(June-2012)လက်သစ်ကဗျာ PDF Print E-mail
Written by Administrator   
Wednesday, 20 June 2012 14:23
Share |

အချစ်ကို ချစ်ခဲ့ပြီးနောက်
နင့်အတ္တတွေနဲ့ ခတ်ပိတ်ထားတဲ့
နင့်နှလုံးသား တံခါးကို
ငါ့ရဲ့ မေတ္တာသော့တံငယ်လေးနဲ့ ဖွင့်ကြည့်မိခဲ့ပေါ့...။

argaiv1361


ငါ ဘယ်လိုကြိုးစား၊ ကြိုးစား
ပွင့်လာမှာ မဟုတ်တော့မှန်း သိလိုက်ချိန်မှာ
နင့်အတ္တသော့ခလောက်ထဲ
ငါ့မေတ္တာသော့တံငယ်လေး
ကျိုးကျန်ခဲ့ပေါ့...။

ပြန်နုတ်ယူဖို့ ကြိုးစားပေမဲ့
အကောင်းအတိုင်း ပြန်မရလာနိုင်မယ့်
အတူတူ
ဒီအတိုင်းပဲ ရှိပါစေဆိုပြီး
ထားရစ်ခဲ့တော့တယ်...။

ကောင်မလေးရေ...
အဲဒီသော့တံလေးကို
နင်ကိုယ်တိုင်လည်း ဖယ်ထုတ်နိုင်ပါရဲ့...
အခြားတစ်ယောက်ကလည်း
ထုတ်ဖယ်လို့ရနိုင်ပါရဲ့ကွယ်...။

ငါ့ရဲ့
သက်ရှိလည်း မဟုတ်တဲ့
ဒြပ်ရှိလည်း မဟုတ်တဲ့
မေတ္တာသော့ တံလေးကိုလေ...။
ဟန်၊စဥ့်ကူးမြေ၊

မပျောက်သေးတဲ့ ဒဏ်ရာ
မြင်ကွင်းထဲ ရောက်လာတာက
ရွက်ခြောက်ပုံကြီးနဲ့ နွေအလွမ်းများ
မဖြီးသေးရသေးတဲ့ ဆံပင်တွေနဲ့
သိက္ခာတွေရဲ့ ဈာပနအခမ်းအနားများ
ဒါတွေကြောင့်
ငါ့သက်ပြင်းချသံတွေ မိုးထိအောင်ညံနေရ။
တစ်နေ့ထက်တစ်နေ့
အကွေ့များတဲ့ လောကဓံရဲ့ လှည့်ကွက်တွေကြောင့်
ခါးနာ ခေါင်းမူးဖြစ်ရ
ရှူဆေး ဒဏ်ကြေဆေးဆောင်ထားရ
ထူထပ်လာတဲ့ ကိလေသာတွေရဲ့ သီချင်းကြောင့်
မျက်နှာပျက် အရှက်ရခဲ့တာ အခါခါ
ဘ၀မှာ ရေခဲရေမေတ္တာဓာတ်တွေ
တစ်ခါတစ်ရံ ပျောက်ဆုံးလို့
ငတ်မွတ်နေတဲ့ သိင်္ဂါရ မနက်ခင်းတွေကို
လုံးဝ မရှိရဘူး။
အမှတ်မထင် တိုးဝင်လာတဲ့
ရယ်လွယ် ငိုလွယ်အချစ်ကို
ရှောင်ကွင်းဖို့က မလွယ်ကူတော့
ခံပေဦးပေါ့ ဘ၀တစ်ခုစာ
ဖြေဆေးမှာ ကပ်ငြိပါလာတဲ့အဆိပ်
စိုးထိတ်ဖွယ်ရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါပဲ
ဘ၀ကို အလျားလိုက်ဖြတ်ကူးဖို့
လူတချို့က အကြုံပြုပေမဲ့
အခြေအနေအရ မီးစင်ကြည့်ကလိုက်ရတဲ့အခါ
နောင်တတွေဟာ ပခုံးပေါ်မှာ လက်လက်ထလာရဲ့
ဒါကြောင့်
မြင်ကွင်းထဲရောက်လာတဲ့ ရသတွေကို
မမျိုချမိတော့ဘူး
သူများ မီးခြစ်နဲ့ စီးကရက်မီး မညှိတော့ဘူး
ရင်ဘတ်မှာလည်း မနုတ်ရသေးတဲ့
ဒဏ်ရာဆူးခက်တွေနဲ့...။
မင်းထက်သားညီ၊တောင်ငူ၊

နှင်းခါးနဲ့ ခြေရာ
ဘ၀တစ်ခုလုံး
ပုံအပ်ပစ်လိုက်တာ
မလုံလောက်ဘူးဆိုရင်
နှင်းရယ်...
မဝေပါနဲ့လား
မကြွေပါနဲ့လား

မျှော်လင့်ချက်တွေ
ပျက်သုဉ်းခဲ့တာတောင်
နှင်းရဲ့ ခြေရာ
ကောက်မိနေတုန်းပဲ

လေပြည်ဆိုလည်း...နှင်း
မရေရာတာလည်း..နှင်း

သစ်ပုတ်ပင်ကြီးလည်း
နှင်းရဲ့အငွေ့အသက်တွေ မရတော့
ရော်ရီလို့ ညှိုးခြောက်

နှင်းရယ်
ဖေဖော်ဝါရီဆို
R.C ကို လွမ်းတယ်
ကန်တင်းနဲ့ ဦးချစ်ကိုလွမ်းတယ်
အင်းလျားက ခုံတန်းပြာနဲ့
လှိုင်းကြက်ခွပ်လေးတွေကို
လွမ်းတယ်

နှင်းပြန်လာမယ့် တစ်နေ့
အဓိပတိလမ်းမှာ
နှင်းရဲ့ ခြေရာတွေ
ချန်ထားရစ်ခဲ့ပါ

အကြင်နာတွေနဲ့
နှင်းရယ်...
သက္ကရာဇ်တွေ ပြိုကျခဲ့တာတောင်
ငါ့ရင်ထဲ နှင်းခါးရဲ့ခြေရာတွေ
မျှော်လင့်နေတုန်းပဲ။ ။
မောင်ရဲမင်း၊ပဲခူး၊

သူ့ဟာနဲ့သူတော့
ပေါ်ပြူလာ ဖြစ်တဲ့အထဲ
ကျော်သူ နာရေးပို့တာလည်း ပါတယ်
အရေးပါတဲ့ သတင်းထဲ
မနက်ဖြန်အတွက်
ခန့်မှန်းချက်တွေလည်း ပါတယ်
သီချင်းတွေ ဆိုနေကြတဲ့အထဲ
ဒီမိုကရေစီ သီချင်းတွေလည်း ပါတယ်
မဖွံ့ဖြိုးသေးတဲ့ အစုထဲ
ကျွန်တော်တို့ ရပ်ကွက်လည်း ပါတယ်
လက်နက်အမျိုးမျိုးထဲ
ကဗျာတွေ စာတွေလည်းပါတယ်
အရွေးမခံရတဲ့ ကဗျာဝါသနာရှင်ထဲ
ကျွန်တော်လည်း ပါတယ်
ပါတယ် ပါတယ် သူ့ဟာနဲ့သူ
အတင်းတွေလည်း ပါ
အဖျင်းတွေလည်း ပါ
ဒီလိုပါပဲ ပါကြပါတယ်
ပါတော့ ပါကြပါတယ်ဗျာ...။
လွန်းဆက်ဝဿန်၊လှည်းပွဲလေး၊

 


Administrator
About the author: