|
Written by ရာပြည့်
|
|
Friday, 15 June 2012 12:41 |
အနိုင်ယူလိုက် မေမေက ပြောပြပါတယ်။ ကျွန်တော် နှစ်နှစ်သား အရွယ် ၁၉၉၆ ခုနှစ်လောက် ကတည်းက အတီးအခတ် သန်ပါသတဲ့။
argaiv1622
အဲဒါ ဟုတ်လောက်ပါတယ်။ တကယ်တော့ ဂီတမှာ ဘာမှမတတ်ခင် Rhythm လို့ခေါ်တဲ့ နရီ စည်းဝါးကို အရင် သင်ရမှာပါ။ မေမေက ပေါ့ပ်ဂီတကို သဘော ကျသူဖြစ်လို့ ကားထဲမှာဆို ရေဒီယိုသံကို အကျယ်ကြီး ဖွင့်ထားလေ့ ရှိတယ်။ အိမ်မှာ ဆိုရင်တော့ BoyzIIMen ဒါမှမဟုတ် MichaelJackson သီချင်းတွေ ဖွင့်နားထောင် တတ်တယ်။
ကျွန်တော်က လက်နဲ့နီးရာ မှန်သမျှ ဘာမှ မကျန်အောင် တီးပြီး အသံကုန် ဟစ်တယ်။ အိုးတွေ၊ ခွက်တွေ ပလတ်စတစ်ဇလုံတွေ၊ စားပွဲ ကုလားထိုင်တွေ အားလုံးပေါ့။ ဇွန်းတစ်ချောင်းချောင်း ဒါမှမဟုတ် တယ်လီဖုန်း ဒါမှမဟုတ် ကိုယ့်လက်သီးဆုပ်လေးနဲ့ တီးပစ်တာပဲ။ နောက်တော့ မေမေက ကျွန်တော့်ကို ကစားစရာ ဒရမ်လေး ၀ယ်ပေးတယ်။ သူ့ပစ္စည်းတွေ မပျက်စီး စေချင်တာလည်း ပါမှာပေါ့နော်။
အဲဒီ ဒရမ်လည်းရရောကျွန်တော့်ရဲ့ လက်စွမ်းကို လူတွေ သတိထားမိလောက်အောင် တီးတော့တာပဲ။ တကယ်တော့ အဲဒီကတည်းက ကျွန်တော်က ဂီတကို အုတ်မြစ် ချနေခဲ့တာပါ။ မေမေက ရုပ်ရည် လှပပြီး ချစ်စရာ ကောင်းတဲ့ သူဆိုတော့ သူ့ကို စိတ်ဝင်စားတဲ့ ရွှေစွန်ညိုတွေ အိမ်မှာ ၀ဲနေလေ့ ရှိပါတယ်။ အနုပညာ လိုက်စားသူတွေလည်း ပါတာပေါ့။ အနုပညာ ၀ါသနာပါ သူတွေဟာ ဟိုဟိုဒီဒီ အလည်အပတ် မသွားတတ်ကြဘဲဧည့်ခန်းထဲမှာပဲ ထိုင်ပြီး ဂစ်တာတီးကြ၊ အတွေးအခေါ် ဒဿနတွေ အကြောင်း ပြောကြနဲ့သာ နေတတ်ကြသူတွေလို့ ကျွန်တော် ထင်ပါတယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ အဲဒီလို ဧည့်ခန်းထဲမှာပဲ ကြီးပြင်း လာခဲ့ရတာပါ။ (ကျွန်တော် မှန်းဆကြည့်ရရင် အဲဒီတုန်းက မေမေက တစ်ယောက်တည်း ဆိုတော့ ကိုနောက်ပိုးတွေ မေမေ့ကို စိတ်ညွှတ်အောင် လုပ်ကောင်း လုပ်နိုင်လိမ့်မယ်လို့ နားလည်ခဲ့မယ် ဆိုတာပါ။ဒါပေမဲ့ နောက်တစ်ခါ ကြောက်စရာ ကောင်းတဲ့ အချက်ပါ။ အဲဒီကို ထပ်မသွားချင်ပါနဲ့တော့)
မေမေသွားလေ့ ရှိတဲ့ ဘုရားရှိခိုးကျောင်းက ၀တ်ပြုစဉ်မှာ အတီးအမှုတ်တွေ အတော်လေး ပါပါတယ်။ အဲဒီအထဲမှာ အများစုက ခေတ်ပြိုင်ဂီတ အဖွဲ့တွေ ဖြစ်ပါတယ်။ ၀ိုင်းသားတွေက ကျွန်တော့် အသိအကျွမ်းတွေပါ။ သူတို့နဲ့ အတူ အလည်အပတ် ထွက်ဖြစ်တဲ့ အခါမျိုးမှာPercussion တီးတဲ့သူက ကျွန်တော့်ကို တီးခွင့် ပေးတတ်ပါတယ်။ ကျွန်တော် အဲဒီလို တီးချင်ခတ်ချင်မှန်း သိတော့ သူက ကျွန်တော့်ကို သူ့ဒူးပေါ် ထိုင်ခိုင်းပြီး အရင် တီးပြပါတယ်။ ခဏနေတော့ ကျွန်တော့်လက်ထဲ ဒရမ်တီးတဲ့ တုတ်ထည့်ပေးပြီး အတီး ခိုင်းပါတယ်။
ကျွန်တော် အသက်၎နှစ်၊၅နှစ်လောက် ရောက်တော့ ထိုင်ခုံပေါ်တက်ပြီး ဒရမ်ကို ကိုယ်တိုင် တီးနိုင်လာပါပြီ။ အဲဒီအပြင် စန္ဒရား ထိုင်ခုံပေါ် တက်ပြီးခလုတ်တွေ လျှောက်နှိပ်နိုင်ပြီ ဆိုတာလည်း သိခဲ့ရပါပြီ။ အားလုံး အံ့အား သင့်စရာ ကောင်းလောက်အောင်ပဲ ကျွန်တော့် လက်သံက တကယ့် တေးသွားတစ်ခု အလား ထွက်ပေါ်လာ ခဲ့ပါတယ်။ဒီနေရာမှာတစ်ခု ဖြတ်ပြောချင်တာကတော့ စာရှုသူရဲ့ ဘ၀မှာ ဆူဆူညံညံ တီးချင်ခတ်ချင်စိတ် ရှိတဲ့ ကိုယ့်ညီငယ်၊ ဒါမှမဟုတ် ကိုယ်ထိန်း ကျောင်းရတဲ့ ကလေး တစ်ယောက်ယောက်နဲ့များ ကြုံတွေ့ရရင် လွှတ်သာ ပေးလိုက်စမ်းပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကလေးဟာ နောက်ထပ် မတီးချင်တော့တာလည်း ဖြစ်ရင်ဖြစ်မယ်။ တီးရင်လည်း တီးနေလိမ့်မယ်လေ။ ကလေးတွေကို သူတို့ မကျွမ်းကျင်သေးတဲ့ အရာတွေ လုပ်ကြည့်ဖို့ အခွင့်ပေးလိုက်ပါ။ အဲဒီလို မဟုတ်ရင် သူတို့ ဘယ်လို သင်ယူကြရမှာလဲ။
ကိုယ်ကိုယ်တိုင်လည်းပဲ ကိုယ်မကျွမ်းကျင် သေးတဲ့ အရာကို လုပ်ဖြစ်ပါစေ။ကိုယ့်လုပ် ဆောင်ချက်အပေါ် တခြား သူတွေရဲ့ထင်မြင်ချက်ကို ဘေးချိတ် ထားလိုက်စမ်းပါ။ စကိတ်ဘုတ် စီးတဲ့ လူတစ်ယောက်လို၊ ဗီဒီယို တည်းဖြတ်သူ တစ်ယောက်လို။ ဂေါက်ရိုက်သမား တစ်ယောက်လို ကိုယ်လုပ်စရာ ရှိတာကို ရဲရဲတင်းတင်းသာ လုပ်ပါ။ကိုယ်ကျွမ်းကျင်တဲ့ အရာပဲ လုပ်နေမယ် ဆိုရင် ဘယ်တော့မှ အသစ် တစ်ခုကို သင်ယူဖို့ ဖြစ်လာစရာ မရှိပါဘူး။ဘ၀မှာ ကိုယ့်အနားက ဖြတ်သန်းသွားတဲ့ ကြီးမားတဲ့ ဖြစ်နိုင်ခြေတွေ အကြောင်း စဉ်းစားကြည့်ပါ။
အဲဒီ ဖြစ်နိုင်ခြေ အခွင့်အလမ်းတွေကို လက်လွှတ် လိုက်ရတာဟာ ကျွန်တော်တို့ တစ်တွေက ကြက်ပေါက်လေးတွေလို အရာရာကို စူးစမ်းဖို့ ကြောက်ရွံ့နေပြီး အရှုံးသမား တစ်ယောက်လိုမျိုး ဘေးအန္တရာယ်ကို တွေးကြောက်နေလို့ပါ။ ရဲရဲရင့်ရင့်နဲ့ အပြင်ထွက်ပြီး လုပ်စရာ ရှိတာ လုပ်ရဲတဲ့ သူတွေကို ရယ်ပွဲဖွဲ့ရုံက လွဲပြီး ဘာမှ မလုပ်တတ်တဲ့ ကိုယ့်အပေါ် မလို မုန်းထား သူတွေကို အကြောင်း ပြလိုက်စမ်းပါ။ သက်သောင့် သက်သာနေ နေရတဲ့ အ၀န်းအ၀ိုင်းကနေ အပြင်ကို ထွက်လိုက်ပါ။ ကိုယ်ကိုယ်တိုင် မကြိုးစားကြည့်ဘဲနဲ့ ဘယ်တော့မှ မသိနိုင်ပါဘူး။ကျွန်တော် ငါးနှစ်သားလောက် အရွယ်က အကြောင်းကို Nuffက အခုလို ပြန်ပြောဖူးပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ ဒရမ် တီးဖို့ကိုသာ အရမ်း တက်ကြွနေခဲ့ပြီး စန္ဒရားကိုတော့ အဲဒီလောက် မမက်ခဲ့ပါဘူး။
မေမေနဲ့ သူ့ရဲ့ဂီတ မိတ်ဆွေတစ်ယောက် ဖြစ်တဲ့ NathanMcKey တို့က ကျွန်တော့်အတွက် ဒရမ်တစ်စုံလောက် ၀ယ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။Nathanကို ကျွန်တော့် ဘိုးဘိုးက“TheLionKing”လို့ခေါ်ပါတယ်။သူ့ရဲ့ကြီးမား ထူထဲတဲ့ မုတ်ဆိတ် တွေကြောင့်ပါ။ Nathanနဲ့ သူ့ရောင်းရင်း တစ်သိုက်က ဘားဆိုင် တစ်ဆိုင်မှာ ရန်ပုံငွေ ဂီတပွဲလေး တစ်ရပ် ကျင်းပ ပေးခဲ့ကြတယ်။ အဲဒီကရတဲ့ အလှူငွေနဲ့ ကျွန်တော့်အတွက် တကယ့် ဒရမ်အစုံလိုက် ၀ယ်ပေးခဲ့ကြပါတယ်။ Kick Drum, Floor Toms, Snare, Hi-hat, Boom Cymbal အားလုံး အုပ်စုံပါတဲ့ ဒရမ်ဆက် ဖြစ်ပါတယ်။ ကျွန်တော် အဲဒီဒရမ်ဆက်ကို အရူးအမူးကို နှစ်သက်ခဲ့ပါတယ်။အခုဆို မေမေက သူ့စတီရီယို သီချင်းဖွင့်စက်ကို ကျွန်တော့် ဒရမ်တီးခတ်သံနဲ့ အညီ ခပ်ကျယ်ကျယ် ဖွင့်ရပြီပေါ့။
ဘုရားကျောင်း တီးဝိုင်းတွေက နွေရာသီ အားလပ်ရက်တွေမှာ ပွဲလေးတွေ ကျင်းပလေ့ ရှိပါတယ်။ တစ်ခါတော့ ကျွန်တော့်ကို သူတို့ဆီမှာ ဒရမ်တီးပေးဖို့ ဖိတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ခပ်သေးသေး ဆိုတော့ ဒရမ် ဆက်ကြားထဲမှာ တီးဖို့ခတ်ဖို့ အဆင်သင့် ထိုင် နေတာကို အခမ်းအနားမှူးက မမြင်ဘူးလေ။အခမ်းအနားမှူးက “ဒရမ်ဆက်တော့ ယူလာတာ တွေ့ပြီးတီးမယ့် လူက ဘယ်မှာလဲဟေ့”လို့ မေးလာပါတယ်။ကျွန်တော်က နှုတ်နဲ့ မဖြေဘဲ ဒုံချပ်ဒုံချပ်နဲ့ ဒရမ်သံ ပြန်ပေးလိုက်ပါတယ်။ အဲဒီတော့မှ Cymbal Boom နောက်ကွယ်က ကျွန်တော့်ကို အခမ်းအနားမှူးက တွေ့သွားပါတော့တယ်။ သူကပရိသတ်ဘက် လှည့်ပြီး “ပြောရင်ယုံမှာ မဟုတ်ဘူး၊ ဒီမှာဦးထုပ် နောက်လှန် ဆောင်းထားတဲ့ ချာတိတ်လေးတစ် ယောက် ရှိနေတယ်ဟေ့”လို့ လှမ်းပြောလိုက်ပါတယ်။
ဒီလိုနဲ့ ကျွန်တော်နှစ်နှစ်လောက် ဆက်ပြီး ဒရမ်တီးဖြစ် လိုက်တာ လက်လည်း တော်တော် တက်လာပါတယ်။ အဲဒါ၂၀၀၀၊၂၀၀၁ခုနှစ် လောက်ကပေါ့။ ဆိုလိုတာ သိတယ် မဟုတ်လား။ အဲဒီတုန်းက Beyonce ခေတ်ထချိန်ပေါ့။ Beyonceရဲ့ Destiny's ChildကWhitney Houston ရဲ့သီချင်းတွေကို ကျော်ဖြတ် နိုင်ခဲ့ရုံမက Swrvivor, Bootylicious စတဲ့သီချင်း တွေကလည်း တခြား အဆိုတော်တွေ အားလုံးကို ကျော်ဖြတ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ AliciaKeysရဲ့Fallin သီချင်းကို နားဆင် ခဲ့ရပါတယ်။ အဲဒီသီချင်းကို ကျွန်တော် အခုထိ နားထောင်လို့ မ၀သေးပါဘူး။Usherရဲ့U Remind Me လည်း ထွက်လာတယ်။ MissyElliot ရဲ့ဗီဒီယိုGetUrFreakOn ဟာလည်း နှစ်သက်ခဲ့ရတဲ့ သီချင်းပါပဲ။ပြီးတော့Christina Aguilera, Lil' Klm, Mya နဲ့ Pinkတို့ ပြန်လည်ဆန်းသစ်သီဆိုထားတဲ့LadyMarmalade ကလည်း အသည်းစွဲပါ။ အဲဒါတွေ အပြင်Outkast, Nelly, Uncle Kracker, Mary J.Bligeတို့ရဲ့သီချင်းတွေလည်း နားဆင်ခွင့် ရခဲ့ပါတယ်။ ပြောရရင်တော့ အဲဒီနှစ်ဟာ ဂီတလောကအတွက် အကောင်းတကာတွေ စုနေတဲ့ နှစ်တစ်နှစ်ပါပဲ။
ဂီတကိုခံစားခြင်း ကျွန်တော် ခြောက်နှစ် အရွယ် ရောက်တော့ Stratford မြို့လေးက Jeanne Sauv'e Catholicကျောင်းမှာ Grade One ကနေ စတက်ပါတယ်။ ကျောင်းဆင်းပြီ ဆိုတာနဲ့ ကျွန်တော်က ဒရမ် ၀င်တီးပြီး ရေဒီယိုက လွှင့်ပေးတဲ့ ဂီတ သင်ခန်းစာတွေကိုသာ လေ့လာ နေခဲ့ပါတယ်။ စန္ဒရားကိုလည်း နည်းနည်းတော့ လက်တည့် စမ်းနေပြီပေါ့။ကျွန်တော်ဂီတ သင်္ကေတတွေကို မဖတ်တတ်သေးပါဘူး။ (ကျောင်းစာအုပ်မှ ဖတ်ခါစပဲ ရှိပါသေးတယ်)။ မေမေကလည်း အဲဒီအတွက် အကုန် မခံနိုင်ဘူးလေ။ ဒါပေမဲ့ ကျွန်တော်က ကိုယ်လိုချင်တဲ့ အသံက ဘာလဲ ဆိုတာကို သိတယ်။ ဂစ်တာကော့ဒ်နဲ့ တေးသွား မလိုက်ဖက်ဘူး ဆိုရင်ကျွန်တော် သိတယ်။ ဖိနပ်ဘယ်ညာ မှားစီးရင် လူတိုင်း သိနိုင်သလိုမျိုးပေါ့။ ကိုယ်လိုချင်တဲ့ လိုက်ဖက်တဲ့ အသံ မရမချင်း ကျွန်တော်က စမ်းတီးလေ့ ရှိတယ်။ဘုရားကျောင်းမှာ ဓမ္မသီချင်းသံတွေ ကျွန်တော်နား ထောင်ရတော့၊ ဟာမိုနီ လိုက်ပေးနေတဲ့ အသံ တွေဟာ လေထဲက စွတ်စို ထိုင်းမှိုင်းမှုတွေလိုပဲ။ ဒါကို အသေအချာ သင်ယူ လေ့လာဖို့ အကြောင်း အဓိက ပြောချင်တာ မဟုတ်ပါဘူး။ ဒါ့ထက်မက ပိုတာပါ။ ဂီတသံက ကျွန်တော့် အရေပြားထဲ စိမ့်ဝင်သလိုမျိုးပေါ့။ ဘယ်လို ရှင်းပြရမလဲ ကျွန်တော် မပြောတတ်တော့ပါဘူး။
ဂစ်တာကို နိုင်နိုင်နင်းနင်း ကိုင်တွယ် တီးခတ် နိုင်လောက်အောင် လက်မောင်းလက်တံ ရှည်လာတဲ့ အခါ ကျွန်တော်စပြီး စမ်းတီး ခဲ့ပါတယ်။ ဂစ်တာ တီးတယ်ဆိုတာ လက်တွေ သန်မာဖို့ လိုပါတယ်။ လက်ချောင်းလေးတွေ ထိပ်မှာ အသားမာတွေ တက်တဲ့အထိ သန်မာအောင် လေ့ကျင့် တည်ဆောက် ရပါတယ်။ ဂစ်တာကြိုး တွေက ဘလိတ် ဓားသွားတွေလိုပဲ ခံစားရပါတယ်။ ဒါကြောင့် ဂစ်တာ အတီးသင်သူ လူအတော်များများဟာ စိတ်ပျက်လက်လျှော့ ကြတာပါ။ ပထမတော့ သူတို့က “ဂစ်တာ တီးရတာ ပျော်စရာ ကောင်းပြီး၊ လွယ်လွယ်ပေးပါကွာ”လို့ထင်ကြပါတယ်။ မိနစ် သုံးဆယ်လောက် တီးမိပြီးရင်တော့ “အိုး-တကယ် နာတယ်ဟေ့”လို့ ဆိုတတ်ကြပါတယ်။ အဲဒီ အခါကျတော့ ဂစ်တာတီးရင် ဘယ်လောက်ပျော်စရာ ကောင်းတယ် ဆိုတာကို မေ့ပစ်ပြီး အရှုံးပေး လက်မြှောက် သွားတတ်ကြပါတယ်။
တကယ်မှာတော့ ဂစ်တာကို စွဲစွဲမြဲမြဲသာ တီးဖြစ်မယ် ဆိုရင် မြန်မြန် အသား ကျသွားမှာပါ။ အဲဒီနောက်တော့ ရုပ်/သံကြည့်ရင်း၊ ညစာစားဖို့ စောင့်ဆိုင်းရင်းတောင်မှ ဂစ်တာကို လက်မလွှတ်တမ်း တဒေါင်ဒေါင်တီး ဖြစ်နေမှာပါ။ ဒါမှမဟုတ် သူများ အပြော မခံရအောင် ကိုယ့်အခန်းထဲကိုယ် အောင်းပြီး တီးချင်လည်း တီးဖြစ် နေမှာပေါ့။ ဒါပေမဲ့ အဲဒီလို လုပ်ဖို့တော့ မလိုအပ်ပါဘူး။ ကျွန်တော် ဂစ်တာတီးတာ အပျော်အပါး အတွက်ပါ။ ကျွန်တော့် အသက်၈နှစ်၊ ၉နှစ်လောက် ရောက်တော့ ကောင်းကောင်း တီးတတ်နေပါပြီ။
ကျွန်တော့်အတွက် ပျော်စရာ အကောင်းဆုံး အချိန်တွေကတော့ အိမ်ရှေ့ဧည့်ခန်းကို ဖေဖေ အလည်လာပြီး ဂစ်တာ တီးပြတဲ့ အချိန်တွေပါပဲ။သူက ပေါ့ပ်သီချင်းတွေကို သိပ်ပြီး ကြိုက်လှတာ မဟုတ်ပါဘူး။သူကClassic Rock နဲ့ Heavy Metal ဂီတတွေဘက် ပိုပြီး သန်ပါတယ်။ ဖေဖေက Knockin' on Heaven's Door အစရှိတဲ့ Bob Dylanရဲ့ သီချင်းတချို့ ဘယ်လို တီးရ မယ်ဆိုတာ ကျွန်တော့်ကို သင်ပြ ပေးခဲ့ပါတယ်။ ပြီးတော့ Aerosmith, Metallicaနဲ့Guns N' Roses ဂီတအဖွဲ့တွေရဲ့ သီချင်းတွေ နားထောင်ဖြစ်စေခဲ့ ပါတယ်။ အဲဒီကနေ ဂန္ထ၀င်တွေဖြစ်တဲ့ Jimt Hendrixနဲ့ Eddie Van Halen တို့ကိုလည်း (ဂါရ၀ပြုရင်း) နားဆင်ဖြစ်ခဲ့ပါတယ်။Deep Purpleအဖွဲ့ရဲ့ Smoke on the Water သီချင်း တီးခတ်ပုံကိုလည်း ဖေဖေကပဲ ကျွန်တော့်ကို သင်ပြ ပေးခဲ့တာပါ။ကျွန်တော် အခုအထိတောင် အမှတ်ရနေတုန်းပါပဲ။ (ကျွန်တော်နဲ့Dan Kanterတို့ အဲဒီ သီချင်းကို ဖျက်ဆီးလိုက်ကြတာကြားဖူးမှာပေါ့။)
Heavy Metal သီချင်း တစ်ပုဒ်ကို တီးခတ်ဖို့ ဒါမှမဟုတ် ၈၀ ခုနှစ်တစ်ဝိုက်ဆီက Journey နဲ့ Twisted Sisterအဖွဲ့တို့ရဲ့ သီချင်းမျိုးတွေကို တီးတတ်ဖို့ ဆိုရင် Power Chordsခေါ် ဖွဲ့စည်း ပုံထူးခြားတဲ့ ဂစ်တာကော့ဒ်တွေ သိထား၊ ကျွမ်းကျင်ထားဖို့ လိုအပ်ပါတယ်။ ဖေဖေက ကျွန်တော့် ကို အဲဒီ Power Chords တချို့ သင်ပြပေးခဲ့တာ ပါ။ Barre' Chordsတွေ ဘယ်လိုတီးခတ်ရ တယ်ဆိုတာလည်း ဖေဖေကပဲ သင်ပြ ပေးခဲ့တာ ပါ။ Barre' Chordsဆိုတာ လက်ညှိုးကို ဂစ်တာ ဖရက်တံပေါ်မှာ ကြိုးအားလုံးပေါ် ကန့်လန့်ဖြတ် ဖိထားပြီး ကော့ဒ်တွေ ကိုင်တဲ့အခါ အသံနည်း နည်း မြင့်သွားစေခဲ့တာပါ။ ကော့ဒ်ကိုင်တဲ့ ပုံစံ မပြောင်းပေမဲ့ ကီးကိုတော့ ပြောင်းလဲ လိုက်ရ တာပဲ ဖြစ်ပါတယ်။ ဒီတော့ သီချင်းကို ကိုယ့် အသံနဲ့ လိုက်ဖက်တဲ့အသံခွင်မှာ ဆိုလို့ ရနိုင် တာပေါ့။ အဲဒီလို Barre' Chordsမျိုး အခြေခံ အားဖြင့် ငါးမျိုးခြောက်မျိုးလောက် ကိုင်တွယ် တတ်ရင် ဘယ်လို သီချင်းကိုပဲ ဖြစ်ဖြစ် ကောင်း ကောင်းတီးခတ်သီဆိုနိုင်ပါပြီ။ အင်တာနက် ပေါ်ကနေ စာသားတွေကူး၊ အသံ အပြောင်းအလဲ၊ အတက်အကျလေးတွေ နားစွဲအောင် ငါးခါ၊ ခြောက်ခါလောက် နားထောင်လိုက်ပြီးရင်တော့ ကိုယ်တိုင်ဆို တီးလုပ်နိုင်ပြီပေါ့။ ကိုယ့်အခန်းထဲ ကိုယ်တော့ Green Dayပဲပေါ့။
Rockin Robin ညတိုင်ကျရင် ကျွန်တော်ဟာ အခန်းထဲမှာMetallica နဲ့ Match Box၂၀ စတာတွေနဲ့ အလုပ် ရှုပ်နေတတ်တယ်။ နေ့ခင်းဘက် ကျောင်းတက် ချိန်ဆိုရင်တော့ သာမန် ကျောင်းသားတစ်ယောက် အသွင်ပါပဲ။ ကျွန်တော့်ရဲ့ ကျောင်းနေဖက်တွေ အားလုံးဟာ ကျွန်တော့်ရဲ့ ဟိုတစ်ဖက်ခြမ်းကို မသိကြပါဘူး။ ကျောင်းမှာဆို ကျွန်တော်က တခြား သူငယ်ချင်းတွေလိုပဲ ဟော်ကီရူးလေးပေါ့။ အဲဒီလို မြင်တာကိုပဲ ကျွန်တော် သဘောကျပါ တယ်။ တကယ်တော့ ကျွန်တော်က ကျောင်းမှာ သူများတွေထက် နည်းနည်းတော့ ထူးနေပြီးသား ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ Jeanne Sauve; Catholicကျောင်းက ပြင်သစ်ကျောင်း ဖြစ်ပါတယ်။ နာမည်နဲ့ လိုက်အောင်ကိုပဲ ကျောင်းသားတွေဟာ ပြင်သစ်တောထဲ ၀င်ကြရပါတယ်။ အင်္ဂလိပ် စကားလည်း မပြောကြပါဘူး။ အတွေးကတော့ သင်္ချာအပေါင်း အနုတ်တွေ သင်တဲ့အခါ ပြင်သစ် စကားကိုပါ သင်ယူ ပြီးဖြစ်သလို တခြား ပုံမှန် ကျောင်းသားတွေမှာ သင်တာတွေကိုလည်း သင်ပေး ပါတယ်။
အဲဒီ ပြင်သစ်ကျောင်းမှာ ကျွန်တော် သူငယ်ချင်းတွေ အများကြီး ရခဲ့ပါတယ်။ ကျွန်တော် အသက် ခုနစ်နှစ်၊ ရှစ်နှစ်လောက် အရွယ်မှာ ဟော်ကီ ပြိုင်ပွဲဝင် ကစားရတော့ ပုံမှန် အင်္ဂလိပ် စကားပြော ကျောင်းတက်တဲ့ သူတွေနဲ့ အတူ ကစားရပါတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကို ဂီတ လိုက်စားသူ အဖြစ် ရော၊ ပြင်သစ်လို ပြောတတ်တာကိုပါ မသိစေချင်ခဲ့ပါဘူး။ (ဟုတ်ကဲ့၊ အခုတော့ ကျွန်တော် ပြင်သစ်လို ပြောတတ်တဲ့ အတွက် တကယ် ၀မ်းသာ မိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကောင်မလေးတွေက ပြင်သစ်စကား ပြောတတ်တဲ့ လူကို စိတ်ဝင်စား တတ်ကြလို့ပါ။ သူတို့က ပြင်သစ်ဘာသာ စကားကို အချစ်ဘာသာ စကားလို့ ခေါ်ကြတာလေ။ ဒါဟာ တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။ အဲဒီ့အပြင် ကျွန်တော်က ပြင်သစ် ပရိသတ်တွေကိုလည်း ချစ်ပါတယ်။
Tre's Jolie! အဲဒီအချိန် ကာလကနေ အခုအချိန်အထိ ကျွန်တော့်ရဲ့ဟော်ကီ ကစားဖက်တွေဟာ အရင်းအနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် Chaz Somers နဲ့ Ryan Butterတို့ပါပဲ။ သူငယ်ချင်းတို့ရေ တို့တစ်တွေ ပျော်ခဲ့ကြရတယ် မဟုတ်လား။ ကျွန်တော်တို့ တစ်တွေဟာ ဆိုးသွမ်းတဲ့ ကလေးတွေ မဟုတ်ပေမဲ့ တစ်ခါတလေတော့လည်း လွတ်သွား တတ်တာလေးတွေ ရှိပါတယ်။ ကျွန်တော်တို့ဟာ ဘိုးဘိုးနဲ့ဘွားဘွားတို့ အိမ်က မြေအောက် ခန်းလေးထဲ ဆင်းပြီးTVကြည့်ကြ၊ ဆက်တီခုံက မှီအုံးတွေကို ဘောလုံးလုပ်ပြီး ဟိုကန် ဒီကန်ကန်ကြ၊ တစ်ယောက်နဲ့ တစ်ယောက် ကြေးစားနပန်း သမား အကွက်တွေနဲ့ နပန်းလုံးကြနဲ့ ဆော့ချင်တိုင်း ဆော့နေကျပေါ့။ ကျွန်တော်တို့ ဆော့လို့ ကြီးကြီးမားမား ပျက်စီး ဆုံးရှုံးတာမျိုး မရှိပေမဲ့ နည်းနည်းပါးပါးတော့ ရှိတာပေါ့။ မီးအိမ်နှစ်လုံး စတေး လိုက်ရတယ်။ ပြီးတော့ ဘိုးဘိုးရဲ့ အမဲလိုက် အောင်မြင်မှု အထိမ်းအမှတ် အဖြစ် ထားရှိတဲ့ ရုပ်လုံးသွင်း မြေခွေးရုပ်ရဲ့ ခြေထောက်တစ်ဖက်ဟာ ထူးထူးဆန်းဆန်း ပျောက်ဆုံး သွားခဲ့တယ်ပဲ ဆိုပါစို့။
“ဒီကိစ္စ မင်းတို့တစ်တွေ သိတယ်မဟုတ်လား”လို့ဘိုးဘိုးက မေးလာပါတယ်။ ကျွန်တော်တို့ အားလုံးကလည်း အပြစ် မရှိတဲ့ ပုံဖမ်းပြီး မျက်နှာသေလေးနဲ့“မသိရပါဘူး ခင်ဗျာ၊ ကျွန်တော်တို့ကြောင့် မဟုတ်ရပါဘူး”ပေါ့။တစ်ခါတော့ အချိန်မတော် မနက် နှစ်နာရီလောက်ကြီး အိမ်က ခိုးထွက်ကြပြီး စက်ဘီး လျှောက်စီးကြတယ်။ ရဲကတွေ့တော့ဖမ်းပြီး အိမ်ပြန် လိုက်ပို့ပါလေရော။ အဲဒီကိစ္စ အတွက် မေမေက တော်တော် စိတ်ပျက်သွားရှာတယ်။ ကျွန်တော်လည်း သီတင်းပတ် အတော်ကြာ အခန်းထဲအောင်း နေလိုက်ရတယ်။ ဒါပေမဲ့ အဲဒီလို အခန်း အောင်းနေတဲ့ အချိန်အတွင်းမှာBarre’chords တွေ လေ့ကျင့်ဖို့ အချိန် ရသွားခဲ့တယ်။ ဂစ်တာ လက်ကွက် နှစ်ခုလောက်နဲ့ သီချင်းသစ်တွေလည်း ထပ်ပြီး လေ့လာ သင်ယူနိုင်ခဲ့တယ်။
ကျွန်တော်တို့က တင်ပါးကြီးတဲ့ RyanကိုButsy လို့ ခေါ်ကြပါတယ်။ ဒါကိုRyanကတော့ သိပ်ပြီး မနှစ်သက်လောက်ပါဘူး။ စိတ်မကောင်းဘူး သူငယ်ချင်းရေ။ မင်းနာမည်ထဲမှာ အဲဒီစကားလုံး ပါရင် ဘယ်သူက မင်းအပေါ် တက်ခုန်ရဲမလဲ။ ကိုးနှစ်သားလေး တစ်ယောက် အတွက်တော့ တင်ပါးကြီးတာ လူရယ်စရာပါ။ အမှန်တော့ လူတိုင်းအတွက် ရယ်စရာ ဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာ ကိုယ်က ဘာမှ မတတ်နိုင်ဘဲ ဖြစ်ရတာတွေ ရှိပါတယ်။ နာမည်လို ကိစ္စမျိုးပေါ့။ ပြီးတော့ ရေချိုးခန်းကြည့် မှန်ရှေ့မှာ ဆံပင် အခြောက်ခံတဲ့ လေမှုတ်စက်ကို မိုက်ခရိုဖုန်း လုပ်ပြီး MichaelJackson ဟန်နဲ့ သီချင်းဆိုတဲ့ စာရှုသူ အကြောင်းကို တခြား တစ်ယောက်ယောက်က စေတနာ့ ၀န်ထမ်းကာ လူတကာ လည်ပြောပြတာမျိုးပေါ့။ ဒါမျိုးဟာ ကိုယ်တကယ် လုပ်မိတတ်တာမျိုးပေမဲ့ သူများကို လျှောက်ပြောရတာမျိုး မဟုတ်ဘူးလေ။ ကျွန်တော် လုပ်တာက ဒါမျိုးတော့ မဟုတ်ဘူးပေါ့။ ဒီ့ထက်တောင် ပိုပါသေး။အိုကေပါ။ ကျွန်တော်လည်း အဲဒီလိုမျိုးတွေ လုပ်ခဲ့ပါတယ်။
ကိုယ့်ကိုယ်ကို ကာပြီး ပြောရရင်တော့ MichaelJacksonရဲ့ Rockin’Robin သီချင်းဟာ တကယ့် ဂန္ထ၀င် သီချင်းပါ။ ဒါကို ကျွန်တော်က လုပ်ချင်တိုင်း လုပ်ပြီး ဆိုတာလေ။ ကျွန်တော်က ဇာတ်တိုက် လေ့ကျင့် နေတာလည်း မဟုတ်။ ဘာမှ လုပ်တာလည်း ဟုတ်မှ မဟုတ်တာ။ အနည်းဆုံးတော့ အဲဒီလို ဖျက်ဆီးပစ်ဖို့ တွေးခဲ့တာမှ မဟုတ်တာ။ကျွန်တော်က နာမည်ကျော်ရောခ့် ဂီတသမား တစ်ယောက် ဖြစ်လာဖို့ အိပ်မက် မက်ခဲ့တာ မဟုတ်ဘူးလေ။အဲဒီတုန်းကတော့ နာမည်ကျော် ဟော်ကီ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ဖို့ကိုပဲ စိတ်ကူး အိပ်မက် မက်ခဲ့တာပါ။ (ဆက်လက်ဖော်ပြပါမည်)
ရာပြည့် (Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)
|
|
Last Updated on Wednesday, 20 June 2012 11:47 |