|
Written by မောင်သန်းဆွေ (ထားဝယ်)
|
|
Tuesday, 03 July 2012 11:20 |
စာရေးသူ ငယ်စဉ်က ရာမဇာတ်ကို ရေကျော်၊ ခရစ်လမ်း (ယခု ဗိုလ်မြတ်ထွန်းလမ်း) အထက်ဘလောက် မြန်မာမက်သဒစ် ကျောင်းရှေ့ လမ်းမပေါ်တွင် ခုနစ်ရက်၊ ခုနစ်လီ ကပြခဲ့သည်ကို ကြည့်ရဖူးသည်။
argaiv1001
(ရေကျော်ရာမ အဖွဲ့မှ ဖြစ်ပုံရသည်။) ပင်လုံခြံထဲတွင်လည်း ကပြသည်ကိုကြည့်ရဖူး၏။ ထိုခေတ်က တင်ဆက် ကပြရာတွင် အဆို၊ အငို၊ အပြော၊ အက စသည်ဖြင့် စုံလင်စွာပါသည်။ ရှေးအခါက တစ်လ နီးပါးကြာမျှ တင်ဆက် ကပြလေ့ ရှိသည်ဟု ကြားရဖူးပါသည်။ ဤမှာဘက် ကာလ၌မူ နိုင်ငံခြား ဘဲလေး ကဇာတ်များကဲ့သို့ ဇာတ်ဝင်အကများ သက်သက်ဖြင့်သာ သရုပ်ဖော်၍ ဇာတ်ကို အတိုချုံး ကပြမှုများဖြင့် စမ်းသပ် တီထွင်ကပြ လာခဲ့ကြသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ အဆို၊ အငို၊ အပြော၊ အကများဖြင့် ရှေးနည်းအတိုင်းလည်း တင်ဆက်ကပြလျက်ရှိကြပါသည်။ သို့သော် ရှေးကကဲ့သို့တစ်လမျှ မကြာတော့ဘဲ ခုနစ်ရက်မှ ဆယ်ရက်အထိမျှသာ တင်ဆက်ကပြ လေ့ရှိတော့သည်ဟု သိရသည်။
အဆို၊ အငို၊ အပြောများမပါဝင်ဘဲ အကသက်သက်ဖြင့် သရုပ်ဖော် ကပြရာတွင် အဆို၊ အပြောခန်းများ၌ ဆိုင်းက ချွတ်တီးလုံး(စုံစည်း) အမှိန်တီးပေးပြီး၊ ပြောဆိုလိုသော စကား၏ အဓိပ္ပာယ်များ ကို ကပြသည်က ဟန်ကဖြင့် သရုပ် ဖော်ကပြကြသည်။ ယခုခေတ်၌ များသောအားဖြင့် ကန်ဆင်း “ကန်ထခန်း” မှသာ များသောအားဖြင့်စ၍ပြကြ သည်။ ကပြရာ၌ ပြောဆို ရွတ်ဖတ်သော စကားများ၊ စာများကို အမြွက်မျှသာ တင်ပြပြီး သရုပ်ဖော်ကပြသောအကများ ကို အဓိကထား၍ ကပြကြသည်။
ရှေးက ရက်ပေါင်းများစွာ ကပြရာ ၌၊ သည်ညလေးတော်တင်ခန်း၊ သမင် လိုက်ခန်း၊ မယ်သီတာခိုးခန်း၊ ပန်းစိုက် ခန်း စသည်ဖြင့် တစ်ညတစ်ခန်း အသားပေး၍ ကပြရာ၊ အစအဆုံး မကြည့်သူများ အနေဖြင့် ကြိုက်နှစ် သက်ရာ အခန်းအလိုက် ကပြသော ညများတွင် သွားရောက်ကြည့်ရှုကြသည်လည်း ရှိ၏။
စာရေးသူ ရေးပြချင်သည်က ရာမဇာတ်မှ လေးတော်တင်ခန်းကို အဓိကထား၍ တင်ပြဆွေးနွေးလိုပါ သည်။ အနုပညာသဘောသက်သက် ဖြင့် တင်ပြခြင်းဖြစ်ပါ၏။ လေးတော်တင်ခန်းကမည်ဆို လျှင်၊ ပြည်ဖုံးကားကြီး ဖွင့်လိုက်သည်နှင့် မိထိလာပြည် ဇနက္ကမင်းကြီး၏ နန်းရင် ပြင်၌ ပတိုင်ခေါ်သည့် ရှေးသုံးထိုင်ခုံ ပေါ်တွင် ဘိုးတော်(ရာမလက္ခဏတို့၏ ဆရာ)က ထိုင်နေပြီး၊ သီတာဒေ၀ီကလည်း သလွန်ပေါ်တွင် ထိုင်နေသည်။ ဇာတ်စင်၏၀ဲဘက်တွင် ခုနစ်ပြည် ထောင်မင်းသားများ ပတိုင်များပေါ်တွင် ထိုင်နေကြသည်။ ရာမနှင့်ညီတော် လက္ခဏာတို့သည်လည်း ဘိုးတော်ဘေး တွင် ရိုသေစွာရှိနေကြ၏။
လေးတော်ဝန်ကား လေးတင်ပွဲ ဦးစီးကျင်းပပေးမည့် ဘိုးတော်ဘုရားအား လေးတင်ပွဲ စမည် မစမည်လျှောက် ထားသည်။ ဘိုးတော်က လေးတင်ပွဲ စရန် အမိန့်ပေး လိုက်သောအခါ လေးတော်ဝန်သည် လေးတင်ပွဲစသည့် အကြောင်း ကြေညာပြီး၊ ခုနစ်ပြည်ထောင် မင်းသားများအား လေးတင်ရန် ခွင့်ပြုသည်။
ဤတွင် ခုနစ်ပြည်ထောင်မင်းသား များက ရယ်ရွှင်ဖွယ်ရာ စာစကားများဖြင့် ဆိုင်းဆင့်ကြသည်။ ဟာသအကများဖြင့် လေးတင်ဟန် ကပြကြလေသည်။ လေးတော်ကို မ၍ပင် မရပုံကို သရုပ်ဖော်ကပြ သွားကြသည်။
ဤသို့ဖြင့် ခုနစ်ပြည်ထောင်မင်း သားများ လေးတင်၍ မအောင်မြင်ဘဲရှိ နေကြောင်းကို လေးတော်ဝန်က ဘိုးတော်ဘုရားအား လျှောက်ထားလေရာ အားလုံးပင် စိတ်ပျက်လျက်ရှိနေကြ ပုံကို ပုံဖော်သည်။
ထိုစဉ် ဆိုင်းမှစည်ကို မွှေပေးလိုက် ရာ ဇာတ်ကောင်အားလုံးသည် ထူးဆန်း သောအသံကြီးကို ကြားကြရသည့်ပုံမျိုး ကို သရုပ်ဆောင်ကြ၏။ ဇာတ်စင်၏ လက်ယာဘက်မှစ၍ ၀ဲဘက်သို့တိုင် အားလုံးထူးဆန်းသည့်အရာကို မြင်ရ ဟန်လိုက်ကြည့်ကြသည်နှယ် အံ့သြ ဖွယ် သရုပ်ကိုဆောင်ကြသည်။ အား လုံး၏မျက်စိများ ဇာတ်ခုံဝဲဘက်ထောင့် သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဆိုင်း ၀ိုင်းမှကရောင်းတီးလုံးကို စည်တိုသံ ခပ်ပြင်းပြင်းဖြင့် ချိုး၍ တီးလိုက်ရာ၊ ရထားပျံသည် ဇာတ်ခုံမြင်ကွင်းသို့ ပေါ် ထွက်လာပြီး စည်တိုချက်နှက်သံနှင့် အတူ သိန်းဃိုဠ်ပြည့်ရှင် ဒသဂီရိဘီလူး မင်းသည် ကြီးစွာသောအဟုန်ဖြင့် ရထားပျံထက်မှ ကြမ်းပြင်ပေါ်သို့ ခုန်ဆင်း လိုက်လေသည်။ ထိုအခါ ဇာတ် ကောင်အားလုံးလည်း ဖြုန်းခနဲရပ်လိုက် ကြကာ ထိတ်လန့် အံ့သြခြင်း သရုပ်ကို ဖော်ဆောင်ကြလေသည်။ ရာမ လက္ခဏနှင့် ဘိုးတော်တို့ကမူ ထိတ်လန့်ခြင်း မရှိဘဲ အံ့သြသော သဘောဖြင့်သာ ဒသဂီရိကို အကဲခတ်၍ ကြည့်နေ ကြပုံကို သရုပ်ဖော်ပြနေကြ၏။ ဒသဂီရိ သည် ဘီလူးတို့၏ ရာဇမာန် ဖော်ပြသော အကများကို ကရောင်းတစ်ချိုးမျှကပြ ရင်း ပရိသတ်ဘက်သို့ အကဲခတ် ကြည့်ရှုလေသည်။
ဘိုးတော်က ဒသဂီရိအား အဘယ် အတွက် လာရောက်ကြောင်းမေးရာ၊ ဒသဂီရိက သီတာ မင်းသမီးအတွက် ကျင်းပသော လေးတင်ပွဲသို့ ၀င်ရောက် ဆင်နွှဲရန် သီတာ၏ရုပ်ပုံလွှာနှင့်တကွ ဖိတ်စာရ၍ လာရကြောင်း၊ သီတာမင်း သမီးလေး၏ ပုံနှင့်တကွပြသ၍ ပြော ကြားလေသည်။ ဤကဲ့သို့ တစ်ဦးနှင့် တစ်ဦး ပြောကြားရာတွင် ကဇာတ် သက်သက်၌ ဘီလူးမင်းကလည်း ဘီလူးအကခွင်နှင့် ဘိုးတော်ကလည်း ဘိုးတော်ကဟန် ကခွင်နှင့်အသီးသီး စရိုက်သရုပ်ပေါ်အောင် ကပြသရုပ် ဖော် ကြပါသည်။ (ဤနေရာတွင် အချို့ကပြ ရာ၌ သီတာ၏ ရုပ်ပုံလွှာနှင့်ဖိတ်စာကို ခုနစ်ပြည်ထောင်မင်းတို့ထံသာပို့ကြောင်း၊ ဒသဂီရိထံမပို့ကြောင်း၊ ဒသဂီရိကလည်း သီတာ၏ပုံနှင့် ဖိတ်စာရ၍သာ လာရကြောင်း အချီအချ ပြောလေဟန် ကပြကြသည်။ အမှန်မှာ သီတာ၏ ရုပ်ပုံလွှာနှင့် ဖိတ်စာကို ပသျှူးရာမထံ ပို့ လိုက်ခြင်းဖြစ်၏။ ပသျှူးရာမက တရား ၀င်နေ၍ အကြောင်း အမျိုးမျိုးကြောင့် ရုပ်ပုံနှင့်ဖိတ်စာ ဒသဂီရိထံ မတော်တဆ ရောက်သွားရပုံကိုလည်း ကြို၍ ပြထား ရသည်။)
ဘိုးတော်သည် ရုပ်ပုံနှင့်တကွ ဖိတ်စာပါပြနိုင်သဖြင့် ဒသဂီရိအား လေးတော်ကို အချက် သုံးချက်နှင့်ညီ အောင် တင်ခွင့်ပြုလိုက်ရာ သီတာမင်း သမီးကလေးမှာ စိုးရိမ် တုန်လှုပ်လျက် ပူပန်သောက ရောက်နေရပုံကို ဟန်ဖြင့် ပြလေသည်။ ဒသဂီရိလည်း အားရ ၀မ်းသာဖြင့် သီတာဘက်သို့ တစ်ချက် မျှကြည့်လိုက်ကာ ဒေါသံပါပါဖြင့်- “လင်္ကာဒီပ၊ သီဟဠံ၊ အောင်လံ စိုက်ထူ စိုးတော်မူသည့်၊ တစ်ဆူ ဧကရာဇ်၊ မင်းဖြစ်နှင်နှင်၊ ငါ့အရှင် ၏ ဂုဏ်အင်သတင်း၊ အခင်း ကြေညာ၊ နတ်ခြောက်ရွာက၊ ကြားကာကုန်လန့်၊ လေးကျွန်းနှံ့မျှ၊ ကြီးတေဇနှင့်၊ ဒဿဂီရိ၊ မည်ရှိ ဘွဲ့ခံ၊ သောင်းလုံးလျှံသည်၊ အောင်လံဆော်ညှင်း၊ လူမင်းနတ် မင်း၊ မရွင်းဥဿုံ၊ နဂါးဘုံနှင့်၊ ဂဠုန်တ၀၊ ဂန္ဓဗ္ဗကိန္နရီ၊ လှည့် လည်တ၀ိုက်၊ သိမ်းအောင်လံစိုက် တော့မည်၊ မကိုဋ်ဧကရာငါရာဇာ၊ မာမလာ၊ ရွှေလေး၊ တင်းခံလျှင် ကွေးရမည်၊ အရေးတလီ၊ ညာ စိန်တိုင်ချီတော့မည်၊ မဟီမြေမိုး၊ တုန်ရိုက်ကျိုးအောင်၊ ဆော်နှိုး တော်သံ၊ ပဲ့တင်သံနှင့်၊ ဆူညံမစဲ၊ လျှပ်စစ်ရောင်ဝဲသည်နှယ်၊ ကျော် သဲသောင်းရပ် ဆူချိမ့်မည်” ဟု လေးကြိမ်းကြိမ်းလျက် လေးတင်ရန် ဟန်ပြင်လေတော့သည်။
ဒသဂီရိလေးကြိမ်း စာရွက်အပြီး တွင် ဆိုင်းမှ ဘုန်းတော်ဘွဲ့ ယိုးဒယား မြမန်းဂီရိသေလာတောင် သီချင်းကို ချွတ်တီးလုံးအဖြစ် စတင်၍ ခပ်မှိန်မှိန် တီးပေးရာ ဒသဂီရိသည် ဘီလူးကခွင် ဖြင့် လေးတော်ကို အဝေးမှနေ၍ အဝေး ကြည့်အကဖြင့် လှမ်းကြည့်လိုက်သည်။ ဘယ်ညာပြောင်း၍ ကြည့်ပြီးသောအခါ ဆိုင်းမှ မြမန်းဂီရိသေလာ တောင် သီချင်းကို အဆူအမြူးဖြင့် တီးပေးပြန် ရာ ဒသဂီရိသည် ဘီလူးကကို မြူးထူး စွာကပြရင်းလေးဆီသို့သွားသည်။ လေးအနီးသို့ရောက်လျှင် လေးကိုအနီး ကြည့်အကဖြင့် အကဲခတ်ပြန်သည်။
လေး၌မည်သည့်အချိန်အဆရှိ သည်ကို မသိသေးသဖြင့် ခေါင်းယမ်း ကာ ပြန်၍နှစ်ဖက်လှည့်အကဖြင့် ဆုတ် လာပြီး အဝေးမှထပ်မံ၍ ကြည့်ပြန်ကာ အားမာန်တင်းပြန်သည်။ ဤသို့ဖြင့် လေးဆီသို့ အကအမျိုးမျိုးပြောင်းကာ သွားရောက် စူးစမ်းခြင်းများ ပြုလုပ်ပုံကို သရုပ်ဖော် ကပြလေသည်။ နောက်ဆုံး တွင် သီတာအား လှည့်၍ ကြည့်လိုက်ရာ သီတာမှာပို၍ ကြောက်ရွံ့စိုးရိမ် နေပြန်ပုံကို ဖော်လေသည်။ ဒသဂီရိသည် သီတာကို မြင်၍ နှစ်သက်သဘောကျ အားပြည့်လာကာ လေးဆီသို့ သွားပြီး အချိန်အဆ နေရာကို တွေ့ရပြီဖြစ်၍ အား သွန်ကိုင်တွယ်ပြီး မလိုက်ရာ ဗိုလ်ခြေ တစ်ထောင် ဆောင်သောလေးသည် ဒသဂီရိ လက်တွင်းသို့ ပါလာလေ သည်။
ဤတွင် ဇာတ်ကောင်အားလုံး အံ့သြကြပြီး ခုနစ်ပြည်ထောင်မင်းတို့ တုန်လှုပ်သွားကြ၍ သီတာဒေ၀ီမှာ ကြောက်ရွံ့စိုးရိမ်တုန်လှုပ်သွားဟန်ဖြင့် ယိုင်၍ပင်သွားသဖြင့်အနီးမှ အထိန်းတော်က ၀င်ရောက်ထိန်းကူလိုက်ရ သည်။ ဒသဂီရိသည် လေးတော်ကို ကိုင်မြှောက်ကာ ပြန်ချလိုက်ပြီး သီတာ အားကြည့်၍ ဘိုးတော်ထံသီတာကို ဆက်သရန်တောင်းသည်။ ဘိုးတော်က လေးတင်ရာတွင် ၁။ မ နိုင်ရမည်၊ ၂။ ချနိုင်ရမည်၊ ၃။ ဒေါင့်တိုက်နိုင်(ပစ်နိုင်) ရမည်။ ဖြစ်၍ပစ်ပြခိုင်းသည်။ ဒသဂီရိ မှာ လေးကိုကောက်ရန်ဟန်ပြင်လိုက်ရာ ဆိုင်းကလေး ခင်းတီးပေးလိုက်လေသည်။ (ဤကဲ့သို့ ဒသဂီရိလေးတင်နေစဉ် ရာမနှင့်လက်္ခဏာတို့သည် ဒသဂီရိ လေးတင်ပုံကို ဘေးမှ အကဟန်ဖြင့်လိုက် ၍ အကဲခတ် ကြည့်နေဟန် ပြုနေကြလေ သည်)
ဒသဂီရိသည် လေးခင်းနှင့်လိုက် လျောသည့် ဘီလူးကဟန်ဖြင့် တက်ကြွ စွာကရင်း၊ လေးဆီသို့ရောက်လျှင် လေး ကို ယခင်အတိုင်း အကဲခတ်ကြည့်ရှုကာ ကောက်လိုက်ရာ ဆိုင်းကဗိန်းမောင်းတီး ပေးလေသည်။ ဒသဂီရိသည် လေးကို ပစ်ရန် လေးညှို့ကိုတင်ကြည့်သည်။ မည်သို့မျှတင်၍မရဘဲ နောက်ဆုံးလက် လျှော့လိုက်ရသည်။ လေးကိုပြန်ချလိုက် ပြီး ရှက်ရှက်ဖြင့် သီတာအားဆက်ရန် ဇွတ်အတင်းတောင်းဆိုလေတော့သည်။ ဤတွင် ဘိုးတော်နှင့်အချီအချစကား များကြပြီးနောက် ဘိုးတော်သည် မြေး နှစ်ပါးဘက်သို့လှည့်၍ ညီတော် လက်္ခဏအား လေးအစွမ်းကိုပြရန် ခိုင်း လိုက်လေရာ ဒသဂီရိမှာ လက္ခဏအား လှမ်းကြည့်လိုက်ပြီး ကလေးမျှသာဖြစ် ၍ အထင်သေးစွာ ရယ်သွမ်းသွေးလေ တော့သည် ။ လက္ခဏသည် နောင်တော်ရာမ အား ခွင့်ပန်၍ လေးကိုအဝေးကြည့်က နည်းဖြင့် လက္ခဏအကခွင်ပေါ်လွင် အောင် ကြည့်လိုက်ကာ- “ငါဟဲ့ယောက်ျား၊ သရဘင်္ဂလ၊ အကျယ်ငယ်လာ၊ ဇာတကတွင်မှ၊ ဘုရားဆုတောင်း၊ ဇောတိပါလ၊ ရွှေဘွဲ့ငယ်ရပါတဲ့ ဗုဒ္ဓလောင်း၊ အပေါင်းများလှ၊ လေးလက်နက် နှင့် ထွက်ရှိကြဟေ့၊ စက္ကဝေဒိ၊ အစရှိလျက်၊ ကျွမ်းသိလှစွာ၊ လေးဆရာတို့၏ လာသမျှလက် နက်၊ လျှပ်တစ်ပြက်တွင်၊ အချက် ထောင်မျှ စွမ်းဆောင်ကြ၊ လေးဝ-လေးဦး၊ လေးသမား ကျော် အထူးတို့တွင်၊ ငွေစိန်ဖူး သွား၊ တစင်းမြားနှင့်၊ ဖယ်ရှား ချိုးဖျက်၊ တန်ခိုးစက်ကြောင့်၊ သရဘင်္ဂလတွင်လေသည်၊ ယင်း အလောင်းမြတ်၊ ၄င်းဇာတ်တွင်း၊ ကြောင်းရပ်တွင်ဖွဲ့၊ ဓနုသိပ်္ပ၊ အ၀၀ ကို၊ ၀ိတ္ထာချဲ့ပြီးလျှင်၊ တုမဲ့သုံးဘုံ၊ ရိုက်ချုန်းငယ်တုန်၊ ဂုဏ်ဝိသေသ၊ သိဒ္ဓတ္ထဟု၊ ဘုရားအလောင်း၊ ဆွေ တော်ပေါင်းတို့၊ မကောင်းပြစ်ဖွဲ့၊ ကဲ့ရဲ့ပြစ်တင်၊ ပျောက်ကင်း၍စင် လေအောင်၊ သဘင်ပွဲကြီး၊ လဲ့လဲ့ ငယ်ညီး၊ ဖွဲ့ချီးသရုပ်၊ လေးပွဲတော် အချုပ်ကို၊ ဗုဒ္ဓ၀င်အဋ္ဌကထာ၊ ဇိနတ္ထပကာသနီ၊ ကြံစည်နက်နဲ၊ ကျမ်းအဖုံဖုံက၊ လေးဂုဏ်ကိုခွဲ သောကြောင့်၊ တကတဲထင်စွာ၊ လေးသခင်တို့နှင့် မယှဉ်ရာသော် လည်း၊ ပညာအခွင့်ဌာနကယ်တင့်၊ ရာမင်းညီတော်လက္ခဏတဲ့ဟေ့၊ ဖက်မရဇမ္ဗူဘောင်၊ ထူးတန် ဆောင်၊ ရာဝင်ငယ်ခြားတဲ့အောင်၊ နဂါးလိမ်စိန်မှန်သွားရယ်က၊ ၀ရ ဇိန်သွားတပ်” ဟု လက္ခဏ လေးကြိမ်းကြိမ်း လိုက်သည့် အဆုံးတွင် ဆိုင်းမှ ဝေဇယန္တာ နန်းဘုံ (ယိုးဒယားကြေးတီး ချက်) သီချင်းကို ချွတ်တီးလုံးအဖြစ် တီးပေးသည်။ လက္ခဏသည် ဘိုးတော် နှင့် နောင်တော်ရာမတို့ကို ကန်တော့ပြီး အားယူမာန်တင်းလေရာ ဘိုးတော်နှင့် နောင်တော်ရာမတို့ကလည်း အားပေး သမှုပြုကြဟန် ကပြလေသည်။
ထို့နောက် လက္ခဏသည် အက ဖြင့် လေးဆီသို့ ကပြသွားပြီး ဒသဂီရိ နည်းတူ အနီးကြည့်ကြည့်ခြင်း၊ အက အမျိုးမျိုးပြောင်းကာ လေးကိုကြည့် ခြင်း၊ စမ်းခြင်း၊ သပ်ခြင်း၊ ကိုင်တွယ် ခြင်းများကို အခါခါပြုလေသည်။ နောက်ဆုံးတွင် ချိန်ဆ ကိုင်တွယ်ကာ မယူလိုက်ရာ ဒသဂီရိနှင့် တကွ အားလုံး အံ့သြကြရလေသည်။
လက္ခဏသည် သီတာနှင့်နောင် တော်ရာမအား လှမ်း၍ကြည့်ပြီးနောက် ခေါင်းခါ၍ လေးကို ဆက်လက်ပစ်မပြ တော့ဘဲ ပြန်ချထားခဲ့လေရာ ဘိုးတော် မှာ စိတ်ဆိုးလွန်း၍ လက္ခဏအား ရိုက် မည်ပြုသဖြင့် ရာမကတား၍ တောင်း ပန်ရလေသည်။ လက္ခဏက သူသည် လေးကိုပစ်နိုင်သော်လည်း နောင်တော် ရှိနေသည့်အတွက် တမင်ထားခဲ့ကြောင်း လျှောက်ထားရာ ဘိုးတော်က ရာမအား လေးအစွမ်းကို ပြစေလေသည်။ ရာမ သည် လေးအစွမ်းပြရန်ဝန်ခံပြီး အနန္တငါးပါးကို ကန်တော့ပြလေသည်။ ထို့နောက် ရာမသည် လေးတော်ကို အဝေးကြည့်ရာမကခွင်ဖြင့်ခင်း၍ ကြည့် လိုက်ပြီးနောက်-
“နှစ်သိန်းလေးထောင်၊ မြင့်ဖြူး ငယ်ဆောင်၊ ရွှေတောင်ထိပ်ဖျား၊ လှည့်လည်၍သွား၊ နှစ်ပါးနေလ၊ နှုတ်မမျှသည့်၊ အယုဒ္ဓယ ပြည် သား၊ ဒေ၀ီကျသွေး၊ မုလေးသွယ် ကုံး၊ ညီသုံးပါးနောင်၊ ထွဋ်ခေါင် ရာဇာ၊ ဘုန်းရောင်ပရမေ၊ ငါရာမ မင်း၊ နင်ဘယ့်နှယ်တင်းမလဲ၊ ရန် နှင်ဘုရားပါတကား...၊ မင်းများ စေ့စေ့(စိစိ) မသိကြည့်ရော့၊ မြင် ကြရဲ့လား၊ ပါပအဖျင်း၊ ဆယ်စင်း သည်ထက်၊ ဆယ်ထက်ဆင့် လောင်း၊ ဆယ်သောင်းဗိုလ်ခြေ၊ တင်လေသည့်လေးကျော်၊ မော် မော်ထောင်ထောင်၊ မာခေါင်ချည်း ပင်ဖြစ်ဖြစ်၊ ဘေးလောင်းတော် မြစ်၊ ဘိုးချစ်ရှင့်မြေး၊ နင်မကွေး ဘယ်လေးတဲ့လဲ...၊ ဟင့်-အပြင် ဟဲ့လို့၊ အမယ့်သက်မျှ၊ ငါကြိမ်းရ လျှင်၊ နင်မျှလေးဆိုး၊ ဖောင်း ဖောင်းကြီး ယခုကျိုးစိမ့်မည်...” ဟု လေးကြိမ်းကြိမ်းလိုက်ရာ ဆိုင်း မှထွေထွေဆန်းဆန်း ယိုးဒယား သီချင်းကို ချွတ်တီးလုံး အဖြစ် အမှိန်အမျိုးကူး ပြောင်း၍ ကကောင်းအောင် တီးပေး လေသည်။ ရာမသည် အနီးမှ အားပေးနေ သော ညီတော်အား လေးအတတ်ကို ပြ တော့မည်ဖြစ်ကြောင်း ကဟန်ဖြင့် ပြော ကာ လေးကိုအဝေးကြည့်ကဟန်ဖြင့် လှမ်း၍ကြည့်လိုက်သည်။ ဘယ်ညာ ကြည့်ပြီးသောအခါ လေးဆီသို့အကဖြင့် ကပြရင်းသွားသည်။ လေးအနီးရောက် သောအခါ အနီးကြည့်ဟန်ကဖြင့် ကြည့် သည်။ ချိန်ဆချက်နေရာကို မှန်းဆ ကြည့်သည်။ နောက်ပြန်လာကာ လက် ပိုက်ပြီးအကြံယူဟန်ကြည့်သည်။ ဒသဂီရိသည် လက္ခဏ လေးကို မ ပြ စဉ်ကပင် အံ့သြ တုန်လှုပ်နေလေရာ၊ ရာမ လေးတင်ရန် ဟန်ပြင်နေချိန်တွင် အလွန် စိုးရိမ်ပူပန်ဟန်ဖြင့် က၍ကြည့်နေ လေသည်။
ထို့နောက် ရာမသည် လက်ယှက် အကဖြင့် လေးဆီသို့ သွား၍ လေးကို စမ်းကြည့်သည်။ အမျိုးမျိုး ကပြနေစဉ် ညီတော်ကလည်း လေးအစွမ်းပြရန် အားပေးနေဟန် ပြု၏။ ဤသို့ဖြင့် ရာမသည် အခေါက်ခေါက် အခါခါ ကပြရင်း မာန်ဝင့် အားတင်းလိုက်ကာ လေးတော် ကို တိကျစွာ ကိုင်တွယ်ပြီးနောက် ပေါ့ပါးစွာ မ ယူလိုက်လေရာ ဒသဂီရိမှာ တုန်လှုပ်ချောက်ချားလျက် တဆတ် ဆတ်တုန်တော့သည်။ ဤတွင် ရာမ သည် လေးပစ်ရန်လေးညှို့ကို ပေါ့ပါးစွာ တင်လိုက်ပြီးနောက်၊ လေးကိုပစ်ပြရာ အခြားသောနေရာသို့ မပစ်မူ၍ ဒသဂီရိ အား ချိန်ပြီး ပစ်လိုက်လေသည်။ ဆိုင်းမှလည်း ဗိန်းမောင်း တီးပေးလေ၏။
ဒသဂီရိသည် ရထားထက်သို့ ခုန် တက်လိုက်စဉ် ရာမက လေးညှို့ကို ဖြုတ်လိုက်သဖြင့် ရထားပျံဖြင့် တစ်ဟုန်ထိုး ပျံသန်း ထွက်ပြေးသွားလေသည်။ ဆိုင်းမှ ဗိန်းမောင်းတီးလုံး အချိုးသတ် လိုက်သည်နှင့် တစ်ပြိုင်နက်၊ ပြည်ဖုံး ကားကြီး ပိတ်လိုက်၍ လေးတော်တင် ခန်းပြီးဆုံးခြင်းသို့ ရောက်လေသည်။ ဤကား ရာမဇာတ်မှလေးတော်တင်ခန်း တည်း။
ဤနေရာတွင် စာဖတ်ပရိသတ် အား ဂရုပြုစေလိုသော အချက်တစ်ချက် ရှိပါသည်။ ဒသဂီရိ၊ လက္ခဏနှင့်ရာမ တို့သုံးဦး လေးတင်သည့်သရုပ်ကို ဖော် ထုတ်ကပြရာတွင် လေးကိုတစ်ကြိမ် တည်းဖြင့် ချက်ချင်းကောက်မတင်ဘဲ အဖန်တလဲလဲ ပြန်လိုက် သွားလိုက်ကပြ နေမှုပင် ဖြစ်ပါသည်။
ဤအချက်သည် တင်ပြဆွေးနွေး စရာပြဿနာဖြစ်၏။ ပရိသတ်က ဇာတ် ဆောင်သုံးဦးကပြနေသည်ကို စိတ် မရှည်ဘဲ အချိန်ဆွဲကနေသည်ဟု ထင် ကြပေလိမ့်မည်။ အဘယ်ကြောင့် ဤသို့ ကပြနေသနည်းဟူသော အချက်ကို တင်ပြလိုပါသည်။ အခေါက်ခေါက် ကပြနေခြင်းမှာ အကြောင်းမဲ့သက်သက် မဟုတ်ပါ။
ဤလေးသည် ဗိုလ်ခြေတစ် ထောင်အားကိုဆောင်သော သိကြားမင်း ဆက်သည့်လေးဖြစ်၍ “လေးတော်” ဟု ဆိုရခြင်းဖြစ်ပါသည်။ ခုနစ်ပြည်ထောင်မင်းများ မ ပင် မ မစွမ်းနိုင်သောလေးဖြစ်၏။ ဖြောင့်တန်းသော လေးမဟုတ်ဘဲ လခြမ်းသဏ္ဌာန် ကွေးကောက်၍ အလွန် လေးလံသည့် လေးဖြစ်သည်။ ထို့ကြောင့် တင်မပြရမည့်ပုဂ္ဂိုလ် သည် လွယ်လွယ်ကူကူ ကောက် ယူမတင်ခြင်းပြုလိမ့်မည်မဟုတ်ပါ။ သတိကြီးစွာဖြင့် ဆောင်ရွက်ရပေ လိမ့်မည်။
ထို့ကြောင့် လေးကိုမ မည့်သူသည် မည်သို့သောပ စ္စည်းဖြစ်ကြောင်း အကဲခတ် ကြည့်ရှုပေလိမ့်မည်။ လေး၏နေရာရွေ့မှုကို စမ်းသပ် ကိုင်တွယ်၍ စူးစမ်း စစ်ဆေးရပေ လိမ့်မည်။ လေးသည် မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားကြောင်း သတိထားရ ပေမည်။ ပြုလုပ်သော ပစ္စည်းကို ခန့်မှန်းသိရှိ လျှင် ဤလေးသည်မည်ရွေ့ မည် မျှ လေးလံမည်ကို တွက်ဆရပေ လိမ့်ဦးမည်။ ဖြောင့်စင်းသော အရာဝတ္ထု မဟုတ်သဖြင့် ကိုင်တွယ် မ ယူရာ၌ ဘယ်ညာမယိမ်း ခံနိုင်မည့် နေရာကို သိရမည်။
ဤသို့သော အချက်များကြောင့် လေးတင် မမည့်သူသည် တစ်ခါတည်း ကိုင်တွယ်မယူခြင်း မပြုဘဲ အခေါက် ခေါက်အခါခါ ပညာ သဘောဖြင့် သက်ဝင်အောင် ဖော်ထုတ်ရပေမည်။ မျက်စိ ပသာဒ ရှိစေရန် အကနည်း အစုံစုံဖြင့် အနု ပညာမြောက်စွာ ဖော်ထုတ် သရုပ်ဆောင်၍လည်း ကပြရမည်။
ထို့ကြောင့် ဖော်ပြပါအချက် အလက်များကို စဉ်းစားသုံးသပ်ခြင်း အားဖြင့် ဤလေးတင်ခန်း ဇာတ်ဝင်အက များသည် ဇာတ်လမ်းဇာတ်ကွက် သဘောအရ ဇာတ်၏ လိုအပ်ချက်များကို တိကျစွာ ပေါ်လွင်အောင် သရုပ်ဖော်ကပြ ရခြင်းဖြစ်သည်။ အဆင့်မြင့်ပြောင် မြောက်သောအကများဖြစ်ကြောင်းကို လည်း တင်ပြလိုက်ရပါသည်။
ရာမလေးတော်တင်ခန်းကို အနု ပညာသဘောအရသာ ရိုးသားစွာ တင် ပြလိုက်ခြင်းဖြစ်သည်။ နိုင်ငံရေး သဘောအရ ရေးပြရလျှင်မူ...
မောင်သန်းဆွေ၊ထားဝယ်၊ (ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂) ကိုးကားချက် လေးကြိမ်းစာသားများကို ဆရာ မင်းမင်း(ဆင်ပေါင်ဝဲ) မှ ရယူပါသည်။
|