ကြယ်ကလေးရဲ့ မိုးကောင်းကင် PDF Print E-mail
Written by ကချင်လေး၊ဆေး-မန်း၊   
Friday, 15 June 2012 16:38
Share |

အဆင့် ကြေညာတော့မှာမို့ ကြယ်ကလေး ရင်ခုန်နေသည်။ ပြိုင်ဘက် မိုးမြင့်မြတ်ကို တစ်ချက် လှမ်းကြည့်မိတော့ ပိုလို့ ရင်ခုန် လာရသည်။

buy cialis jelly onlinebuy generic cialis online viagra black tadalafil dosage
argaiv1468

ငါ့နေရာကို သူ မယူနိုင် ပါစေနဲ့ ဘုရား။  သူမ တစ်ကိုယ်ကောင်း ဆန်စွာ တောင်းဆို နေမိသည်။

“အဆင့်တစ်က မကြယ်ကလေး”။

အိုး ပျော်လိုက်တာ။ သေချာသွားပြီ။ မိုးမြင့်မြတ်က အဆင့်နှစ်ပဲ။ လှိုက်တက် လာသည့် ပျော်ရွှင်မှု တို့က ကြယ်ကလေး မျက်နှာတွင် အတိုင်းသား ပေါ်လွင်နေ၏။ ခါတိုင်းလို ဆရာမ အသံက သြောတောတော ကြီးပေမဲ့ ဒီတစ်ခါ ကြားလိုက်သည့် အသံက ဘာနှင့်မှ မတူ။ ပျားရည်လေးနားထဲ စီးဝင် သွားသလို ချိုမြိန် နေသည်မှာ အမှန်ပင်။ မိုးမြင့်မြတ် မျက်နှာတော့ ရှုံ့မဲ့နေမည်ပင်။ ဆက်ပြီး ကြေညာနေသော ဆရာမ အသံကို ကြယ်ကလေး မကြားတော့။ ကြယ်ကလေး နားထဲမှာတော့ မကြယ်ကလေး အဆင့်တစ် ဆိုသည်ကိုပဲ။

ကြယ်ကလေးတို့ ကိုးတန်းဘီမှာ ကြယ်ကလေးက စာအတော်ဆုံး ဖြစ်သည်။ လိမ္မာ ရေးခြား ရှိသလို ဆရာများ အပေါ်တွင်လည်း ရိုသေမှု ရှိသဖြင့် ကျောင်းသူကျောင်းသားများရော ဆရာများပါ ချစ်ခင်ကြလေသည်။ လူကလည်း ချစ်ဖို့ ကောင်းသလို နာမည်လေးကလည်း ဆန်း သမို့ လူအများ သတိ ထားမိခြင်းလည်း ဖြစ်နိုင် သည်။ သို့သော် ကြယ်ကလေးကိုလည်း မျက်မုန်း ကျိုးနေသူ တစ်ယောက်ရှိသည်။ မိုးမြင့်မြတ် ဆိုသော သူမသည် စာတော်သော်လည်း ကြယ်ကလေးကိုတော့ မယှဉ်နိုင်ပေ။

မိဘက ပိုက်ဆံ ချမ်းသာသောကြောင့်လည်း မာနလေးက တလက်လက် တောက်ပတတ်သေး၏။ နိုင် ထက်စီးနင်းပြုတတ်သော သူမအကျင့်ကြောင့် သူမကိုပေါင်းသင်းချင်သူ နည်း၏။ စိတ်တူကိုယ် တူ မိန်းကလေး သုံးယောက်လောက်သာ သူမနှင့် လက်တွဲနိုင်ကြသည်။ ကြယ်ကလေးတို့ အတန်းပိုင် ဆရာမကိုပင် ချုပ်ကိုင် နိုင်စွမ်းရှိသူ သူမသည် ကြယ်ကလေး၏ ကျော်စောမှုကို မုဒိတာ မပွား နိုင်ပေ။ သူမ၏ မျက်ဝန်းတို့သည် မီးတောက် မီးလျှံတို့နှင့် ပြည့်နေသော မီးတောင်ကြီးသဖွယ် ထိတ်လန့်စရာကောင်းလှ၏။

တစ်ခုသော ထမင်းစား ကျောင်းဆင်းချိန် တွင် ကြယ်ကလေးတို့သူငယ်ချင်းတစ်စု ထမင်း ၀ိုင်းဖွဲ့စားသောက် နေကြသည်။ မကြာခင်မှာ မိုးမြင့်မြတ်ဆိုသော မာန မင်းသမီးနှင့် သူမ၏ နောက်လိုက် ကိုယ်ရံတော်တို့သည် ကြယ်ကလေးတို့ စားသောက် နေရာသို့ ရောက်လာပြီး ခနဲ့တဲ့တဲ့ မျက်နှာထားဖြင့်-

“ဟယ်၊ ကြက်ဥနဲ့ နေ့တိုင်း နှစ်ပါး သွားနေရတဲ့ သူ့ရဲ့မှတ်ဉာဏ်ကလည်း သိပ်ကောင်းပါ လား။ ငါတောင် နေ့တိုင်း ကြက်ဥ စားရမလို ဖြစ်နေပြီ ဟား..ဟား..ဟား...”။ သူမရယ်သော အခါ နောက်လိုက်တို့၏ ထုံစံအတိုင်း သူ့သူ ငယ်ချင်းများက လိုက်ရယ်ကြလေသည်။ ကြယ်ကလေး၏ သူငယ်ချင်းများက ကြယ်ကလေး အပေါ် ထိခိုက်မှုကို မခံနိုင်ကြ။ မာန မင်းသမီးကို ၀ိုင်းပြီး အရည်ဖျော်ပစ်လိုက်ကြချင်သည်။ ကြယ်ကလေး၏ သည်းခံနိုင်မှု အောက်တွင် မာန မင်းသမီး လွတ်ငြိမ်းချမ်းသာခွင့် ရ၏။ ကြယ်ကလေး တီးတိုး ရေရွတ်မိသည်က တစ်ချိန်က တို့ဘ၀ဟာ မင်းထက်သာ ကောင်းသာ နိုင်ပါတယ် မိုးမြင့်မြတ်ရယ်။

၂။
ထို့နေ့က ဆရာမ၏ အသွင်အပြင်သည် ဒေါသကြောင့် ပိုခက်ထန်နေခဲ့၏။  ဆရာမ၏ မျက်နှာတွင် တင်းတိပ်၊ မှဲ့ခြောက်တို့နှင့် ပြည့်နှက်နေသည်။ ထိုအရာကို မပေါ်လွင်စေရန် မိတ်ကပ်ထူထူ လိမ်းသောအခါ ကြည့်ရ အလွန်ဆိုးလှ၏။ ရဲရဲနီအောင် ဆိုးထားသော နှုတ်ခမ်းတို့ကလည်း သွေးဆာ နေသလို စားမည့် ၀ါးတော့မည့်ဟန်။ ဆရာမက ဒေါသ အလွန်ကြီးသလို အရိုက်ကြမ်း ပုံကလည်း စံတင်လောက်၏။ အပြင်ကပြဿ နာများကို ကျောင်းသားများ အပေါ် မျှဝေခံစား စေသဖြင့် ကျောင်းသားများမှာ မရှုမလှခံကြရ လေသည်။ ဖြစ်ပုံက ဆရာမသည် ဆရာမများ နားနေဆောင်တွင် စာစစ်ရန် ကြယ်ကလေးကို စာသင်ခန်းထဲကစားပွဲတွင် ကျန်ခဲ့သော မျက်မှန်ကို ယူခိုင်းခဲ့၏။ ထိုအခွင့်အရေးကို မိုးမြင့်မြတ်က လက်လွတ်မခံဘဲ ကြယ်ကလေး ဆရာမဆီသို့ အသွားခြေထိုး လိုက်လေသည်။ “အမေ့...”ဆို သောအသံနှင့် အတူ မျက်မှန်လေးကပါ ယောင် ယမ်းပြုတ်ကျသွားသောအခါ မှန်နှစ်ဖက်လုံး သည် မျက်မှန်ကိုင်းမှ ခွဲခွာကြလေသည်။ မီးဝင်း ၀င်းတောက်နေသော ဆရာမ၏မျက်လုံးများ အောက်တွင် ကြယ်ကလေး အသက် ရှုကျပ်ခဲ့ ရသည်။ ထိုနေ့အိမ်အပြန်တွင် ကြယ်ကလေး ခြေ သလုံးများ ရောင်ကိုင်းနေခဲ့သည်။

ကြယ်ကလေးတို့ မိသားစုမှာ တစ်ချိန်က ရွှေထီးဆောင်းခဲ့သူများဖြစ်သည်။ ရပ်ရေး ရွာရေး တွင်လည်း လက်မနှေးသောကြောင့် ရပ်ရွာက ချစ်ခင်ကြသည်။ သို့သော်မမြဲသော သဘော တရားတို့က သူမတို့မိသားစုကို အလဲထိုးတိုက် ခိုက်ကြလေသည်။ ခေါက်ရှာငှက်ပျံ လောကဓံ ဆိုသော သဘောတရားတို့က သူမတို့ မိသားစုကို အလဲထိုး တိုက်ခိုက်ကြလေသည်။ ခေါက်ရှာငှက်ပျံ လောကဓံ ဆိုသော သဘော တရားတို့သည် သူမ တို့မိသားစုကို ရှုံးနိမ့်သူများ အဖြစ် ကပြ အသုံးတော် ခံစေသည်။ ကြယ်ကလေး အဖေလည်း အိပ် ရာထဲလဲ နေခဲ့သည်မှာ နှင်းပွင့် တို့ပင် နှစ်ခါကြွေခဲ့ လေပြီ။ ကြယ်ကလေးတွင် ပညာရေး ကောလိပ် တက်နေသော အစ်မ တစ်ယောက်ရှိသည်။ သူမအစ်မနှင့် သူမ၏ ကျောင်းစရိတ်ကို အမေဖြစ်သူ တစ်ယောက်တည်း ရှာဖွေ နေရသည်မှာ မလွယ် ကူလှပေ။ တစ်ခါတစ်ရံ မေမေ မျက်ရည်ခိုးကျ တတ်သည်။ သို့သော်အမေသည် စိတ်ဓာတ်ပျော့ညံ့သူ တစ်ဦးတော့ မဟုတ်ခဲ့ပါ။ လက်ရှိ အမေ ရောင်းသော ဈေးဆိုင်ကလေးကပင်(တစ်ခါတစ်ရံ ဆန်ပြုတ် သောက်ရသည်မှ လွဲပြီး)ကြယ်ကလေးတို့ ထမင်း မငတ်စေခဲ့ပါ။

ကြယ်ကလေး ကျောင်းသွားလျှင် သူငယ်ချင်း စုစု၏ စက်ဘီးကလေးနှင့် လိုက်ရ၏။ ဟို အရင် တစ်ချိန်က သူမ၏ စက်ဘီးလှလှလေးသည် ရုတ်တရက် ကြုံလာသော အခက်အခဲ တစ်ခုကို ဖြေရှင်းရန် ရောင်းပစ် လိုက်ရသည်။ ကြယ်ကလေး ၀မ်းနည်းသော်လည်း မငိုပါ။ အခုလည်း စုစုနှင့် လိုက်ရတာ အဆင်ပြေပါသည်။ တစ်နေ့တော့ ငါစုထားတဲ့ မုန့်ဖိုးလေးနဲ့ စက်ဘီးကလေး ၀ယ်မယ် ဟူသော အတွေးဖြင့်ပင် ကြယ်ကလေး ကျေနပ် ရလေသည်။ လမ်းတွင် ဟိုတစ်နေ့က အဖြစ်ကို တွေးမိပြီး ကျောချမ်းသွားရသည်။ သို့ သော် အဖြစ်မှန်ကို သိလျက်ကြယ်ကလေးကို ရိုက်သော ဆရာမကို ကြယ်ကလေး မငြိုငြင်ပါ။ ဆရာ ဟူသည် မိဘနှင့် တစ်ဂိုဏ်းတည်း ဟူသော မေမေ့ စကားကို ကြယ်ကလေး မမေ့ပါ။ ဆရာမက လည်း ကြယ်ကလေးကို ချစ်သည်ဟု ကြယ်ကလေး ထင်ပါသည်။ အမြဲ အဆင့်တစ် ရသော ကြယ်ကလေးကို ဆရာမချစ်မှာ သေချာပါသည်။

၃။
သီတင်းကျွတ် ကျောင်းပိတ်တော့မည်မို့ ကျောင်းသား ကျောင်းသူများ မုန့်လုပ်စားကြ သည်။ ကြယ်ကလေး စိတ်ညစ်နေသည်။ ဆရာမက ကြယ်ကလေးကို သူမကို ကန်တော့ရမည်ဟု ပြောသောကြောင့်ပင်။ အခုတစ်လော အဖေနေ မကောင်းသဖြင့် ဆေးခန်း သွားပြနေရသည်။ ပိုက် ဆံ အရမ်း ကုန်သည်မို့ ဆရာမကို ကန်တော့ရန် အမေ့ဆီမှ ဘယ်လိုပုံ ဘယ်လို နည်းဖြင့် ကြယ် ကလေး တောင်းရ ပါမည်နည်း။ ကြယ်ကလေးက တစ်ခုခုဖြစ်လျှင် ဟန်မဆောင်တတ်ပေ။ ထို့ ကြောင့် မေမေအလွယ်တကူ သိရှိသွားလေသည်။ မေမေက နှစ်သိမ့်ပါသည်။

“သိပ်လည်း စိတ်မကောင်းမဖြစ်ပါနဲ့ သမီးရယ်၊ မေမေညနေက ၀ယ်လာတဲ့ ထဘီ အစေ့ကလေးနဲ့ ကန်တော့လိုက်ပေါ့”

“မဖြစ်ဘူး ထင်တယ် မေမေ။ ဆရာမက”

ကြယ်ကလေး၏ အသံမှာ အားမရှိသည့် လူနာတစ်ယောက်၏ ညည်း ညူသံမျိုး။
“ဘာလို့ မဖြစ်ရမှာလဲ သမီးရယ်။ ဆရာ ဆိုတာ ပီတိကိုပဲစားကြတာပါ။ တစ်ထောင့်ငါးရာတန် ထဘီစ ဆိုပေမဲ့ ဆရာမက လက်ခံမှာပါ။ ဘယ်လို ဆရာကမှ နည်းတယ်၊ များတယ် မပြောပါဘူး သမီးရယ်”ထို့နေ့က ကြယ်ကလေး မျက်ခုံးများ ခဏခဏလှုပ်နေခဲ့၏။

“ကြယ်ကလေး၊ နင်ငါ့ကို သက်သက်စော် ကားနေတာလား။ နင်င့ါကို တစ်ထောင့်ငါးရာ လောက်ပဲ တန်ဖိုး ထားတာလား ပြောစမ်း”

“မ...မဟုတ်ပါဘူး ဆရာမ။ သမီးတို့က ပိုက်ဆံ မရှိလို့”

“တော်စမ်းပါ ကြယ်ကလေး။ နင်တို့ အဲလောက်လည်း အခြေအနေ မဆိုးသေးလောက်ပါဘူး”

သမီးတို့ ဆန်ပြုတ် သောက်ရတဲ့ အဖြစ်ကို ဆရာမ ဘယ်သိနိုင်ပါ့မလဲ။ ကြယ်ကလေး၏ အသံတို့က ခိုကိုးရာ မဲ့နေသဖြင့် အပြင်ဘက်သို့ ထွက်လာခြင်းငှာ မစွမ်းသာဘဲ ရင်ထဲတွင်သာ ကြိတ်မှိတ် မျိုသိပ်လိုက်၏။
“တစ်ဆိုတဲ့ နင့်နေရာကို တခြားသူ အစားထိုး လိုက်ရမလား”

“ရှင်...”ကြားဖူးခဲ့သမျှ စကားလုံးတို့တွင် အခု ဆရာမ ပြောသော စကားလုံးသည် အရက်စက်ဆုံး ဖြစ်ပေလိမ့်မည်။ ၀ဲတက်လာသော မျက်ရည်တို့သည် မြေပြင်ပေါ်သို့ တစ်စက်ပြီးတစ်စက်။ နောက်နေ့တွင် ကြယ်ကလေး ဆရာမ အိမ်သို့ သွားရောက် ကန်တော့ခဲ့ သည်။ မနေ့က ဆရာမ ပြောသော စကားတို့ကို ပြန်လည်ကြားယောင်လာ၏။ “မိုးမြင့်မြတ်က ငါ့ကို နာရီတစ်လုံးရယ်၊ ပါတိတ်တစ်ထည်ရယ် မုန့်ပုံးတွေ ကန် တော့တာလေ။ သူ့လို ကန်တော့ဖို့ ငါ မပြောလိုပါဘူး။ ဒါပေမဲ့ တစ်ထောင့် ငါးရာတည်းနဲ့ တန်ဖိုးဖြတ်တာတော့ မကောင်းပါဘူးအေ”

သို့သော် ကြယ်ကလေး တစ်ဆိုသော သူမ နေရာကို ဘယ်သူ့ကိုမှမပေးနိုင်။ ထို့ကြောင့် ကြယ်ကလေးတစ်ညလုံးစဉ်းစားပြီး သူမ၏ စုဘူးကလေးကို ဖောက်ကာ ဆရာမကို နာရီလှလှ လေးတစ်လုံးနှင့် ပါတိတ် တစ်ထည် ကန်တော့ရန် ဆုံးဖြတ်ခဲ့သည်။ ဆရာမ၏ အပြုံးများက ကြယ်ကလေးရင်မှာ နာကျင်ရပါ၏။
“ငါကလည်း နင့်နေရာကို မိုးမြင့်မြတ်ကို အစား မထိုးချင်ပါဘူးအေ”တဲ့။

ထိုညက ကြယ်ကလေး၏ မျက်ဝန်းတို့တွင် မျက်ရည်ပူ စီးကြောင်းတို့ အဆက်မပြတ် စီးဆင်းနေလေ၏။ မနှစ်ကတစ်နှစ်လုံး တစ်နေ့တစ်ရာ စုထားခဲ့သော စက်ဘီးလှလှလေး ၀ယ်ရန်ဟု ရေးထားသော စုဘူး အကွဲလေးကပင်  အမှောင်ထဲတွင် တိတ်တဆိတ် ငိုကြွေးနေလေသည်။

“မေမေရယ် သမီးလဲလှယ်လိုက်ရတဲ့ တန်ဖိုးက သိပ်ကို ကြီးမားလွန်းလှပါတယ်။ ဒါပေမဲ့ တန်ပါတယ်။ မေမေ...” ထို့နောက်တွင် ရေနှင့်ပင် ခွဲခြား မရနိုင်သော မျက်ရည်တို့က ခေါင်းအုံး တစ်ခုလုံးကို ရွှဲစိုနေစေသည်။ ငိုရှိုက်သံ သဲ့သဲ့သည် အမှောင်ထုကို ဖောက်ထွင်း ထွက်လာသည်။ ထိုတစ်ညက ကြယ်ကလေးတစ်လုံးသည် မှီခိုရာ ကောင်းကင်ကြီး တစ်ခုလုံး ပျောက်ဆုံးနေ ခဲ့တော့လေသည်။

ကချင်လေး၊ဆေး-မန်း၊
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)