆောင်သွားနိုင်ဖို့ ကတော့ ပြည်ဝင်ခွင့် ဗီဇာရအောင် စောင့်ရပါဦးမယ်။ ဒါကြောင့် သူတို့မှာ လွတ် လွတ်လပ်လပ် ပျော်နိုင်ခွင့်တော့ မရ သေးပါဘူး။
ကလေး ရောက်လာတာကို လျှို့ဝှက် ထားကြပါတယ်။ ကလေး မရောက်လာခင် အတွင်းမှာ Levity ရုပ် ရှင် ဇာတ်ကား ရိုက်ကူးဖို့ ဘီလီ မတ် လ ၉ ရက်နေ့အရောက် ရိုက်ကွင်းကို လာရမယ်လို့ ဒါရိုက်တာက အကြောင်း ကြားလာပါတယ်။ ဒါပေမဲ့ ဘီလီက ဇနီးသည်နဲ့အတူ အပန်းဖြေခရီးသွားဖို့ မတ်လ ၁ ရက်နေ့မှာ ထွက်ခွာမှာ ဖြစ်တာကြောင့် မတ်လ ၉ ရက်နေ့ မရောက် နိုင်ဘူးလို့ ငြင်းဆိုပါတယ်။ ဒါရိုက်တာ ကလည်း သူ စရိုက်မယ်ဆိုတဲ့ရက်မှာ ဘီလီ ရောက်ရမယ်လို့ တောင်းဆိုပါ တယ်။ ရုပ်ရှင်ရိုက်ကူးရေးအတွက် နေ အိမ်ကို အပေါင်ထားပြီး ဆောင်ရွက်နေ ရှာတဲ့ ဒါရိုက်တာက နောက်ဆုံးမှာတော့ ဘီလီကို ဘာကြောင့်များ ဒီလောက် တောင် အရေးတကြီး မွန်ထရီရယ်လ်မှာ နေချင် ရတာလဲလို့ မေးရပါတော့တယ်။ ဒီတော့လည်း ဘီလီက မွန်ထရီရယ်လ် ကို သွားမှာ မဟုတ်ဘူး။ နမီးဘီးယား ကို သွားမှာ။ အရေးကြီးတဲ့ မိသားစု ကိစ္စဖြစ်တယ်ဆိုတာသာ ပြောပြီး မက် ဒေါ့စ်အကြောင်းကို လုံးဝထည့်မပြောပါ ဘူး။
ဒါရိုက်တာနဲ့ မင်းသားတို့ အကြိတ် အနယ် ညှိနှိုင်းကြပြီး နောက်ဆုံးမှာ ဘီလီက တောင်းဆိုချက်တစ်ခုနဲ့ မွန် ထရီရယ်လ်မှာသာ ရက်အနည်းငယ်ပို နေဖို့ သဘောတူလိုက်ပါတယ်။ သူ့ တောင်းဆိုချက်ကတော့ သူ တစ်ခါမှ မတွေ့ဖူး၊ မဆုံဖူးတဲ့ အဆိုကျော် ပက် ဘွန်းကို သူ လာမယ့်ခရီးစဉ်တစ် လျှောက်မှာ အတူလိုက်ပါပေးရမယ်ဆို တဲ့ တောင်းဆိုချက်ပါပဲ။ အိမ်ပေါင် ထားရပြီး အချိန်မီ မရွေးနိုင်ရင် ဆုံး တော့မယ့်အခြေအနေရှိတာမို့ ဒါရိုက်တာ ကလည်း သူနဲ့တစ်ခါမှ မသိမကျွမ်းဖူး တဲ့ ပက်ဘွန်းကို ဘီလီနဲ့အတူ လိုက်ပါ စေဖို့ ကြိုးပမ်းရပါတော့တယ်။ ပက် ဘွန်းဆီကို တယ်လီဖုန်း ဆက်သွယ်ပြီး အကျိုးအကြောင်းပြောဖို့ ကြိုးစားတဲ့ အခါ ပက်ဘွန်း ဖုန်းက မအားတာ ကြောင့် မွန်ထရီရယ်လ်မှာရှိမယ့် သူ့ဖုန်း နံပါတ်ကို ပြောထားခဲ့ပါတယ်။ ပက်ဘွန်း ဖုန်းမဆက်ခင် အတွင်း သူ ဘယ်လို ပြောရမယ်ဆိုတာကိုလည်း တွေး တောကြံဆ နေခဲ့ရပါတယ်။
တယ်လီဖုန်း မြည်လာပါပြီ။ ပက်ဘွန်းဆီကပါပဲ။ ဆော်လမွန်က သူ့ရုပ် ရှင်ကား ရိုက်ကူးရေး အခြေအနေ၊ ငွေရေးကြေးရေး အခြေအနေတွေကို ရှင်းပြပြီး သူ့ကို ကူညီတဲ့ အနေနဲ့ ဘီလီတောင်း ဆိုထားတဲ့အတိုင်း ပက်ဘွန်းက လေ ယာဉ်နဲ့ လိုက်ပါပေးဖို့ မေတ္တာ ရပ်ခံပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆော် လမွန် ပြန်ပြောပြတာကတော့ “ရှင်းလည်း ပြပြီးရော ပက်ဘွန်းကနည်းနည်း တော့ စဉ်းစားတယ်။ ပြီးတော့မှ ခင် ဗျားမင်းသား တောင်းဆိုတဲ့ အတိုင်း ကျွန်တော် လုပ်ပေးမယ်ဆိုရင် ခင်ဗျား ရုပ်ရှင် ရိုက်ကူးရေး အဆင်ပြေမလား။ ပြေမယ် ဆိုရင်တော့ ကျွန်တော် လုပ်ပေး ပါမယ်။ ကျွန်တော့်အတွက် ဘာမှ အကျိုးအမြတ် မရှိပေမဲ့ လူတစ်ယောက် ရဲ့အခက်အခဲကို ကူညီတာပါလို့ ပြောခဲ့ တယ်”လို့ ပြန်ပြောပြပါတယ်။ ရုပ်ရှင်မရိုက်ကူးသေးခင် ဖေဖော် ၀ါရီလအတွင်းမှာ ဘီလီက သူ့တီးဝိုင်း နဲ့ သီချင်းဆိုကျင့်ပြီး ပတ်ဝန်းကျင်က မြို့များမှာ ဖျော်ဖြေနေပါတယ်။ အဲဒီ အချိန်တုန်းက မွန်ထရီရယ်လ်မှာလည်း ရုပ်ရှင်လာရိုက်တဲ့ နာမည်ကြီး မင်းသား မင်းသမီးတွေက အများကြီး ရှိပါတယ်။ ဘရက်ပစ်၊ အန်သွန်နီဟော့ပ်ကင်၊ ဒရူး ဘယ်ရီမိုး၊ နီကိုးလ်ကစ်ဒ်မန်းနဲ့ မက် ဒါမွန်တို့ပါပဲ။ သူ့ပရိသတ်နဲ့သူ သွား လေရာမှာ လူစည်ကားနေတာပေါ့။ တစ် ညမှာတော့ ဘီလီတို့အဖွဲ့ လေ့ကျင့်နေ တုန်း ဘီလ်ကလင်တန် ရောက်လာပြီး သူတို့အဖွဲ့နဲ့အတူ ဆက်ဆိုဖုန်း ၀င်မှုတ် ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အသံဖမ်း ပညာရှင်တစ်ဦးဖြစ်တဲ့ ဟျူဂိုတာဒစ်ဖ် က “သူ တော်တော်ကောင်းတာပဲ။ ဘီလီကလည်း သူ့ကိုယ်သူ အဲလ်ဗစ္စ ပုံဖမ်းနေတာလေ”လို့ မှတ်ချက်ချပါ တယ်။ ပတ်ဝန်းကျင်က ပွဲနှစ်ပွဲမှာ ဘီလီက သူ့အယ်လ်ဘမ်အသစ်ဖြစ်တဲ့ Private Radio အယ်လ်ဘမ်ထဲက သီချင်းများကို သီဆိုပြပါတယ်။ ပရိသတ်များထဲမှာ နာမည်ကြီးတွေ ရှိတယ် ဆိုပေမဲ့ ပွဲမလာသူ တစ်ယောက် ရှိပါ တယ်။ ဇနီးသည် ဂျိုလီပါပဲ။ ဂျိုလီက တစ်နေ့လုံး ရုပ်ရှင်ရိုက်ရတာ ပင်ပန်း လွန်းလို့ လာမကြည့်တော့ဘူးလို့ အကြောင်းပြပါတယ်။ ဂျိုလီ မလာတာ ကို ဘီလီက တော်တော်ခံစားရပါတယ်။ ခင်ပွန်းသည်ရဲ့ သီဆိုဖျော်ဖြေမှုကို ဇနီး တစ်ယောက် အနေနဲ့ လာအားပေးသင့် တယ်လို့ သူ ယုံကြည်ပါတယ်။ လော် ရာဒန်းနဲ့တုန်းကလည်း ဘီလီက ဒီလိုပဲ ဆင်ခြေ ပေးခဲ့ဖူးပါတယ်။ အခု သူ့ အလှည့်မှာ ဂျိုလီက သူ့ဆင်ခြေမျိုး ပေး လာပြီမို့ တုန်လှုပ်ရပါတယ်။ သူ ကိုးကွယ်မြတ်နိုးခဲ့တဲ့ သူက အားမပေးတော့ ဘူးတဲ့လား။ ဘာတွေ ဖြစ်ကုန်ပြီလဲ။
စိတ်ထဲမှာ အနာတရ ခံစားခဲ့ရပေမဲ့ ခရီးရှည် ဖြစ်တဲ့ နမီးဘီးယားကို သူ ထွက်ခွာခဲ့ပါတယ်။ မူလတောင်းဆို ခဲ့တဲ့ ပက်ဘွန်း လိုက်ရမယ်ဆိုတဲ့ တောင်းဆိုချက်လည်း မရှိတော့ပါဘူး။ မတ်လ ၉ ရက်နေ့မှာ မွန်ထရီရယ်လ်က ထွက်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာ မှာတော့ သူ့တတိယသားဖြစ်တဲ့ မက်ဒေါ့စ်ကို ရင်ထဲမှာ ထွေးပွေ့ခွင့် ရခဲ့ပါပြီ။ သူတို့ တာဝန်ပေးခဲ့တဲ့ ဂါလင်ဒို က တကယ်တော့ ကမ္ဘာတစ်ဝက်ခရီး ကို ရှစ်လသား ကလေးငယ်ကို ပိုက်ထွေးပြီး တကူးတက လာပို့ပေးခဲ့တာ ပါ။ လေဆိပ်မှာပဲ ကလေးကို သူတို့ လက်ပေးပြီး ပြန်လည် ထွက်ခွာ သွားပါ တယ်။ ဘီလီနဲ့ ဂျိုလီတို့ရဲ့မိသားစု စာရင်းမှာ တစ်ယောက် တိုးလာခဲ့ပြီပေါ့။ “မက်ဒေါ့စ်ကို သူနာပြု ဆရာမ တစ်ယောက်က ခေါ်လာပေးတာ ဖြစ်ပြီး ကျွန်မတို့ လက်အပ်ကာ ၁၀ မိနစ် လောက်အ တွင်းမှာ သူ ပြန်သွားတာပဲ။ ကျွန်မ ကလေးငယ်ကို စိုက်ကြည့်နေမိ တယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး။ မာမီ့ဆီ ဖုန်းဆက်ပြီး ကလေးတွေက တစ်နေ့ကို နို့နှစ်ဘူးပဲ စို့တာလား၊ ၁၀ ဘူးလောက် စို့တာလားလို့ မေးမိတာကို အခုထိ မှတ်မိနေတယ်။ တကယ်တော့ ကျွန်မ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိခဲ့ တာပါ”လို့ ဂျိုလီက အဲဒီနေ့ အမှတ်တရ ပြန်ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ အပျော်ကလေးက သိပ်ကြာကြာ မခံလိုက်ပါဘူး။ ဂျိုလီရဲ့ ဖခင်ဖြစ်သူ ဂျွန်ဗွိုက်က အများပြည်သူကို သိခွင့်ပေးချိန် မတန်သေးခင်မှာပဲ သူ ဘိုးအေ ဖြစ်သွားပြီလို့ ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ ဟောလိဝုဒ်ရဲ့အကယ်ဒမီ ဆုပေးပွဲမှာ ဂျွန်ဗွိုက် က သတင်းထောက်များရဲ့အမေးကို ဖြေကြားရာမှာ သူဟာ အခုမှ ဘိုးဘိုး ဖြစ်ရလို့ ရင်ခုန် စိတ်လှုပ်ရှားနေရ ကြောင်း၊ အနှီးတောင် လဲတတ်ပါ တော့မလားလို့ တွေးပူမိကြောင်း ဟာသနှောပြီး ဖြေကြား သွားခဲ့ပါတယ်။ တကယ်တော့ မိသားစုတိုင်းမှာ ကလေး တစ်ယောက် ရောက်လာပြီဆိုရင် မိသားစု အားလုံး ပြုံးပျော်ကြသလို စိတ်လှုပ် ရှားကြတာချည်းပါပဲ။ ဒါပေမဲ့ ဂျိုလီ ကတော့ သူ့အဖေဟာ အများ ပြည်သူကို အချိန်စောပြီး အသိပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါသထွက်ခဲ့ပါတယ်။ “ကျွန်မ ဖုန်းဆက်တော့ ဖုန်းမကိုင်တာ နဲ့ မက်ဆေ့ခ်ျပဲ ထားခဲ့တယ်။ ပစ်ပစ် နှစ်နှစ်ကို ပြောပစ်ခဲ့တာ။ ကျွန်မတို့ ပျော်နေတဲ့ အချိန်ကလေးကို သူ ဖျက်ဆီး လိုက်တာပဲ”လို့ ဂျိုလီက ဆိုပါတယ်။ ဂျွန်ဗွိုက်က ဒီသတင်းကို ဇနီးဟောင်း ဖြစ်သူ မာချီထံက ရခဲ့တာဖြစ်လို့ ဂျိုလီက မိခင်ဖြစ်သူကို နောင်မှာ သူတို့ မိသားစု အရေးကိစ္စနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ ကို ဘယ်တော့မှ မပြောပါနဲ့လို့ တားဆီး ပိတ်ပင်ခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနဲ့ ဘယ်တော့မှ စကား မပြောတော့ဘူးလို့ ကျိန်ခဲ့ပါ တယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျိုလီရဲ့တုံ့ ပြန်ချက်က စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ စကားပြောတဲ့အခါတိုင်း “ကျွန်မ တို့”ဆိုတဲ့ စကားမသုံးဘဲ “မက်ဒေါ့စ် ရဲ့မိဘနှစ်ပါး ဖြစ်တဲ့ ဘီလီဘော့ပ်နဲ့ ကျွန်မ”လို့ပဲ သုံးပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အာဏာပိုင်များ တရား ၀င်ခွင့်ပြုချက် မရခင် ကမ္ဘောဒီးယား ကလေးငယ် တစ်ယောက်ကို မွေးစား လိုက်တာနဲ့ ပတ်သက်ပြီး နောင်မှာ ပြောရဆိုရ၊ ရှင်းရလင်းရ လုပ်ရမှာကို ဂျိုလီက စိုးရိမ်ပါတယ်။
ဘီလီနဲ့ ဂျိုလီတို့က နှစ်ယောက်တွဲ ထုတ်ပြန်တဲ့ ကြေညာချက် တစ်စောင်ကို ဘီလီရဲ့ပြောရေး ဆိုခွင့်ရှိသူက တစ်ဆင့် ထုတ်ပြန်လိုက်ပါတယ်။ “ကျွန်မတို့ ဒီ ကလေးကို တွေ့ခဲ့ကြတာ ၄ လရှိပါ ပြီ။ ထုံးစံအတိုင်း နိုင်ငံတကာ မွေးစားခွင့် ဥပဒေတွေနဲ့ အညီဖြစ်အောင် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် စလုံးရဲ့ နောက်ခံ သမိုင်းကြောင်းတွေ ပြည့်စုံအောင် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကလေးက ကမ္ဘောဒီးယား ပတ်စပို့စ်ကို ရခဲ့ပါပြီ။ သူဟာ မတ်လ ၁၁ ရက်နေ့က စတင်ပြီး ကျွန်တော် ကျွန်မတို့ရဲ့ တရားဝင် မွေးစားသား ဖြစ်သွားပါပြီ”လို့ ကြေညာ ခဲ့တာပါ။ နမီးဘီးယားမှာ ဂျိုလီ ရုပ်ရှင် ရိုက်ကူးလို့ ပြီးတဲ့အချိန် မေလလောက် မှ အမေရိကန် ပြည်ထောင်စုကို ပြန်ရ မှာပါ။ ဘီလီရဲ့သားနှစ်ယောက် ဖြစ်တဲ့ ၀ီလျံနဲ့ ဟယ်ရီတို့ကတော့ သူတို့ညီလေး အဖြစ် တိုးပွားလာမယ့် မက်ဒေါ့စ်ကို မျှော်ရင်း စိတ်လှုပ်ရှား နေကြပြီလို့ ဆိုပါတယ်။
ကမ္ဘောဒီးယား နိုင်ငံမှာ ရှိတဲ့ အမေရိကန် သံရုံးရဲ့ ခွင့်ပြုချက် စာရွက်စာတမ်း တွေကို စောင့်မျှော်နေကြဆဲ ဖြစ်ပေမဲ့ အခြေအနေ ကောင်းတယ်လို့လည်း သတင်းများက ဆိုပါတယ်။ သူတို့ဇနီး မောင်နှံပူးတွဲ ကြေညာချက် ထွက်ပေါ် လာပြီး နောက် ၂ ရက်လောက်မှာ ကမ္ဘောဒီးယားနိုင်ငံ အမေရိကန်သံ အမတ် ကင့်ဝိုက်ဒ်မဲန်းက ဂျိုလီတို့ ကလေး မွေးစားတဲ့ ကိစ္စဟာ လူကုန်ကူးမှု မဟုတ်ဘူးလို့ သူကိုယ်တိုင် ယုံ ကြည်ကြောင်း၊ ဒါပေမဲ့ တရားဝင် စာရွက်စာတမ်းများ ပြည့်စုံအောင် နောက် ၂ လလောက်စောင့်ဖို့ လိုသေးတယ်လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
နမီးဘီးယားနိုင်ငံ ဆွာကော့ပ်မဲန်း မြို့ကလေးရဲ့ ပင်လယ်ကမ်းခြေနေအိမ် မှာ ဂျိုလီတို့မောင်နှံက သက်တော်စောင့် တွေ၊ လုံခြုံရေးအစောင့်တွေ အထပ်ထပ် ချထားပါတယ်။ မြို့ခံလူများကတော့ ဒီအိမ်ထဲမှာ ဘယ်သူနေတယ်ဆိုတာကို တောင် မသိကြပါဘူး။ သတင်းလိုက် နေတဲ့ တောင်အာဖရိကနိုင်ငံ အခြေစိုက် သတင်းထောက်ဖြစ်တဲ့ ဘာဘရာဂျူံးစ်က အစောင့်များကို ဒီအိမ်ထဲမှာ ဘယ် သူနေတာလဲလို့ မေးတဲ့အခါ အစောင့် တစ်ဦးက အမှတ်တမဲ့နဲ့ သူသိတာကို ဖြေလိုက်ပါတယ်။ “အဘိုးကြီးတစ် ယောက်နဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက် လို့ ပြောတာပဲ”ဆိုတဲ့ အဖြေက သတင်း ထောက်အမျိုးသမီးအတွက် အချိုရှာ သကာတွေ့ ဆိုသလို ဖြစ်သွားစေခဲ့ပါ တယ်။ ဒီဝန်းကျင်မှာ သေသေချာချာ စောင့်ကြည့်နေလိုက်တော့ အစောင့်များ ပြောတဲ့ အဘိုးကြီးဆိုသူက ဘေ့စ်ဘော ဦးထုပ်ဆောင်းပြီး အင်မတန်သေးငယ် တဲ့ လေဆိပ်ဆီ ဦးတည်မောင်းသွားတာ ကို တွေ့ရပါတယ်။ လေဆိပ်မှာ အဘိုး ကြီးက ဂျူံးစ်ကို သူတို့နှစ်ယောက်အနေ နဲ့ မွေးစားသား မက်ဒေါ့စ်ကို အရိပ်တ ကြည့်ကြည့် ရှိကြကြောင်း၊ အလုပ်တွေ များနေပေမဲ့ သားကိုတော့ ဂရုစိုက် ကြကြောင်း၊ သူတို့ဇနီးမောင်နှံနှစ် ယောက် တစ်ယောက်မဟုတ် တစ်ယောက် သား အနားမှာ နေနိုင်ဖို့ သူ ရုပ်ရှင်ရိုက်ရင် ဂျိုလီက မရိုက်ဘဲနေ မှာဖြစ်ပြီး ဂျိုလီ ရုပ်ရှင်ရိုက်နေရင် သူက မရိုက်ဘဲ နေဖို့အထိ စီစဉ်ထားပြီဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
ပင်လယ်ကမ်းခြေရဲ့နေအိမ်မှာ အရင်တုန်းက လင်ကိုယ်မယားနှစ် ယောက်သာ ရှိခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် မျက်စိအောက်က အပျောက်မခံခဲ့ကြတဲ့ ဂျိုလီတို့မောင်နှံ ကြားမှာ သားတစ်ယောက် တိုးပွားလာ ခဲ့ပါပြီ။ ဒါကြောင့် ဆက်ဆံရေးကလည်း ပြောင်းလဲစပြုလာပါတယ်။ ဘီလီ ဘော့ပ်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ အင်း ဂရစ်အားလ်က “အရင်တုန်းကတော့ ဂျိုလီရဲ့ဘ၀မှာ ဘီလီဟာ နေတစ်ဆူ၊ လတစ်ဆူဖြစ်သလို ကြယ်တွေဆိုရင်လည်း မမှားဘူးပေါ့။ အခုတော့ ဂျိုလီ ရဲ့စကြ၀ဠာထဲမှာ ဘီလီဆိုတာ မရှိတော့ဘူး။ သူ့ဘ၀မှာ အဓိကကျတာက သူ့သား မက်ဒေါ့စ် ဖြစ်သွားပြီ”လို့ ဆို ပါတယ်။
ဘီလီကို လိုချင်လွန်းလို့ အရူးအမူး ဖြစ်ခဲ့ရပြီး စိတ်ရောဂါကု ဆေးရုံကိုတောင် တက်ခဲ့ရတဲ့ ဂျိုလီက အခု တော့လည်း သားမှသား ဖြစ်နေပါပြီ။ ဂျိုလီရဲ့ ဘ၀ကို လေ့လာ ကြည့်မယ်ဆို င် စွဲလမ်း ရူးသွပ်မှုတွေက တစ်ခုပြီး တစ်ခု ပြောင်းလဲ လာတာကို တွေ့နိုင်ပါ တယ်။ ပထမတော့ မူးယစ်ဆေးဝါးကို စွဲခဲ့တယ်။ ဘီလီကို တွေ့တော့ မူးယစ် ဆေးဝါးကို ဖြတ်ပြီး ဘီလီကို စွဲခဲ့တယ်။ အခုကျတော့လည်း သူ့ဘ၀ထဲမှာ အရေးပါတဲ့ အမျိုးသားကလေးတစ် ယောက် ရှိလာခဲ့ပါပြီ။ ဘီလီက ဂျိုလီ ရဲ့ စိတ်နေသဘောထားကို ရိပ်စားမိ ပေမဲ့ သားသမီးမရှိတဲ့ မိန်းမတစ် ယောက်ရဲ့ စွဲလမ်းမှုလို့ပဲ ယူဆခဲ့ပါ တယ်။ သားရူး ရူးနေတဲ့ ဂျိုလီဟာ သူ့ ရင်ခွင်က လွဲလို့ ဘယ်ကိုမှ မရောက်နိုင် ဘူးလို့လည်း မှတ်ယူ ထားပါတယ်။
Beyond Borders ဇာတ်ကား ရိုက်ကူးပြီးရင် ဂျိုလီတို့ သားအမိနဲ့ သူ LA မှာ ပြန်ဆုံကြမှာပဲလို့ မျှော်လင့်ထားပါတယ်။ ပထမဦးဆုံး ပေါ်လာတဲ့ ပြဿနာကတော့ ဥရောပနိုင်ငံများနဲ့ မြောက်အမေရိကားမှာ သူ့အယ်လ်ဘမ်သစ် ပရိုမိုးရှင်း အတွက် ဖျော်ဖြေရေး ပွဲတွေကို ဧပြီလ ၁ ရက်နေ့ကစပြီး ထွက် ရတော့မယ်ဆိုတဲ့ ကိစ္စပါပဲ။ ဒီဖျော်ဖြေပွဲ တွေပြီးရင်လည်း Bad Santa ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ကူးဖို့ လက်ခံထားပြီ ဖြစ်တာကြောင့် ဖျော်ဖြေပွဲများ မတိုင် ခင်မှာ ဂျိုလီတို့ သားအမိနဲ့ သူ ရက် အနည်းငယ်လောက် နေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း စာနယ်ဇင်းများကို ပြောကြားခဲ့ပါတယ်။ သူက စာနယ်ဇင်း များကို အဲဒီလို ပြောနေပေမဲ့ ဇနီးဖြစ် သူ ဂျိုလီထံက ဘာမှ အဆက်အသွယ် မရခဲ့တာ အတော်ကြာခဲ့ပါပြီ။ သူတို့သား အမိ သတင်းကို ရေဒီယိုကတစ်ဆင့်သာ ကြားနေရပြီး ဇနီးသည်ထံကတော့ ဘာမှ မသိရပါဘူး။
သူ့ဖျော်ဖြေရေး ခရီးစဉ်များက အောင်မြင်မှု ရခဲ့ပြီး တိုရန်တိုမြို့မှာ မေ လ ၂၈ ရက်နေ့က နောက်ဆုံးပွဲကိုသီဆို ခဲ့ပါတယ်။ ဒီမြို့က သူနဲ့ငြိခဲ့ဖူးတဲ့ လေကြောင်း ထိန်းသိမ်းရေးအရာရှိ ရှီလာမက် ကွန်ဘီရဲ့ ဇာတိမြို့လည်း ဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ ဂျိုလီက ရိုက်ကွင်းကနေ ခွင့်တောင်းပြီး နမီးဘီးယားနိုင်ငံ ၀င်းဟုတ်မြို့နားက အော်စရီကယ်ဆယ် ရေးစခန်းကို သွားရောက်လေ့လာနေပါ တယ်။ ဂျိုလီက လူနေယာယီတဲပေါင်း ၂၇၀ နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းများ ကို လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီကတစ် ဆင့် သားနဲ့အတူ Beyond Borders ရုပ်ရှင်ဇာတ်ကား လက်စသတ်ရိုက်ကူး ဖို့အတွက် ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပါ တယ်။ မက်ဒေါ့စ်ကတော့ မိခင်နဲ့အတူ ကုလားအုတ်စီးရတာ၊ ရဟတ်ယာဉ်စီး ရတာတွေကို ပျော်နေခဲ့ပါတယ်။ ဂျိုလီ က ထိုင်းနိုင်ငံကို ရောက်ရှိလာချိန်မှာ လည်း ဘန်ကောက်မြို့ အနောက်ဘက် မှာ ရှိတဲ့ ဒုက္ခသည် ၉၀၀၀ တို့ မှီခိုနေ ထိုင်တဲ့ သမ်းဟင်း ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပြီး ဒေါ်လာ ၁ သိန်းနဲ့ အမျိုး သမီးများ အတွက် ထဘီများ လှူဒါန်းခဲ့ ပါတယ်။
ဒီကာလများက ဂျိုလီအနေနဲ့ ရုပ်ရှင်ကားများမှာ အောင်မြင်မှုထက် လူမှုရေး လုပ်ငန်းများကို မမောနိုင် မပန်းနိုင် လုပ်ဆောင်မှုက အောင်မြင်မှုပိုမိုရရှိစေ ခဲ့တာ ဖြစ်ပါတယ်။ UNHCR မှ အရာရှိ တစ်ဦးဖြစ်တဲ့ ရှာနွန်ဘွိုက်က “ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ဂျိုလီက တကယ်ကို ထိရောက် အရေးပါတဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာတယ်။ သူ့ကြောင့် ကျွန်မတို့အဖွဲ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒုက္ခသည်များ ကာကွယ်စောင့်ရှောက် ရေး၊ ကူညီပေးရေး လုပ်ငန်းတွေမှာ အများပြည်သူရဲ့ ထောက်ပံ့အားပေးမှု တွေ ရလာတဲ့အပြင် ဒုက္ခသည်များရဲ့ လူ့အခွင့်အရေးကိုလည်း လေးစားလာ ကြတယ်”လို့ ဆိုပါတယ်။
ဧပြီလမှာ ဘီလီက မက်ဒေါ့စ် အတွက် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ရရှိ ပြီလို့ ကြေညာပါတယ်။ ဒါကြောင့် ဂျိုလီ က ဖနွမ်ပင်ကို နောက်တစ်ခေါက်သွား ပြီး စာရွက်စာတမ်းများ ပြည့်စုံရေး ဆောင်ရွက်ကာ လော့စ်အိန်ဂျလိစ်ကို ဇွန် လ စောစောပိုင်းမှာ ရောက်ရှိလာခဲ့ပါ တယ်။ ဘီလီနဲ့ ဂျိုလီတို့ တစ်ယောက် နဲ့တစ်ယောက် မဆုံဖြစ်ခဲ့ကြတာ မတ် လလယ်ကတည်းက ဖြစ်ပါတယ်။
ဇွန်လ ၃ ရက်နေ့မှာ သူတို့နှစ်ယောက် ပြန်လည် ပေါင်းစည်း မိကြပါတယ်။ အဲဒီနေ့က ဂျိုလီရဲ့မွေးနေ့ မတိုင်ခင် တစ်ရက် အလိုမှာ ဖြစ်ပါတယ်။ မျက်နှာချင်း ဆိုင်လိုက်တာနဲ့ သူတို့နှစ်ယောက် ကြားမှာ အငြင်းအခုံ ဖြစ်စရာတွေက အဆင်သင့် ရှိနေခဲ့ပါပြီ။ ဂျိုလီက ဘီလီ ဟာ ဖျော်ဖြေရေးခရီးစဉ်တစ်လျှောက် လုံးမှာ တခြား မိန်းမများနဲ့ ပျော်ပါး နေခဲ့တယ်လို့ စွပ်စွဲပါတယ်။ ဘီလီ စိတ်ပူခဲ့တာ မှန်ပေမဲ့ ဘာကြောင့် ဒီလိုစွပ် စွဲလာတယ်ဆိုတာကိုတော့ တွေးလို့ မရခဲ့ ပါဘူး။ ဘီလီနဲ့ သေတစ်ပန်သက်ဆုံး နေပါမယ်လို့ ကတိသစ္စာ အထပ်ထပ်ပြု ထားတဲ့ မိန်းမက အချိန် မဆိုင်းတော့ဘဲ ပစ္စည်းတွေ ကောက်ကာငင်ကာ သိမ်း လိုက်ပြီး စတုရန်းပေ ၁၁၀၀၀ ကျယ် ၀န်းတဲ့ အိမ်ကြီးကို စွန့်ခွာသွားပါတော့တယ်။ ညီလေးတစ်ယောက် ရတော့ မယ်လို့ အမျှော်ကြီး မျှော်နေခဲ့တဲ့ ၀ီလျံ နဲ့ ဟယ်ရီတို့မှာ သူတို့ မျှော်နေတဲ့ ညီကို ကြည့်ခွင့်တောင် မရလိုက်ကြပါဘူး။ ဘီလီနဲ့ ဂျိုလီတို့ရဲ့လမ်းခွဲက ပထမဆုံး အကြိမ် ဆုံစည်းမှုလိုပဲ အင်မတန် မြန်ဆန်ပြီး ပေါက်ကွဲ သွားခဲ့တာပါ။ အခုတော့ ဘီလီက လော်ရာဒန်း ဘယ်လို ခံစားခဲ့ရမယ်ဆိုတာကို နားလည်လိုက် ပါပြီ။
ဂျိုလီဘက်က ကြည့်ပြန်တော့လည်း ဒီလို ပေါက်ကွဲမထွက်ခင် လပေါင်းများစွာကတည်းက ကျိတ်ခံခဲ့ရ တာတွေ များနေပြီလို့ ဆိုပါတယ်။ ပြောရမယ်ဆိုရင် မွန်ထရီရယ်လ်မှာ အိမ်ငှား နေခဲ့တဲ့ မတ်လကတည်းက အစပြုခဲ့ တာပါ။ “အိမ်ထောင်ရေးက အဆင် မပြေပါဘူး။ ကျွန်မဘက်က အဆင် မပြေသလို သူ့ဘက်ကလည်း အဆင်မပြေဘူး ထင်ပါတယ်။ ဒါကြောင့် ကိုယ့် အထုပ်ကိုယ် သိမ်းပြီး နှုတ်ဆက် လမ်းခွဲ ခဲ့တာပါပဲ။ ဒီလို လမ်းခွဲလိုက်တဲ့ အတွက် ကျွန်မမှာ လွတ်လပ်မှု အရသာ အပြည့်အ၀ ရရှိခဲ့တယ်”လို့ ဆိုပါတယ်။ “သူ ဖျော်ဖြေရေးခရီးသွားစဉ်ကတည်းက ကျွန်မ အပေါ်မှာ သစ္စာစောင့်ခြင်း မရှိ ခဲ့ဘူး။ ကျွန်မက ကောလာဟလတွေကို ယုံတတ်တဲ့ မိန်းမ မဟုတ်ပါဘူး။ ကျွန်မ ကြားတဲ့ သတင်းတွေဟာ ကောလာ ဟလတွေ မဟုတ်ဘဲ အစစ်အမှန်တွေ ဖြစ်တယ်လို့ တိတိကျကျကို ယုံတာပါ” လို့လည်း ဆိုပါတယ်။ ဘီလီရဲ့ တီးဝိုင်း ထဲကအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ မိုက်ကယ်လ် ရှစ်ပ်ဆိုသူကတော့ ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိတာတွေလို့ ဆိုပါတယ်။ ဘယ်သူက ဘယ်လိုပဲ ပြောပြော ဂျိုလီ က “ကျွန်မ မျက်လုံးနဲ့ မြင်ခဲ့တာတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းတွေက အမှန်အကန်ပဲ ဆိုတာကိုတော့ ကျွန်မ ယုံတယ်”လို့သာ ထပ်ဖန်တလဲလဲ ဆိုခဲ့ပါတယ်။
တကယ်တော့ သူတို့နှစ်ယောက် နောက်ဆုံး ပေါက်ကွဲမှု မတိုင်ခင်မှာ ပြဿနာ သေးသေးကလေးတွေ များစွာရှိ ခဲ့ပါတယ်။ ဘီလီက သူ့ဂီတကို ခင်တွယ် မြတ်နိုးနေစဉ်မှာ ဂျိုလီက သူ့သား မက်ဒေါ့စ်အပေါ် အရေး ထားနေပါတယ်။ ဒါကြောင့်လည်း ဂျိုလီအတွက် ဘီလီရဲ့ ဂီတဟာ အရေး မပါတော့ဘဲ မက်ဒေါ့စ်မှ မက်ဒေါ့စ်ဖြစ်နေခဲ့တာပါ။ “ကျွန်မမှာ ခက်ခက်ခဲခဲ သားလေးတစ် ယောက် ရခဲ့တယ်။ ဒီသားဟာ ကျွန်မ ဘ၀ပဲ။ သားနဲ့ ကျွန်မကြားမှာ ဘယ်အရာကမှ အတားအဆီး ဖြစ်မလာနိုင် ဘူး။ တကယ်လို့ အတားအဆီး ဖြစ်လာ မယ်ဆိုရင် အဲဒီ အရာကို ကျွန်မ စွန့်ပစ် မှာပဲ”လို့လည်း ဆိုပါတယ်။
အဲဒါအပြင် ဂျိုလီရဲ့ စိတ်ထဲမှာ ဘီလီဟာ သူမ လုပ် ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းများကို လည်း နှစ်နှစ်ကာကာ မရှိဘူးလို့ ခံစား ရပါတယ်။ ဘီလီက ဒုက္ခသည်တွေနဲ့ ဆင်းရဲမွဲတေမှုဆိုတာဟာ ကောင်းကင် ပေါ်က ကျလာတဲ့ မိုးစက်တွေလို ဘာမှ ထူးခြားမှု မရှိပါဘူးလို့လည်း ပြော ခဲ့ဖူးတဲ့အတွက် ဂျိုလီက ဆတ်ဆတ်ခါ နာကျင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ “သူ က သူ့ဂီတကလွဲရင် ဘာမှ မသိဘူး။ ကျွန်မကလည်း သားက လွဲရင် ဘာမှ အရေးမကြီးဘူး။ အဲဒီတော့ ကိုယ့် အတွက် ကိုယ် အရေးကြီးတာကို ရွေး ချယ်နိုင်ကြဖို့ လမ်းခွဲ ခဲ့ကြတာပဲ။ သူ့ အတွက် ကောင်းပါတယ်။ ကျွန်မ အတွက်လည်း တခြားဦးစားပေးစရာ တွေ လုပ်လာနိုင်တာပေါ့”လို့ ဆိုပါ တယ်။
ဘီလီအတွက်တော့ ဂျိုလီရဲ့စွပ်စွဲ ချက်တွေဟာ အသစ်အဆန်းတွေ ဖြစ်နေ ပါတယ်။ သူ့အကျင့်တွေကို ပြင်ပြီး ဇနီး သည်ရဲ့ လူမှုရေးလုပ်ငန်းတွေမှာ သူ တတ်နိုင်သလောက် ပါဝင်ခဲ့တယ်။ နှစ် ယောက်တွဲပြီး ဖောင်ဒေးရှင်း ထောင်ခဲ့ တယ်။ ဇနီးသည်ရဲ့ လိုအပ်ချက်တွေ ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ သူ့ဘက်က ပြင်စရာရှိတာတွေ ပြင်ခဲ့ပြီး ပါပြီ။ ကလေးမွေးစားချင်တယ်ဆိုလို့ လည်း လိုလိုလားလား လုပ်ဆောင်ပေး ခဲ့ပြီးပြီ။ ဒီကြားထဲမှာ ရုတ်တရက်ကြီး စွပ်စွဲခံလိုက်ရတဲ့အတွက် နားမလည်နိုင် အောင် ဖြစ်ခဲ့ရပါတယ်။ “ကျွန်တော့်စိတ် ထင် ပြောရရင် ကျွန်တော်တို့နှစ်ယောက် ဘာကြောင့်လမ်းခွဲကြရတာလဲလို့ မေးရင် ဘယ်သူမှ တိတိကျကျ ဖြေနိုင်မယ် မထင်ပါဘူး။ နိုက်ကလပ်ကို ရှင်သွား နေတာပဲလို့ စွပ်စွဲပြီး အိမ်ပေါ်က ဆင်း သွားတဲ့မိန်းမနဲ့ တူနေတယ်။ နောက်တစ် မျိုးကတော့ ဟယ်လီကော်ပတာပေါ်က နေ မြေပြင်ပေါ်မှာ ရှိတဲ့သူကို ဘာမှန်း မသိ ညာမှန်းမသိ စက်သေနတ်နဲ့ လိုက်ပစ်နေတဲ့ ပုံစံနဲ့ တူနေတယ်။ ကျွန်တော်တို့ လမ်းခွဲကတော့ အဲဒီလိုပါပဲ”လို့ ရှင်းလင်း ပြောပြပါတယ်။
သူချစ်တဲ့ သားအတွက် ဂျိုလီက ချစ်လှပါတယ်လို့ ဆိုခဲ့ဖူးတဲ့ ခင်ပွန်း သည်ကို ပြတ်ပြတ်သားသားပဲ စွန့်ပစ် ခဲ့ပါတယ်။ ကျရောက်လာတဲ့ ၂၇ နှစ် မြောက် မွေးနေ့ပွဲကို ကျင်းပရာမှာ သူ ချစ်တဲ့သားနဲ့အတူ မိခင် မာချီ၊ အစ်ကို ဂျိမ်းစ်တို့ကို ဖိတ်ကြား ကျင်းပခဲ့ပါတယ်။ သားမျက်စိထဲမှာ ပထမဆုံးအကြိမ် အဖြစ် သူစိမ်း နှစ်ယောက်ကို တွေ့မြင်ရ ခြင်းပါပဲ။ မွေးနေ့ပွဲ ကျင်းပပြီးပြီးချင်း မှာပဲ ဂျိုလီက အီကွေဒေါမှာရှိတဲ့ ကုလ သမဂ္ဂ ကယ်ဆယ်ရေး စခန်းများကို လေ့လာဖို့ အတွက် လေယာဉ်နဲ့ ထွက်ခွာ သွားပါတော့တယ်။ ဂျိုလီကို ကြည့်ရတာ ဘာနဲ့ တူသလဲဆိုတော့ အနှစ်နှစ် အလ လ သူ တောင့်တခဲ့တဲ့ ဆုကို ရလိုက်လို့ အပျော်ကြီး ပျော်နေတဲ့ ကလေးတစ် ယောက်နဲ့ တူပါတယ်။
သူ့ကို အဖော်ပြု လာတဲ့သူက လူမမည် ကလေးငယ်လေး တစ်ယောက်ပါ။ တကယ်လို့ သူတစ်ယောက်တည်း နာမည်နဲ့သာ မွေးစား မယ်ဆိုရင် မက်ဒေါ့စ်ကို မွေးစားခွင့် ရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လ ဆိုတော့ အလုပ် အင်မတန် များပြီး မူးယစ်ဆေးဝါး သုံးစွဲခဲ့တယ်ဆိုတဲ့ နောက် ကြောင်း ရာဇ၀င်ရှိတဲ့ သူလို မိန်းမတစ်ယောက်က ကလေးတစ်ယောက်ကို မွေး စားပါမယ်ဆိုတာ သက်ဆိုင်ရာများက အလွယ်တကူ လက်ခံမှာ မဟုတ်ပါ ဘူး။ လူမျိုးမတူ၊ ယဉ်ကျေးမှု မတူတဲ့ အပြင် ကလေး အနားမှာ စောင့်ရှောက် မယ့်သူ ရှိနိုင်မှာ မဟုတ်ဘူးလို့ အာ ဏာပိုင်များက စဉ်းစားကြမှာပါ။ ခင်ပွန်းသည် ရှိပါတယ် ဆိုတဲ့အချက်က ဂျိုလီအတွက် အထောက်အပံ့ အများကြီး ရသွားခဲ့တာပါ။
ဘီလီကတော့ ဖျော်ဖြေဖို့ ကျန်နေသေးတဲ့ မြောက်အမေရိက ခရီးစဉ်များ ကို ဆက်လက် ထွက်ခွာခဲ့ရပါတယ်။ သူ့ ကို ချစ်လှချည်ရဲ့လို့ ဆိုခဲ့တဲ့ မိန်းမက စွန့်ခွာ သွားတဲ့နောက် သူ့အပေါ် သစ္စာရှိ ဆဲဖြစ်တဲ့ ဘတ်ဝိုင်ဇာ အရက်ကိုသာ အဖော်ပြုနေရပါတော့တယ်။ ဘီလီရဲ့ ဖျော်ဖြေရေး ခရီးစဉ်များကို ကြည့်ဖူးတဲ့ သူတစ်ယောက်က “ဘီလီက မိန်းမရှုပ်တာ မဟုတ်ပါဘူး။ သူ့ဂီတမှာ စီးဝင် မျောပါကြတဲ့ မိန်းကလေးတွေကသာ သူ့ကို သွားကပ်ကြတာပါ”လို့ မှတ်ချက် ချပါတယ်။
ခင်ပွန်းသည်နဲ့ လမ်းခွဲပြီး အီကွေ ဒေါကို ရောက်ရှိလာတဲ့ ဂျိုလီက USA Today စာစောင်ကို ပြောကြားရာမှာ “ကျွန်မ ဒေါသဖြစ်တယ်။ ၀မ်းလည်း နည်းတယ်။ ဘ၀မှာ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့တာတွေ ရင်ဆိုင်တွေ့လိုက် ရတယ်။ နှစ်နှစ်ကာကာ စွဲလမ်းခဲ့တဲ့ လူတစ်ယောက်နဲ့ လမ်းခွဲရခြင်းကို ဘာကြောင့်ပါလို့ ပြောရတာတော့ အင်မတန် ခက်ပါတယ်”လို့ ဆိုခဲ့ပါတယ်။
ဂျိုလီက ကုလသမဂ္ဂရဲ့ ဂုဏ်ထူး ဆောင် သံအမတ်ဖြစ်လာခြင်းက နိုင်ငံ ရေးအရ ပစ်မှတ်တစ်ခုလည်း ဖြစ်လာခဲ့ ပါတယ်။ ဇူလိုင်လ အတွင်းမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဒက်စ်မွန်တူးတူး၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုဖီအာနန်တို့နဲ့အတူ ကမ္ဘာ့ဒုက္ခသည်များ နေ့ကို ကျင်းပခဲ့ပါတယ်။ အဲဒီပွဲ အပြီးမှာ ထွက်ပေါ်လာတဲ့ သတင်းတစ် ပုဒ်ကတော့ သြစတြေးလျ နိုင်ငံထုတ် Age သတင်းစာမှာ ဖော်ပြခံရပါတယ်။ အဲဒီ သတင်းကတော့ ဖနွမ်ပင်မှာ ရှိတဲ့ လူ့အခွင့်အရေး အဖွဲ့နဲ့ ကလေးသူငယ် များ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့တို့ က ဂျိုလီ မွေးစားဖို့ ခေါ်ယူသွားတဲ့ မက်ဒေါ့စ်ကလေးဟာ မိဘမဲ့ ကလေး မဟုတ်ဘဲ ကလေးအမေကို ဒေါ်လာ ၁၀၀ ပေးပြီး ၀ယ်ယူသွားတာ ဖြစ်တဲ့အပြင် ကလေးကို အမြန်ဆုံး ခေါ်ယူခွင့် ရရှိအောင် သံရုံးမှ အရာရှိများကို လာဘ်ပေးပြီး ဆောင်ရွက်ခဲ့တာ ဖြစ်တယ်ဆိုတဲ့ သတင်းပါပဲ။
LICADHO ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ ကက် ဂါလာဘရူးဆိုသူကလည်း “ကျွန်တော် သေချာတာကတော့ ဂျိုလီ ခေါ်သွားတဲ့ ကလေးဟာ မိဘမဲ့ကလေး မဟုတ်သလို စွန့်ပစ် ခံထားရတဲ့ ကလေးလည်း မဟုတ်ဘူး ဆိုတာပဲ”လို့ ဆိုပါတယ်။ ဒီ သတင်းကြောင့် အမေရိကန် နိုင်ငံအတွင်း ကို ကမ္ဘောဒီးယားနိုင်ငံမှ ကလေးငယ် များခေါ်ယူဖို့ ဗီဇာ ပိတ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ “မွေးစားဖို့ ခေါ်သွားကြ တဲ့ ကလေး အများစုဟာ မိဘမဲ့ ကလေးတွေ မဟုတ်ပါဘူး။ ကမ္ဘောဒီးယားမှာ ကလေး ရောင်းစားချင်တဲ့ မိဘတွေ အများကြီး ရှိပါတယ်။ တချို့ဆိုရင် ဒေါ်လာ ၅၀ လောက်နဲ့ကို ရောင်းချင်တာ ပါ”လို့ သူက ဆိုပေမဲ့ ခိုင်မာလုံလောက်တဲ့ သက်သေပြချက်တော့ မရှိခဲ့ပါဘူး။
အဲဒီ အချိန်အတွင်းမှာ အမေရိကန် အရာရှိများက ကလေးများ မွေးစားနိုင် အောင် ကြားခံ ဆောင်ရွက်ပေးတယ် ဆိုတဲ့ လော်ရာဂါလင်ဒိုနဲ့ ပတ်သက်ပြီး အလေးအနက်ထား စုံစမ်းကြပါတယ်။ ၂ နှစ်လောက် နောက်ကြောင်းရာဇ၀င် တွေကို လေ့လာလိုက်တဲ့အခါမှာ ဂါလင် ဒိုဟာ ကမ္ဘောဒီးယားနိုင်ငံမှာ သူ့အတွက် ကလေး ရှာပေးတဲ့သူ သို့မဟုတ် ၀ယ်ပေးတဲ့သူ သို့မဟုတ် ခိုးပေးတဲ့ သူများကို ငွေကြေး ထောက်ပံ့ပေးတဲ့ အပြင် ကလေးများနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အတုများကိုလည်း ဖန်တီးပေး တယ်ဆိုတာ တွေ့လာရပါတယ်။ ဂျိုလီက သူ့သားရဲ့ဇာစ်မြစ်ကို စုံစမ်း ထောက်လှမ်းနိုင်ဖို့အတွက် အလွတ်စုံထောက် တစ်ဦး ငှားရမ်းပြီး ရှာဖွေ စေခဲ့ပါတယ်။ စုံထောက်များ ရှာဖွေတွေ့ရှိတဲ့ အချက် များကို လူသိရှင်ကြား ထုတ်ဖော် မပြောကြားတဲ့ အတွက် သိခွင့် မရခဲ့ကြပါဘူး။
ကာလ အနည်းငယ်အကြာမှာ တော့ တရားရုံးတော်က ဂါလင်ဒိုမှာ အပြစ် ရှိတယ်လို့ ဆုံးဖြတ်လိုက်တဲ့ အတွက် ဖက်ဒရယ်အကျဉ်းထောင်မှာ ၁၈ လ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါ တယ်။ ဖြစ်ရပ်တွေကို လေ့လာကြည့် မယ်ဆိုရင် ဂျိုလီရဲ့ကမ္ဘာမှာ ဘယ်ကိစ္စ မှ ချောမွေ့တယ်ရယ်လို့ မရှိခဲ့ပါဘူး။ သူ အင်မတန် ချစ်မြတ်နိုးတဲ့သားကို မွေးစားတဲ့ ကိစ္စမှာတောင် နှစ်ပေါင်းများစွာ တအုံနွေးနွေး စိတ်မအေးနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ မက်ဒေါ့စ် သူ့ဘ၀ထဲ ၀င်လာတဲ့ အတွက် ဂျိုလီရဲ့ဘ၀မှာ အရေးပါ အရာ ရောက်တဲ့ ယောက်ျား နှစ်ဦးကို စွန့်လွှတ် ခဲ့ရပါတယ်။ တစ်ဦးက သူ့ကို မွေးဖွားခဲ့တဲ့ ဖခင်ဖြစ်ပြီး နောက်တစ်ဦးကတော့ သူ့ကို ချစ်ခင် မြတ်နိုးခဲ့တဲ့၊ သူလည်း အရူးအမူး ဖြစ်ခဲ့ တဲ့ ခင်ပွန်းသည်ပါပဲ။
ဘီလီနဲ့ ကွာရှင်း ပြတ်စဲရေး ကိစ္စတွေ ဆောင်ရွက်နေစဉ်မှာ ဂျိုလီက သူ့ထုံးစံအတိုင်း ဖခင်ဖြစ်သူ နဲ့ လိုက်တမ်းပြေးတမ်း ကစားနေခဲ့ပါ တယ်။ ဖခင် လာတယ်ဆိုရင် ဂျိုလီက မမြင်ကွယ်ရာကို ပြေးတော့တာပါ ပဲ။ ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ မှာ ပါရာမောင့် ရုပ်ရှင်ကုမ္ပဏီကြီးက သက်တမ်း ၉၀ ပြည့်တဲ့အခမ်းအနား ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပတာ ဖြစ်လို့ ဟောလိဝုဒ်ရဲ့ ငွေကြယ်ပွင့်များ စွာတို့ တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲ မှာ ဂျွန်ဗွိုက်က သူ့သမီးနဲ့ တွေ့ဆုံပြီး နေပုံထိုင်ပုံတွေ ပုံစံပြောင်းလဲဖို့ ပြော မယ်လို့ ကြိုးစားပါတယ်။
အပြာနုရောင် ၀တ်စုံ ၀တ်ဆင်ပြီး ရောက်ရှိလာတဲ့ ဂျွန်ဗွိုက်က အနုပညာသည်များ ကြားထဲမှာ သူ့သမီးကို ကျီးကန်းတောင်းမှောက် ရှာကြည့်လိုက်တဲ့ အခါ တစ်နေရာမှာ သရုပ်ဆောင်များ ၀ိုင်းနေတဲ့ သမီးကို တွေ့လိုက်ပါတယ်။ ခက်ခက်ခဲခဲ တိုးဝှေ့ပြီး သမီးနားကို ရောက်အောင် ကြိုးစားပါတယ်။ ခပ်လှမ်းလှမ်းကို ရောက်တဲ့အခါ သမီး နာမည်ကို လှမ်းခေါ် လိုက်စဉ်မှာပဲ မိခင် ဖြစ်သူ မာချီ ကျန်းမာရေး မကောင်းတဲ့ အတွက် ဂျိုလီရဲ့ မန်နေဂျာ အဖြစ် ဆောင် ရွက်ပေးနေတဲ့ ဂီယာကို စင်စကီးက တားလိုက်ပါတယ်။ “ရှင့်ကို မင်းသမီး က မတွေ့ချင်ဘူးတဲ့”လို့လည်း ပါးစပ်က ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
သမီးနဲ့ အဖေကြားမှာ မန်နေဂျာ တစ်ယောက်က ၀င်ရောက် စွက်ဖက်ခြင်းကတော့ မတင့်တယ်လှပါဘူး။ အဲဒီလို ဖြစ်ပျက်ခဲ့တာကို ကိုစင်စကီးက Access Hollywood သို့ ပြောကြားရာမှာ ဂျွန်ဗွိုက်က ဂျိုလီ ကို အတင်းရော အဓမ္မပါ လက်မောင်း ကနေ ဆွဲခေါ်နေတဲ့ အတွက် သူက ၀င်တား လိုက်ရတာပါလို့ဆိုပါတယ်။ ဘယ် လိုပဲဖြစ်ဖြစ် အဖေနဲ့သမီး မျက်နှာချင်းဆိုင် ဆုံကြပါလျက် ကြေကွဲစရာ အဖြစ် တစ်ခု နောက်တစ်ကြိမ် ဖြစ်ပွားသွားခဲ့ တာပါ။
လူပုံအလယ်ကောင်မှာ အရှက်ခွဲ ခံလိုက်ရတဲ့ ဂျွန်ဗွိုက်က သူ့သမီးနဲ့ အဆက်အသွယ် ရနိုင်အောင် နောက်တစ် နည်း ကြိုးပမ်းပါတော့တယ်။ ဒီနည်း ကတော့ အဖေတစ်ယောက် အနေနဲ့ သွေး ရူးသွေးတန်း ဆန်လွန်းပါတယ်။
ဂျိုလီရဲ့စိတ်ထဲမှာ တခြားကိစ္စတွေ ကလည်း ရှိနေပါသေးတယ်။ သူ့အဖေနဲ့ဆုံပြီး သုံးရက်အကြာ ဇူလိုင်လ ၁၇ ရက်နေ့မှာ ခင်ပွန်းသည်နဲ့ ကွာရှင်းပြတ် စဲကြောင်း ကြေညာခဲ့ပါတယ်။ တကယ် တော့ ဒီလူဟာ သူ့အသက်ကို ကယ်ခဲ့ သူပါလို့ တင်စားခဲ့ဖူးပြီး သူနဲ့သာ သေ တစ်ပန်သက်ဆုံး နေတော့မယ်လို့ ကတိသစ္စာတွေ ဆိုခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ သူ့ဘ၀ထဲမှာ နောက်ထပ် အမျိုးသား တစ်ဦး ရောက်ရှိနေပြီလေ။ ဒီအမျိုးသားကလေးက လမ်းလည်း မလျှောက်နိုင်သေး၊ စကားလည်း မပြောနိုင်သေးပေမဲ့ ဂျိုလီအတွက်တော့ သူဟာ စကြ၀ဠာ တစ်ခုလုံးနဲ့ တူနေပါ တယ်။ (ဆက်လက်ဖော်ပြပါမည်)
ဝင်းငြိမ်း (ရွေှ့အမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|
ဝင်းငြိမ်း |
| About the author: |
| | |