ပီတိတွေနဲ့ ရန်ပုံငွေ ရှာပေးခဲ့ကြတဲ့ ရုပ်ရှင် အနုပညာသည်များ PDF Print E-mail
Written by လင်းနိုင်ဦး   
Friday, 29 June 2012 16:35
Share |

ကချင် ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ပွဲများကြောင့် ကချင် တိုင်းရင်းသား တချို့ အိုးအိမ်တွေကို စွန့်ခွာပြီး ဒုက္ခသည် စခန်းများမှာ သွားရောက် နေထိုင် ခဲ့ကြရတာ တချို့ဆိုရင် တစ်နှစ်လောက်တောင် ရှိတော့မယ်လို့ သိရပါတယ်။

argaiv1409


ကချင်စစ်ဘေး ဒုက္ခသည်များ အတွက် စာနာ နားလည်သူများက ဒုက္ခသည်များ စားဝတ်နေရေး အဆင်ပြေစေဖို့ အတွက် ထောက်ပံ့ ကူညီပေးမှုများကို အသင်းအဖွဲ့ အလိုက်ရော၊ စေတနာ တူသူများကရော
စုပေါင်းပြီး သွားရောက် လှူဒါန်း ပေးလျက် ရှိပါတယ်။ ကချင် တိုင်းရင်းသား အနုပညာရှင်များက မနောအလှဂီတ အဖွဲ့ဆိုပြီး ဖွဲ့စည်းကာ ရန်ပုံငွေရှာပြီး သွားရောက် လှူဒါန်း ပေးခဲ့ကြသလို နောက်ထပ်လည်း အကူအညီတွေ လိုအပ်နေသေးတဲ့ အတွက် တိုင်းရင်းသား ပြည်သူများကို ချစ်ခင်စာနာတဲ့ ရုပ်ရှင် လောကသားများကလည်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကြီးရဲ့ ဦးဆောင်မှုနဲ့  ပဒေသာကပွဲ ကပြပြီး ရန်ပုံငွေ ရှာဖို့ ကြိုးစား လာကြပါတယ်။ ရုပ်ရှင်လောက သား အနုပညာရှင်များ ဖြစ်ကြလို့ ဆိုနိုင်တဲ့သူကဆို၊ ကနိုင်တဲ့သူက က၊ ပံ့ပိုးပေးမယ့်သူက ပံ့ပိုးနဲ့ ဇွန်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့များက ရန်ကုန်မြို့၊ အမျိုးသား ဇာတ်ရုံမှာ ရန်ပုံငွေပဒေသာ ကပွဲ တင်ဆက်ခဲ့ပါတယ်။

ရန်ပုံငွေပဒေသာ ကပွဲမှာ သီချင်းများ သီဆို ဖျော်ဖြေပေးတဲ့ အစီအစဉ် ဒေးကလပ် ဟာသပြဇာတ်နဲ့ ပြည်ထောင် စုနှလုံးသား အငြိမ့် အစီအစဉ်များ တင်ဆက်ပေးခဲ့ပါတယ်။ ဒီရန်ပုံငွေပေဒသာ ကပွဲအစီ အစဉ်မှာ အနုပညာရှင်များက သူတို့ရဲ့ ဆန္ဒနဲ့ တက်တက်ကြွကြွ အနုပညာကြေးများ လုံးဝ မယူဘဲ စေတနာ သန့်သန့်နဲ့ ကပြပေး ခဲ့ကြပြီး ရန်ပုံငွေ ရှာပေး ခဲ့ကြပါတယ်။ ခရီးဝေး သွားနေတဲ့ အနုပညာရှင်များက လွဲလို့ အနုပညာရှင်များ စုံစုံလင်လင် ပါဝင် ကပြပေးခဲ့ ကြပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နာယက အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးအောင်လွင် အပါအ၀င် သရုပ်ဆောင် ကြီးငယ်ရွယ်လတ် အကုန်လုံး ပါဝင် ခဲ့ကြလို့ အနုပညာရှင်များ ၁၀၀ ကျော်ပါဝင် ဖျော်ဖြေပေးခဲ့ကြတာ ဖြစ်ပါတယ်။ ခရီးဝေး ရောက်နေတဲ့ နေတိုး၊ ၀တ်မှုံရွှေရည်တို့ကလည်း ဇွန်လ ၁၆ ရက်နေ့ညမှာ ခရီးဝေးမှ ရောက်ရှိ လာလာချင်း တတ်အားသရွေ့ ပါဝင်ပူးပေါင်းပြီး ရန်ပုံငွေ ရှာဖွေပွဲမှာ ကူညီပေးခဲ့ကြပါတယ်။

ရန်ပုံငွေ ရှာဖွေပွဲမှာ စင်မြင့် အပြင်အဆင်ကို အကယ်ဒမီ လူမင်းက တာဝန်ယူ ဆောင်ရွက် ပေးခဲ့ရာမှာ ကချင်ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားများ အတွက် ရည်ရွယ်ပြီး ရန်ပုံငွေ ရှာတာ ဖြစ်ပေမဲ့ အားလုံးသော ပြည်ထောင်စုသားများကို ချစ်ခင်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြချင်တာကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးပါတဲ့ စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ်ကို အဖွင့်အနေနဲ့ တေးသရုပ်ဖော် ရာမှာ သရုပ်ဆောင်များစွာတို့က တိုင်းရင်းသား ၀တ်စုံများ အသီးသီးဝတ်ဆင်ပြီး မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား စသဖြင့် သရုပ်ဖော်ကာ တင်ဆက် ပေးခဲ့ကြပါတယ်။

အဲဒီမှာ ငြိမ်းချမ်းရေးကိုလည်း လိုလားတောင့်တကြ တာဖြစ်လို့ ငြိမ်းချမ်းရေးဆိုတဲ့ နေရာမှာ ထာဝရငြိမ်းချမ်းရေး ကို လိုလားကြတဲ့အတွက် ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်တဲ့ သံလွင်ခက်ကို ချီတဲ့ ဂျိုးငှက် ရုပ်ကို စင်မြင့်မှာ ဒီဇိုင်းဆင် ပေးထားပါတယ်။

စည်းလုံးခြင်း အတွက် သီချင်း တစ်ပုဒ်ကို တေးသရုပ် ဖော်တင်ဆက်လို့အပြီးမှာတော့ သရုပ်ဆောင်များက တေးဂီတ အစီအစဉ်များနဲ့ တင်ဆက်ပေးကြရာမှာ ရန် အောင်နဲ့ မေသန်းနုတို့က မောင်တို့ချယ်ရီမြေ သီချင်းကို အတွဲညီညီ သီဆိုပေးခဲ့ကြ ပါတယ်။ အဲဒီအချိန်မှာ သူတို့ နှစ်ဦးရဲ့ ၀တ်စုံများက အဖြူရောင် ၀တ်စုံများ လှလှပပ ၀တ်ဆင်ထားကြသလို LED ပရိုဂျက်တာမှာလည်း ချယ်ရီ ပန်းပွင့်များနဲ့ ပြသ ပေးထား ပါတယ်။ ရန်အောင်နဲ့ မေ သန်းနုတို့ရဲ့ လိုက်ဖက်တဲ့ အဆိုဟန်ပန်များကို နှစ်သက် သဘောကျတဲ့ ပရိသတ် တစ်ဦးက ၁၆ ရက်နေ့မှာပဲ နိုင်ငံတော်က စတင်ထုတ်ဝေလိုက်တဲ့ ၁ သောင်းတန် ငွေစက္ကူများကို သီပြီး ဆုချီးမြှင့်ခဲ့တာလည်း တွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးက တင်ဆက်ပေးခဲ့တဲ့ ပြဇာတ်၊ အငြိမ့်၊ ပဒေသာက ပွဲအစီအစဉ်များမှာ နောက်ခံ ဒီဇိုင်းကို LED နဲ့ ဒီဇိုင်း ဆင်ထားတာ ပထမဦးဆုံး အကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ တေးဂီတအစီ အစဉ်မှာ အောင်ခိုင်၊ ခိုင်သင်းကြည်၊ ထွန်းထွန်း၊ စန္ဒီမြင့်လွင်၊ ဟိန်းဝေယံ၊ ဂျင်းနီ၊ ကျော်ကျော် ဗို၊ စုမီ၊ မိုးဟေကိုတို့ကလည်း အနုပညာ အလှူအဖြစ် သီချင်း တစ်ပုဒ်စီနဲ့ ဖျော်ဖြေတင်ဆက် ပေးသွားကြပါတယ်။

အဲဒီနောက်မှာတော့ ဟာသပြဇာတ် တစ်ပုဒ်ဖြစ်တဲ့ ဒေးကလပ်ကို တင်ဆက် ပေးခဲ့ပါတယ်။ ဒေးကလပ် ဟာသပြဇာတ်မှာတော့ သရုပ် ဆောင်များထဲက မင်းမော် ကွန်း၊ ပြေတီဦး၊ ဖြိုးငွေစိုး၊ အောင်ရဲလင်း၊ သင်ဇာဝင့် ကျော်၊ စန္ဒီမြင့်လွင်၊ စိုးပြည့် သဇင်၊ မိုးယုစံတို့နဲ့ ဇာတ်ပို့ သရုပ်ဆောင်များဖြစ်ကြတဲ့ ကုသိုလ်၊ ဗေလုဝ၊ ဦးအောင် လွင်၊ အောင်ခိုင်၊ ယွန်းရွှေရည်၊ ၀ါဝါအောင်၊ တက္ကသိုလ် ဂွမ်း ပုံ၊ အေးအေးခိုင်၊ မျိုးမျိုးအောင်၊ အေးသီတာ၊ ဇင်မျိုး၊ နေလင်း၊ စံလင်း၊ အိမ့်ကြာဖြူ နဲ့ ဒေါ်ထားအဖွဲ့ တို့က ပါဝင် သရုပ်ဆောင် ကပြပေးခဲ့ကြပါတယ်။ ဒေးကလပ် ပြဇာတ်ကို တင်ဆက်လို့ အပြီးမှာ မူလက ကြေညာ ထားတဲ့ အတိုင်း ကချင်ပြည်နယ်ရှိ ဒုက္ခသည်များ အတွက် အ၀တ်အထည်၊ စားသောက်ကုန်နဲ့ ငွေသားများ ထည့်ဝင်လှူ ဒါန်းနိုင်ရန် လူမင်း၊ ခန့်စည် သူ၊ သက်မွန်မြင့် စတဲ့ သရုပ်ဆောင်များက ဦးဆောင်ပြီး အလှူရှင်များရဲ့ အလှူငွေများ ကို ကြေညာ ပေးနေတဲ့ အချိန်မှာ ကျန်သရုပ်ဆောင်များက ပရိသတ်များထံမှောက် အရောက်သွားပြီး စေတနာ ရှင်များရဲ့ အလှူကို လက်ခံ ပေးခဲ့ကြပါတယ်။

ရန်ပုံငွေ ပဒေသာကပွဲ မတင်ဆက်မီ ကတည်းက Sky Net ရုပ်သံ လိုင်းက သိန်း ၇၀၀၊ Naing Gruop ဆောက်လုပ်ရေးက သိန်း ၅၀ စသဖြင့် အလှူရှင် များစွာတို့က လှူဒါန်းပေးခဲ့ ကြသလို ပဒေသာ ကပွဲကပြ တဲ့ညမှာလည်း မင်္ဂလာရုပ်ရှင် ကုမ္ပဏီမှ ဦးဇော်မင်းမိသားစု က ကျပ်သိန်း ၂၀၊ သရုပ် ဆောင် နေမင်းက ကျပ် ၁၀ သိန်း အစရှိသဖြင့် အနုပညာ ရှင်များ၊ ပရိသတ်များက လှူ ဒါန်းပေးလိုက်ကြတာ အလှူ ငွေတော်တော်များများ ရရှိခဲ့ တယ်လို့ သိရပါတယ်။ ဒါ့ အပြင် Sky Net ရုပ်သံလိုင်းမှ တစ်ဆင့် ပဒေသာကပွဲအစီ အစဉ်ကို ကြည့်ရှု အားပေးနေ  ကြတဲတဲ့ ပရိသတ်များက Sky Net မှတစ်ဆင့် ဆက် သွယ်ပြီး လှူဒါန်း ပေးလိုက် ကြတာလည်း သိန်း ၆၀ ကျော် ပထမညမှာတင် ရရှိခဲ့ တယ်လို့ သိရပါတယ်။

ပြဇာတ်တင်ဆက်လို့ အပြီးမှာ ခေတ္တနားပြီး သီချင်းများနဲ့ ဖျော်ဖြေတင် ဆက်တဲ့အစီအစဉ်ကို တင် ဆက်ပေးခဲ့ရာ ချစ်သုဝေ၊ နေ အောင်၊ ဆုပန်ထွာ၊ ဖိုးသောကြာ၊ သဇင်၊ ရဲအောင်၊ အေသင်ချိုဆွေ၊ ဟက်ကက်၊ နန္ဒ၊ စိုးပြည့်သဇင်၊ စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး စတဲ့ သရုပ်ဆောင်၊ အဆိုတော်များက  သီချင်းတစ်ပုဒ်စီနဲ့ ဖျော်ဖြေ ပေးသွားခဲ့ကြပါတယ်။

နောက်ထပ် တင်ဆက်ပေးခဲ့တဲ့ အစီအစဉ်ကတော့ ပြည်ထောင်စုနှလုံးသားအငြိမ့် ဖျော်ဖြေခန်းအစီအစဉ်ပဲ ဖြစ် ပါတယ်။ အငြိမ့်အစီအစဉ်မှာ ရှေ့ထွက်မင်းသမီးအဖြစ် ၀ါဆိုမိုးဦးက ကပြပေးခဲ့ပြီး အေးမြတ်သူ၊ မေသဉ္စာဦးတို့ က ဆက်လက်ကပြပေးခဲ့ကြ ပါတယ်။ လူရွှင်တော်များ အဖြစ် ပေါ်လေး၊ စိန်ရိုး၊ ကောင်းစံ၊ ချစ်စုတို့ကတစ်ဖွဲ့၊ ဧရာဦးဆောင်တဲ့ ခင်လှိုင်၊ ဒိန်းဒေါင်၊ အုန်းသီး၊ စိန်ပန်း သီးတို့ကတစ်ဖွဲ့နဲ့ ဟာသလူ ရွှင်တော်နှစ်ဖွဲ့တို့က ဟဒယ ရွှင်ဆေးများ တိုက်ကျွေးပေး ခဲ့ကြပါတယ်။ ဇွန်လ ၁၇ ရက် နေ့ညမှာတော့ အငြိမ့်အစီ အစဉ်မှာ မင်းသမီးများအဖြစ် မေသန်းနု၊ လင်းဇာနည်ဇော်၊ အိချောပိုတို့က ကပြပေးခဲ့ကြ တယ်လို့သိရပြီး လူရွှင်တော်များ အဖြစ် အရိုင်း၊ ညောင်ညောင်၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာ၊ သီးလေးသီးနဲ့ အဖွဲ့က လူရွှင်တော်များအဖြစ် ကပြ အသုံးတော်ခံပေးခဲ့ကြ တယ်လို့ သိရပါတယ်။

တေးဂီတပိုင်း အစီအစဉ် ကို ဂီတမှူး ခင်မောင်ကြီးနဲ့ အဖွဲ့က တီးခတ်ပေးခဲ့ကြသလို ရွှေတံဆိပ်ဆုရှင် ဖိုးသင်္ကြန်နဲ့ အဖွဲ့က မြန်မာ့ ဆိုင်းဝိုင်းကို တီးခတ်ပေးခဲ့ကြတာ ဖြစ်ပါ တယ်။ ရရှိလာတဲ့ ရန်ပုံငွေ များကို အမြန်ဆုံးစာရင်းချုပ်ပြီး ကချင် တိုင်းရင်းသား ဒုက္ခ ရောက်နေသူများ လက်ဝယ်အရောက် အနုပညာရှင် များကိုယ်တိုင် သွားရောက် လှူဒါန်းပေး သွားကြမယ်လို့ သိရပါတယ်။         

 

 

လင်းနိုင်ဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

 


လင်းနိုင်ဦး
About the author:
Last Updated on Thursday, 05 July 2012 13:51