|
Written by ၀င်းငြိမ်း
|
|
Thursday, 05 July 2012 12:18 |
သို့ ဆရာဦးဝင်းငြိမ်းနှင့် ဆရာမ မသီတာ(စမ်းချောင်း) ခင်ဗျား ကျွန်တော်သည် လစဉ် ရွှေအမြုတေ မဂ္ဂဇင်းအား ဖတ်ရှုခဲ့ သည်မှာ သုံးနှစ်ခန့် ရှိပြီ ဖြစ်သော ရွှေပရိသတ် တစ်ဦး ဖြစ်ပါတယ်။
argaiv1858
၂၀၁၂ မေလထုတ်ကို ဖတ်ပြီးနောက် စိတ်မကောင်း စရာနှစ်ခုတွေ့ရတယ်။ ပထမ တစ်ခုကိုတော့ အကြံပြုချက် အနေနဲ့ ရွှေချစ်သူ ကဏ္ဍမှာ ထည့်စေချင်ပါတယ်။ ၀တ္ထု တစ်ပုဒ်ကို မဂ္ဂဇင်းတိုက် နှစ်ခုပို့တဲ့ ကိစ္စပါ။ ဦးဝင်းငြိမ်းရဲ့ ရှင်းပြချက်တွေ ဟာလည်း မှန်ကန်ပါတယ်။ ကျွန်တော် ရွှေရဲ့ အားနည်းချက်ကို ထောက်ချင်တာပါ။ ရွှေအသစ်တွေပေးပို့တဲ့ ၀တ္ထုတွေကို စိစစ် ရွေးချယ်တာ၊ ပယ်တာဟာ ၂ နှစ်လောက် ကြာနေပါတယ်။ အချိန် ၂ နှစ်ဆိုတဲ့ ကြာညောင်းမှုကြောင့် အခုလို ပြဿနာဖြစ်ရ တယ်ထင်ပါတယ်။ ရွှေအသစ်အများစုဟာ စာမူ တွေပို့ပြီးရင် ရွေးခံရလားစောင့်ကြည့်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင် စာမူ တစ်ခုပို့လိုက်ပြီး ရွှေသုံးလေးအုပ်လောက် ဖတ်လိုက်မှ ၂ နှစ် လောက်ရေးမှ ရွေး၊ မရွေး သိရမယ်လို့ ခန့်မှန်း နိုင်ခဲ့တယ်။
ဒီတော့ ကျွန်တော် အကြံပြုလိုတာက ၂ နှစ်ဆိုတဲ့ အချိန်ကို ချုံ့နိုင်ရင် ကောင်းမယ်။ တစ်လစာ ဖတ်တဲ့ နေရာမှာ နှစ်လစာ တိုးဖတ်လိုက်ရင် နောက်ပိုင်းမှာ တစ်နှစ်တောင် မစောင့်ရတော့ဘူး ဆိုတဲ့ ပုံစံဖြစ်သွားမယ်ထင်ပါတယ်။ မသီတာ (စမ်းချောင်း)တစ်ဦးတည်း မဖတ်နိုင်ရင်အောင် ဦးဝင်းငြိမ်း ကိုယ်တိုင်ဖြစ်စေ၊ အခြားစာရေးဆရာ အယ်ဒီတာ တစ်ဦးကိုဖြစ်စေ၊ တာဝန် ပေးလိုက်ရင် ရနိုင်တယ် ထင်ပါတယ်။ အချိန် တစ်နှစ်သာ စောင့်ရခြင်းဖြင့် ရွှေသို့ စာမူပို့လို စိတ်တွေလည်း မလျော့ဘဲ တိုးလာပါမယ်။ အခုလ စာမူအသစ်ပို့တာ ၁၂ ခုသာရှိတာဟာလည်း အချိန် ၂ နှစ်တောင်ကြာတဲ့ ရိုက်ခတ်မှု ပါနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအချက်လေးကို ရေရှည် အကျိုးရှိမလား စဉ်းစားပြီး ချိန်ရွယ်ပြောင်းလဲသင့်သလားလို့ တင်ပြအကြံပြုပါတယ်။ ပါကြီး(ဆေး-၂)ဦးစိုးထိုက်
ဒီပြဿနာက ရွှေအမြုတေကို နှစ်လသုံးလ ဖတ်သူ အတွက် အလွယ်တကူ အကြံပေးတာ ဖြစ်လို့ ကျေးဇူး တင်ပါတယ်။ တကယ်လို့ ရွှေအမြုတေကို အစဉ်တစ်စိုက် ဖတ်ခဲ့သူ ဖြစ်မယ်ဆိုရင်တော့ ဒီလို အကြံပေးမယ် မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ အဖြေကို ကြိမ်ဖန်များစွာ ကျွန်တော် ဖြေခဲ့ပြီးဖြစ်လို့ပါပဲ။ ထပ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ဘက်က အပုဒ် ၆၀ သာမကပဲ ၂၀၀ အထိ ဖတ်ပေးပါ ဆိုရင်လည်း ဖတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဖော်ပြတဲ့ နေရာမှာတော့ အများဆုံး ၃ ပုဒ်သာ နေရာပေးနိုင်တာ ဖြစ်လို့ အပုဒ် ၆၀ ထဲက ၃ ပုဒ်နဲ့ အပုဒ် ၂၀၀ ထဲက ၃ ပုဒ် ရွေးပါဆိုရင် ၀ါသနာရှင်များ အတွက် အပုဒ် ၆၀ ထဲက ၃ ပုဒ်ကသာ အခွင့်အလမ်း ပိုများမှာပါ။ ဒါကြောင့် တစ်လကို အပုဒ် ၆၀ လောက်ပဲ ဖတ်တာ ကို ကျေနပ်ပေးပါလို့ ပြောပါရစေ။
သို့ ဆရာဦးဝင်းငြိမ်းထံ ရိုသေစွာ စာရေးလိုက်ပါတယ်။ ရွှေဆု ရခဲ့ကြတဲ့ ဆရာမောင်ရေချမ်း၊ ဆရာနိုင်မြင့်၊ ဆရာမ စံပယ်ဖြူနု၊ ဆရာမ ဝေ(စီးပွားရေးတက္ကသိုလ်)၊ ဆရာ အောင် မြင့်ဦး (မဟာဝိဇ္ဇာ)၊ ဆရာ အောင်ဖြိုးကျော် (ပခုက္ကူ)၊ ဆရာမ နန်းဧကရီရှင်နှင့် ဆရာမ လင်းစက်နွယ်တို့အား ၀မ်းသာဂုဏ် ယူစွာနဲ့ စာပေနယ်မှာ ထာဝရ ရှင်သန် အကျိုးပြုနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ဆရာရေ ဆရာမ မစန္ဒာရဲ့ အရိပ် ဆိုတဲ့ စာအုပ် လိုက်ရှာနေခဲ့တာ ကြာပါပြီ။ ငှားခကတော့ တစ်အုပ် သုံးရာကျပ် ဆိုပေမဲ့ ပထမ စာရွက်ကနေ နောက်ဆုံးအထိ ဘ၀ တစ်ခုထဲ ရောက်သွားသလိုပါပဲ။ အဓိက ဇာတ်ဆောင် မိန်း ကလေးတွေဖြစ်တဲ့ သက်သက်၊ အမာညို၊ စုလှိုင်တို့နဲ့အတူ ပျော်ရွှင်ခဲ့ပါတယ်။ ရင်မောခဲ့ပါတယ်။ ၀မ်းနည်းခဲ့ပါတယ် ဆရာ။ ဆရာမရဲ့စာအုပ်ကို မအားမလပ်တဲ့ ကြားက သုံးရက် တိတိ အချိန်ယူဖတ်ဖြစ်ခဲ့ပါတယ်။
ဖတ်ပြီးတဲ့အချိန်မှာလည်း စုလှိုင်က ရင်ထဲကကို မထွက် တော့ဘူး။ ဘယ်စာအုပ်မှလည်း ဖတ်လို့ မရတော့ဘူး။ ဘယ်လောက် အနုပညာ ရသမြောက်လိုက်သလဲ ဆိုတာ။ ဒီကနေ့ စာပေနယ်မှာ လုံးချင်းဝတ္ထုတွေ အပြိုင်အဆိုင် ထွက်နေကြတဲ့ ဆရာ၊ ဆရာမတွေ ဖတ်ဖူးကြရဲ့လား။
အဲလို ၀တ္ထုတွေကို ဖတ်ချင်တဲ့ ကျွန်တော်တို့လို လူငယ် တွေအတွက် လူငယ်စာရေးဆရာ၊ ဆရာမတွေကလည်း အဲလို ၀တ္ထုတွေလိုရေးစေချင်လှတယ်။ တစ်ခါလာလည်း Shopping ထွက်၊ ကားစီး၊ လမ်းသလား၊ ရန်ဖြစ်၊ တိုက်မိ၊ ချစ်ကြိုက် စသဖြင့် ရိုးအီလှပါပြီ။ တစ်လ တစ်အုပ်အစား တစ်နှစ်တစ်အုပ် ထွက်လည်း ပရိသတ်ရင်ထဲ ကျန်ခဲ့ရင် မြန်မာ့စာပေ အလယ် မှာ ဂုဏ်ယူနိုင်ရဲ့မဟုတ်လား ဆရာ။ အဲလို စာအုပ်တစ်အုပ် ဖတ်ပြီး ရင်ထဲ ကျန်ခဲ့တဲ့ စာအုပ်တွေ ဆရာညွှန်းပေးပါဆရာ။ တစ်အုပ် နှစ်အုပ်ဖြစ်ဖြစ်ပါဆရာ။ ကျွန်တော် ရှာဖတ်ချင်လို့ပါ။
ဆရာမ ခင်ခင်ထူးရဲ့ မအိမ်ကံကိုတော့ ၀ယ်ထားပြီးပါပြီ။ ဆရာမ ရွှေသဉ္ဇာရဲ့ ချစ်ခြင်း၏ အလွန် ကိုတော့ ရှာလို့ မတွေ့သေးဘူး။ စာချစ်တဲ့ မိုးနှောင်း
ဆရာမ မစန္ဒာရဲ့ “အရိပ်”လို ဒီနေ့တိုင် စွဲနေကြတဲ့ ဟိုတုန်းက ၀တ္ထုတွေ ရှိပါသေးတယ်။ ဒီနေ့ ထွက်နေတဲ့ လုံးချင်း ၀တ္ထုများနဲ့တော့ လားလားမှ မဆိုင်လို့ ဆိုရပါလိမ့်မယ်။ ရွှေအမြုတေမှာ မညွှန်းနိုင်ပေမဲ့ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း မှာ မင်းကိုဉဏ်က “ဖတ်ကြည့်ပါ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ညွှန်းပေးနေပါတယ်။ သူ ညွှန်းတာတွေကို ရှာဖတ်ကြည့်ပါ။

သို့ ဆရာဦးဝင်းငြိမ်း ချမ်းသာလို့ ကျန်းမာပါစေ။ မဂ္ဂဇင်း အင်တာဗျူးတွေ ဖတ်ရတာ အနှစ်သာရ မရှိတော့ပါဘူး ခင်ဗျား။ စာရေးဆရာ၊ ဆရာမတွေရဲ့ အင်တာဗျူးတွေမှာ လည်း မေးထားတာတွေဟာ ပရိသတ်သိလိုတဲ့ အကြောင်း အရာကို ထိထိမိမိ မမေးနိုင်သလို မင်းသား၊ မင်းသမီးတွေ ရဲ့ အင်တာဗျူးတွေမှာလည်း ပကာသန အထည်အ၀ါတွေ များလှတယ်။ ကိုကိုလှမြင့်ကတော့ လေအေးကလေးနဲ့ သူ့ရဲ့ မေးခွန်းတွေက ပရိသတ်ရဲ့ ရင်ထဲ ရောက်လှပါတယ်။
ဆရာရေ ဟိုကိုခန့်စည်သူက အကယ်ဒမီရတဲ့ နှစ်က မျက်ခြယ် ရုပ်ရှင်ထုတ်လုပ်ရေးက ဆရာမ ဆွေဆွေအောင်ရဲ့ ၀တ္ထု တစ်ပုဒ်ကို ရုပ်ရှင်ရိုက်မယ် ဆိုတာလေ။ ရိုက်ဖြစ်ရဲ့လားလို့ ပါ။ အေးအေး တည်ငြိမ်နေလို့ပါ ဆရာ။ ခါတိုင်းဆို ရုပ်ရှင် ရိုက်ကွင်းနဲ့ပတ်သက်ပြီး ဂျာနယ်တွေမှာ ပါနေကျမို့ပါ။
ကျွန်တော်ချစ်တဲ့ ဆရာမ ပုညခင်ရဲ့ ၀တ္ထုတွေ ရုပ်ပြ၊ ရုပ်ရှင်တွေ ဖြစ်လာတာဟာ ဆရာမနဲ့ ထပ်တူကြည်နူးမိပါ တယ် ဆရာ။ ဆရာမ ပုဏ္ဏမီရဲ့ ၀တ္ထုတွေလည်း မျှော်လင့် စောင့်မျှော်လျက်ပါ။ ဆရာရေ ရှေးစာအုပ်ဆိုင်တစ်ဆိုင်ကို ရောက်သွားတာလေ စာအုပ်တွေကြားမှာ မမောနိုင် မပန်းနိုင် အောင်ပဲ စာအုပ်ရွေးရင်း ကြည်နူးစွာ ဆရာမ ခင်နှင်းယု၊ ခင်ဆွေ ဦး၊ ယုဝတီခင်စိန်လှိုင်၊ ကလျာ (၀ိဇ္ဇာ-သိပ္ပံ) စသဖြင့် ဖတ်ခွင့် ရတာလေ အရမ်းကို ဂုဏ်ယူ ၀မ်းမြောက်မိပါတယ် ဆရာ။ စာအုပ်ဆိုင်နာမည်က စိန်ဓာတ်ပုံပါ ဆရာ။ ဆရာနှင့်တကွ အလင်းတန်း၊ ရွှေအမြုတေ၊ teen မဂ္ဂဇင်း အဖွဲ့သူ၊ အဖွဲ့သား များ ကျန်းမာ ချမ်းသာပါစေ။ စာချစ်သူ ရှင်လွန်းမို ခန့်စည်သူနဲ့တွေ့တဲ့ အခါ မေးကြည့်ပေးပါမယ်။ သို့ လေးစားရပါသော ဆရာဦးဝင်းငြိမ်း ရွှေအမြုတေ ဆုပေးပွဲ အောင်မြင်စွာ ပြီးဆုံးသွားလို့ ၀မ်းမြောက်မိပါတယ်။ ဆရာ့ရဲ့ ဆင်စွယ် နန်းတော်ကိုလည်း စိတ်ဝင်တစား မျှော်လင့်လျက် ဖတ်မိပါတယ်။ ဂျိုလီဆိုတာ ကျွန်တော် လေးစားရတဲ့သူလေ။ ခုလို သူ့အကြောင်းတွေ ဘာသာပြန်ပေးလို့ အရမ်း ၀မ်းသာမိပါတယ်။ ကျွန်တော်လည်း စာရေးချင်ပါတယ်။ ရေးလိုက်တိုင်း အဆင်မပြေတာကြောင့် စာပြန်နေရဆဲပါ။ ကျွန်တော်က ဂျူး၊ ခင်ခင်ထူး၊ တက္ကသိုလ် ဘုန်းနိုင်၊ နေ၀င်းမြင့်တို့ကို အလွန်အားကျနေမိပါတယ်။ သူတို့ လို စာရေးတတ်ချင်ပါတယ်။ ဒါကြောင့်မို့ အခုချိန်မှာ တွေ့ သမျှစာကို ဖတ်နေပါတယ်။ တစ်ချိန်ချိန်ကျ သူတို့လို ဖြစ်မယ် လို့ စိတ်ကူးယဉ်ရင်းနဲ့ပေါ့။
ရယ်စရာကားသာများနေတဲ့ မြန်မာ ရုပ်ရှင်ကားတွေကြားမှာ ဇာတ်အိမ်ကောင်းတဲ့ ဇာတ်လမ်းတွေ ရိုက်နေကြတယ်ဆိုလို့ ၀မ်းသာမိပါတယ်။ ၀ိုင်းရဲ့ ဇာတ်ကား ကောင်းတွေကို ပရိသတ်ကအားပေးဖို့အသင့် ဖြစ်နေကြပါပြီ။ ဦးမီးပွားရဲ့ ပြန်ခေါ်သက်သေကိုလည်း စောင့်နေပါတယ်။ ဆရာမ ဂျူးရဲ့ သူ မင်းကို ဘယ်တော့မှ ကို ရုပ်ရှင်ရိုက်မယ်လို့ ကြားရပါတယ်။ သရုပ်ဆောင်တွေ ဘယ်သူဖြစ်မလဲလို့ သိချင် ပါတယ်။ အေးငြိမ်းမေနေရာမှာ သက်မွန်မြင့်ကို မြင်ချင်ပါ တယ်။ ဒါမှမဟုတ်ရင် ဖွေးဖွေးပေါ့။ မမမြတ်နေရာမှာ မကြီးစိုး(သို့မဟုတ်) မခိုင်။ သုတနေရာမှာ အောင်ရဲလင်း၊ ထင်လင်းနေရာမှာ ကိုလူမင်းတို့နဲ့ အဆင်ပြေမယ် ထင်တယ်။ ဆလိုင်းမာန်အောင်၊ ရန်ကုန်။
ဟုတ်ကဲ့၊ စာရေးဖို့ ၀ါသနာ ပါတယ်ဆိုတဲ့ အတွက် ကြို ဆိုပါတယ်။ အားကျတဲ့ စာရေးဆရာများလို ရေးနိုင်အောင် ကြိုးစားပေးချင်ပါတယ်။ ဆရာမဂျူးရဲ့ ၀တ္ထုကို ရုပ်ရှင် ရိုက်ရင်လည်း ပြောလိုက်ပါမယ်။ သို့ အန်ကယ်ဦးဝင်းငြိမ်း မင်္ဂလာပါ။ ကျွန်တော်က ရွှေရဲ့ ပရိသတ် တစ်ဦးပါ။ ၇ ကြိမ်မြောက် ရွှေဆုပေးပွဲကြီးကို ခမ်းခမ်းနားနား ဖော်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါ။ ဆရာမင်းလူရဲ့ လက်ရာတွေကို ရွှေမှာ မြင်တွေ့ခွင့်ရချင်ပါသေးတယ်။ ရွှေကို ထာဝရအားပေးနေမယ့် အောင်ဝေဖြိုး(ရေဆင်း)
အားပေးမှု အတွက် ကျေးဇူး တင်ပါတယ်။ ဆရာ မင်းလူရဲ့ လက်ရာများကို အခါအခွင့် သင့်တဲ့အခါမှာ (ဆရာက ချီးမြှင့် တဲ့အခါများမှာ) ဖော်ပြပေးပါမယ်။ သို့ ဆရာ ဦးဝင်းငြိမ်း လေးစားစွာ စာရေးလိုက်ပါတယ်။ ကျွန်တော်က ရွှေပရိသတ် တစ်ယောက်ပါ။ ရသစာပေကို ကျားကန်ပေးထား တဲ့ မဂ္ဂဇင်းမို့ အားပေးနေတဲ့ သဘောလည်း ပါပါတယ်။ ကျွန်တော် တစ်ခုလောက် တောင်းဆိုပါရစေ။ ရသစာ တမ်းကို တစ်ပုဒ်ထက် ပိုပြီး ဖော်ပြပေးစေချင်ပါတယ်။ ၀တ္ထု စုစုပေါင်း အပုဒ်နှစ်ဆယ်လောက်ပါပေမဲ့ ရသစာတမ်းက တစ်ပုဒ်တည်း ဖြစ်ဖြစ်နေလို့ပါ။ တစ်လက်စတည်း ၂၀၁၂ မေလထုတ် ပန်းရိပ်ဖြူရဲ့ စောင့်စားသူ ရသစာတမ်း အကြောင်း ပြောပါရစေ။ စစချင်း ဒုတိယမြောက် ၀ါကျကို ဖတ်ကြည့်ပေးပါဦး။ “ဘယ်နှခွက်မြောက်မှန်း မသိနိုင်သော ရေနွေးကြမ်းကို တဂွပ်ဂွပ်ဖြင့် မော့သောက်လျက် ဖတ်လက်စ ၀တ္ထုတို တစ်ပုဒ်ထဲမှာ မြစ်ကမ်းနံဘေးမှ သစ်ပင်စိမ်းမြသည် လည်း ကျွန်မကို မစိမ်းမြနိုင်တော့ပါ”တဲ့။
အဲဒီဝါကျဟာ ဘယ်လိုမှ မချောမွေ့ပါဘူး။ ပြီးတော့ တဂွပ်ဂွပ်ဖြင့် မော့သောက်တဲ့။ တော်ကြာ အားရပါးရဖြင့် စားတို့၊ အပြေးအလွှားဖြင့် သွားတို့ ဖြစ်နေပါဦးမယ်။ ဆရာမ ပန်းရိပ်ဖြူပေးတဲ့ မက်ဆေ့ခ်ျကို ရိပ်မိပေမဲ့ အပြည့်အ၀မရ လိုက်သလို ခံစားသွားရတယ်။ ဆရာ ဦးဝင်းငြိမ်းက ကြေးများတတ်အောင် သင်ပေးထားလို့ ကျွန်တော်တို့ ပရိသတ် တွေလည်း ကြေးများ တတ်နေပါပြီ။ လေးစားစွာဖြင့် ကိုရွှေချစ်သူ
ရသကို ဦးစားပေးရင်း ကျွန်တော့် မဂ္ဂဇင်းမှာ ပေါ့ပ်ဆောင်း ပါးများ တစ်စထက်တစ်စ လျော့နည်းလာတာ ကိုရွှေချစ်သူ အမြင်ပါပဲ။ ၀တ္ထုလည်း များများ ဖတ်ချင်တယ်။ ရသစာ တမ်းကလည်း များများလေး ဆိုတာကိုတော့ တပည့်တော် မဖြည့်စွမ်းနိုင်ပါ။ ကျေးဇူးပါ။
ရွှေချစ်သူမှ ရွှေချစ်သူသို့ လေးစားရပါသော ဆရာဦးဝင်းငြိမ်း ခင်ဗျား မေလရွှေမှာ ဆရာနော် (ကျောက်တိုင်)ရဲ့ ရွှေမျက်ရည် ရွှေနှလုံးသား ၀တ္ထုတိုလေးကို ဖတ်လိုက်ရလို့ ကျေးဇူးကမ္ဘာ ပါပဲဗျာ။ စာရေး အရမ်း ကျဲနေတဲ့ ဆရာနော်(ကျောက်တိုင်) ရဲ့ ၀တ္ထုတိုတစ်ပုဒ်ဖတ်ရတာ အရမ်းကျေနပ်ဖို့ ကောင်းတယ်။
ဆရာ ဦးဝင်းငြိမ်း ခင်ဗျား။ မြို့ရွာအနှံ့မှာ ဖွင့်လှစ်ထား ကြတဲ့ စာကြည့်တိုက်တွေ အကြောင်းကို ပြောပါရစေ။ မဖွင့် ခင်ကတော့ စာကြည့်တိုက် ဖြစ်မြောက်ရေးဆိုပြီးတော့ လှုံ့ဆော်ကြ၊ အလှူတွေ ကောက်ကြနဲ့။ စာကြည့်တိုက်လည်း ပြီး သွားရော ရက်ပိုင်းလောက်ပဲ ဖွင့်ပြီး နောက်ပိုင်းမှာ သော့တန်း လန်းနဲ့ ပိတ်ထားကြတယ်။
ကျွန်တော်ဟာ ခရီး တအား သွားပါတယ်။ ရောက်တဲ့ မြို့နယ် ရပ်ကွက်တွေမှာ ဖွင့်ထားကြတဲ့ စာကြည့်တိုက်တွေကို လေ့လာမိပါတယ်။ များသောအားဖြင့် ပိတ်ထားကြပါတယ်။ တချို့ စာကြည့်တိုက် အဆောက် အအုံတွေဆို ပျက်စီးနေတာကို တွေ့ရတယ်။ ဒါဘာကြောင့်လဲ ဆိုတာကိုတော့ စဉ်းစားလို့ မရပါဘူး။ စာအုပ်၊ စာစောင်တွေကို ကိုယ်ပိုင်ဝယ်ဖတ်တဲ့ ကျွန်တော်ဟာ အမြဲတမ်း စာအုပ်တွေ သွားလှူဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် လှူဖြစ်တဲ့ စာအုပ်တွေဟာ စာအုပ်စင်ပေါ် မှာပဲ နေရာယူထားတယ်။ စာကြည့်တိုက်တွေ ပိတ်ထားတော့ ဘယ်သူက ဖတ်ရမှာလဲနော်။
နောက်ပြီး တချို့ကလည်း ရှိသေးတယ်။ ကျွန်တော်က ဆရာမတစ်ဦးကို ကျောင်းစာကြည့်တိုက် အတွက် စာအုပ် ၁၀၀ ကျော်လောက် သွားလှူဖြစ်တယ်။ လှူပြီးတာနဲ့ ကျွန်တော် ခရီး ထွက်သွားတာ ၄ လလောက်ကြာတယ်။ ပြန်ရောက်တော့ ကျွန်တော် လှူထားတဲ့ စာအုပ်တွေ အားလုံးကို အဲ့ဒီ ဆရာမရဲ့ အိမ်မှာပဲ ဟိုတစ်အုပ်၊ ဒီတစ်အုပ် တွေ့ရတယ်။ သူ့ရဲ့ အိမ် ဘေးပတ်ဝန်းကျင်မှာလည်း တွေ့ရတယ်။ တချို့ဆို စုတ်ပြတ် ကုန်တယ်။ ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ်။ ဒါကြောင့် အခု ကျွန်တော် စာအုပ်တွေ ထပ်လှူဖို့ ရှိသေးတယ်။ ဘယ်မှာ လှူရမှာလဲ။ တကယ်ဖွင့်ပြီ တကယ်ငှား ပေးတဲ့ စာကြည့်တိုက်တွေမှာပဲ လှူချင်တော့တယ်။ ရွှေထာဝရ အောင်မြင်ပါစေ သိန်းသန်းလင်း(အလင်းသစ်)
ကျွန်တော်တို့လည်း အလှူခံလာတဲ့ ရပ်ဝေးက စာကြည့် တိုက်များ အတွက် စာအုပ်များစွာ လှူဖြစ်နေပါတယ်။ အဲဒီ စာအုပ်တွေလည်း ကိုသိန်းသန်းလင်း ပြောသလို ဖြစ်နေပြီလား တော့ မပြောတတ်ပါဘူး။ သော့တန်းလန်း ဖြစ်နေတဲ့ စာကြည့်တိုက်များ ကိစ္စကို စာကြည့်တိုက် ဖောင်ဒေးရှင်းက တာဝန်ရှိ ပုဂ္ဂိုလ်များသာလျှင် အဖြေသိမယ် ထင်ပါတယ်။ ဆရာဦးဝင်းငြိမ်း ရိုသေ လေးစားစွာဖြင့် စာရေး လိုက်ပါတယ် ဆရာ။ ဆရာ့ ဆီက စာမူ ဆုပေးပွဲတက်ဖို့ ဖက်စ်ရော ဖုန်းရော ရတဲ့နေ့၊ နောက်နှစ်ရက်လောက်ကြာမှ စာမူခနဲ့ မဂ္ဂဇင်းစာအုပ်ကို စာတိုက်မှာ သွားယူရပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ၀မ်းလည်း သာပါတယ်။ ကျေးဇူးလည်း တင်ပါတယ် ဆရာ။ ဆရာက “မင်းဆုရတယ်လို့ ငါမပြောဘူးနော်” ဆိုပေမဲ့ အပျော် တွေ မလျော့ခဲ့ပါဘူး။ မလိုတော့ပါဘူး ဆရာရယ်။ “မင်း တော်တယ်” ဆိုတဲ့ ဆရာ့ စကားလုံးဆုနဲ့တင် ကျွန်တော့် အတွက် အားလုံးပြည့်စုံသွားပါပြီ။ အရိုးသားဆုံး ၀န်ခံရရင် ၀တ္ထုတစ်ပုဒ် စာမူခ ဘယ်လောက်ရမှန်း ကျွန်တော် မသိဘဲ စာရေးခဲ့တာပါ။
ရွှေချစ်သူကနေ အသစ်တွေက ကိုယ့်စာမူကိစ္စလေးတွေ ထည့်ရေးပြီး ဈေးဆစ်သလိုမျိုးလေးတွေ ထည့်ရေးကြတာ တွေ့တော့ ကြားထဲကနေ ဆရာ့ကို ခဏခဏ အားနာဖြစ်တယ်။ စာရေးတာ အရောင်းအ၀ယ်လုပ်နေကြတာမှ မဟုတ် တာ ဆရာရယ်။ ကျွန်တော့် ရွာကမြို့နဲ့ မဝေးပေမဲ့ စာနဲ့တော့ ဝေးတယ်ဆရာ။ ကလေးတွေက စာထက် မန်ယူပွဲ၊ ချဲလ်စီး ပွဲတွေကို ပိုစိတ်ဝင်စားကုန်ကြပြီ။ ကလေးမလေးတွေက F4 ကားလို ကိုရီးယားကားတွေကို စာထက်ပို စိတ်ဝင်စားကုန် ကြပြီ။ ကျွန်တော့် ပတ်ဝန်းကျင်က စာပေရေခံမြေခံ ကြမ်းတယ် ဆရာရေ။ စာကြည့်တိုက်အတွက် စုထားတဲ့ စာအုပ်တွေလည်း ရွာမီးလောင်တဲ့နှစ်က မီးထဲပါသွားလို့ ခုချိန်ထိ အဆင်မပြေသေးဘူး ဆရာရေ။
ဆရာက ကျွန်တော်တို့ ရွှေအသစ်တွေအတွက် အရိပ် ကောင်းတဲ့ သစ်ပင်ကြီးပါ။ ရွှေအဖွဲ့သားတွေကတော့ အဲဒီအပင်ကြီးအောက်က ရေချမ်းစင်လေးနဲ့တူပါတယ် ဆရာ။ အရိပ်ခိုရသလို ရေအေးအေးကိုလည်း သောက်ခွင့် ရခဲ့ကြတာ ပါ။ ကျွန်တော်က တခြားအသစ်တွေလို မဟုတ်ဘဲ စပို့ စ ပါလာတော့ နာနာလက်ခတ်နဲ့ အရိုက်မခံရဘဲ ဖြစ်ခဲ့တဲ့ အိုးတစ် လုံးလိုပါပဲ ဆရာ။ (ကိုယ့်ကိုယ်ကို သတိပေးဖြစ်ပါတယ်)။ ဒါကြောင့် နောက်စာမူတွေကိုလည်း ရွှေကိုပဲ ပို့လိုက် ပါတယ်။ ဆရာတို့ကပဲ အိုးကောင်းတစ်လုံးဖြစ်အောင် နာနာ လေး ရိုက်ပေးပါဦးနော်။ ဆရာနဲ့တကွ ဆရာ့မိသားစု ရွှေအဖွဲ့သား အားလုံးကိုယ်ရော စိတ်ပါ ကျန်းမာပျော်ရွှင် နိုင်ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့လိုက်ပါတယ် ခင်ဗျာ။ ရိုသေစွာဖြင့် အောင်ဖြိုးကျော် (ပခုက္ကူ)
ကိုအောင်ဖြိုးကျော်ရေ... ကျွန်တော့်လက်ဆ ပြင်းလွန်းလို့ ရွှေအသစ်ကဏ္ဍကို ကျောခိုင်း သွားသူတွေလည်း ရှိမယ် ထင်တယ်။ ကျွန်တော်ကတော့ အိုးကောင်းတစ်လုံး ဖြစ်အောင် နာနာ ရိုက်ပေးနေဆဲပါပဲ။ သို့ ဆရာ မေလရဲ့ ရွှေအသစ် တစ်ပုဒ်ဖြစ်တဲ့ အောင်ဖြိုးကျော်ရဲ့ ရသမြောက် ၀တ္ထုလေးကို ဖတ်ရတဲ့ အတွက် ကျေး ဇူးတင်ပါတယ်။ မေလရဲ့ ရွှေကတော့ ကျွန်တော် ဦးဦးဖျား ဖျားပေါ့ (ကျွန်တော် ငှားနေကျ ဆိုင်တွင် ဖြစ်ပါသည်) ဆရာ။ အောင်ဖြိုးကျော်ရဲ့ ၀တ္ထုကို ဖတ်ရင်း ကျွန်တော်လည်း ရာသီ မဟုတ် ရွာမည့်မိုးကို စိုးရွံ့နေမိပါတယ်။ မိုးဆိုတာ မရှိမဖြစ် ဆိုပေမဲ့ အချိန်အခါမဟုတ် မိုးရွာပြီဆိုရင်တော့ လူတိုင်း ပြေးရ၊ လွှားရ၊ သယ်ရပိုးရ၊ လုပ်ငန်းတွေလည်းပျက်၊ ထမင်းတွေ လည်း ငတ်ပေါ့။ ဒါ့ကြောင့် ကျွန်တော်လည်း မိုးလား။ မရွာစေချင်သေးဘူးဗျာ။
ဒါပေမဲ့ ဆရာရေ သတ္တလောကကြီး အေးမြဖို့အတွက် ငြိမ်းချမ်းရေးမိုးတွေတော့ တအုန်းအုန်းသည်း နေစေချင်ပါသည်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်မယ် ဆိုတာ ကျွန်တော်လည်း သိထားလို့လေ။ ဧပြီလ ၁၀ ရက်နေ့က လည်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ် ပြောင်းလဲပြီတဲ့။ အဲဒီ အပြောင်းအလဲနှင့် အတူ ခေတ်က တောင်းဆိုနေတာ ကြာပြီဖြစ်တဲ့ မြန်မာ ရုပ်ရှင်လည်း အမြန်ဆုံး ခေတ်မီဖွံ့ဖြိုး တိုးတက်ပါစေလို့ ထာဝရ မျှော်လင့်ဆုတောင်း လျက်ပါ။ တစ်ဆက်တည်း ဆရာ လမ်းအခွဲမှာ ၀ဲခဲ့ရတဲ့ ရွှေ မျက် ရည်၊ မေးခွန်းများ၊ ငါးမိနစ်။ မေလ၀တ္ထုတွေ ကောင်း လွန်းတယ်။ ရွှေအသစ် ပန်းချီတွေ ကာလာမထည့်တော့တာ လား။ ပြီးတော့ ဆရာ့ကို မေးချင်တာလေးရှိလို့ ခွင့်ပြုပါ။ ကျွန်တော် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာ မတွေ့မိလို့ ပါ။ အလွယ်လိုက်တယ်လို့တော့ မထင်ပါနဲ့ ဆရာ။ ကျွန်တော် တို့တွင်တွင်ကြီး ရေးသားပြောဆိုနေတဲ့ ဒါပေမယ့်/မဲ့မှာ မယ့်/မဲ့ ဘယ် သတ်ပုံ မှန်ပါသလဲ ဆရာ။ မဂ္ဂဇင်းဂျာနယ် တွေမှာ အမျိုးမျိုးတွေ့နေရလို့အမှန်ကို သိချင်နေမိပါတယ်။ ပြီးတော့ ပေါလ်နဲ့ထပ်တူ ၀မ်းနည်းခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ပေါလ်ကြီး ဘာကင်ဟမ်မှာပဲလား။ ဒါမှမဟုတ် ခရစ်တော်မှာ အိပ်ပျော်သွားပြီလား။ အခွင့်ကြုံတုန်း မေးအပ်ပါသည် ခင်ဗျာ။ ကြည်ခိုင်မင်း (တမူးမြို့)
အားပေးမှု အတွက် ကျေးဇူးတင်ပါတယ်။ မြန်မာစာရေး ထုံးနဲ့ ပတ်သက်ပြီး မေးထားတာကို ဖြေရရင်တော့ မရှိခြင်း အဓိပ္ပာယ်ကို ဆောင်မယ်ဆိုရင် “မဲ့”ကို သုံးပါတယ်။ “ဒါ ပေမယ့်”လို့ အရင်တုန်းက ကျွန်တော်တို့ သုံးခဲ့ကြပေမဲ့ အခု ရေးထုံးက “ဒါပေမဲ့”ဖြစ်သွားပြီတဲ့ဗျာ။ ကျွန်တော်တို့ မဂ္ဂဇင်း စာပြင်ဆရာမက ရေးထုံးနဲ့ ပြတော့လည်း ကျွန်တော်တို့ “မဲ့”နဲ့ပဲ ရေးနေကြပါပြီ။ ပေါလ်ကတော့ အခုထက်ထိ အင်္ဂလန်မှာ ရှိနေဆဲပါ။ ခရစ်တော်၌ အိပ်ပျော်ခြင်း မကြားမိသေးပါဘူး။ သို့ မင်္ဂလာပါ ဆရာ ဦးဝင်းငြိမ်း ခင်ဗျား... ပထမဦးဆုံး ပြောချင်တာက ဆရာ့ကို ကျေးဇူးတင်တယ် ဆိုတဲ့ စကားပါပဲ။ ဒီထက်ပိုပြီး တာသွားတဲ့ အသုံးအနှုန်းရှိခဲ့ ရင် သုံးချင်ပါသေးတယ် ဆရာ။ ဆရာကတော့ ဘာဖြစ်လို့ များ ငါ့ကို အလကား နေရင်းထိုင်ရင်း ကျေးဇူးတွေ စွတ်တင် နေတာလဲ ဆိုပြီး အံ့သြနေမှာပါ။ ဆရာ့ကို ကျေးဇူး တင်မိတာက ရွှေအမြုတေ မျက်နှာဖုံးတွေကြောင့်ပါ။ တစ်လတစ်လ ထွက် လာတဲ့ ရွှေအမြုတေ မျက်နှာဖုံးတွေမှာ မြန်မာမျက်စိနဲ့ သင့် တော်တဲ့၊ ရိုးသား သိမ်မွေ့တဲ့၊ ခေတ်ဆန်တဲ့ အ၀တ်အစားလေး တွေ ၀တ်ထားပေမဲ့လည်း အမြင်မရိုင်းတဲ့၊ လုံလုံခြုံခြုံနဲ့ သေ သေသပ်သပ်နဲ့ ချစ်စရာ ကောင်းတဲ့ မျက်နှာဖုံးလေးတွေကြောင့် ပါ။ အကြိုက်ဆုံး မျက်နှာဖုံးကတော့ စိုးမြတ်သူဇာတို့ ညီအစ်မ တွေ(အနီရောင်ဝတ်စုံ)နဲ့ ရိုက်ထားတဲ့ မျက်နှာဖုံးပါ။ တစ်ယောက်နဲ့ တစ်ယောက် စံထားတာတော့ မတူနိုင်ဘူးပေါ့ ဆရာ။ ကျွန်တော်ကတော့ ဆရာ့ရဲ့ ရွှေမျက်နှာဖုံးတွေကို မြင်ရတာ ဘ၀င်ကျ စိတ်အေးနှစ်သက်မိပါတယ်။ လုံလုံခြုံခြုံနဲ့ ရွှေထွက် လာခဲ့ရင် စိတ်ထဲမှာ တကယ့်ကို သဘောကျပျော်ရွှင်ရ၊ ခံစား ရမိပါတယ်။ နောင်မှာလည်း ဒီလိုပဲ ရိုးရိုးလေးနဲ့ဆန်းတဲ့၊ ယဉ်ကျေးတဲ့ပုံလေးတွေ(မျက်နှာဖုံးလေးတွေပဲ) မြင်လိုပါတယ် ဆရာ။ ရွှေဟာ မျက်နှာဖုံးကို ကြည့်လိုက်တာနဲ့တင် သိက္ခာရှိ အဆင့်အတန်း မီတဲ့ မဂ္ဂဇင်းဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဆရာရေ ဒီလ(မေ၊ ၂၀၁၂) မှာ မဖတ်ရတာ ကြာပြီဖြစ်တဲ့ ရွှေဇွဲဆုရှင် ဆရာနော်(ကျောက်တိုင်)ရဲ့ ၀တ္ထု ဖတ်ရလို့ ကျေနပ်မိပါတယ် ဆရာ။ ရွှေကို လတိုင်း လတိုင်းမှာ ပထမဆုံးဖတ်ဖြစ်တာက ဆရာမ ခင်ခင်ထူးရဲ့ တောမင်းသမီး၊ ရွှေအသစ်၊ ရွှေချစ်သူမှ ရွှေချစ်သူသို့၊ ဆရာ့ရဲ့ အင်ဂျလီနား ဂျိုလီ၊ မသီတာ(စမ်းချောင်း)ရဲ့ အညိုမှသည် ကြက်သွေးနီ သို့နဲ့ ဆရာ မောင်သန်းဆွေ(ထားဝယ်)ရဲ့ ဆောင်ပါးပါ။ ပြီးမှ ရွှေဝတ္ထုတွေကို အေးအေးဆေးဆေး ဖတ်ဖြစ်ပါတယ်။
ခုလ နှစ်ကြောင်းရေးတစ်ကြောင်းခြစ် အချစ်ဝတ်္ထုရေးနည်းကိုလည်း နှစ်သက်ပါတယ်။ ပြီးခဲ့တဲ့ (ဧပြီ၊ ၂၀၁၂) မှာ အကြိုက်ဆုံးနဲ့ ရင်ထဲမှာ စွဲငြိကျန်ရစ်ခဲ့တဲ့ ၀တ္ထုကတော့ ဆရာ ဆွန်အဲလူရဲ့ အချိန်တွေအထပ်လိုက်၊ နေရောင်တွေ အထပ်လိုက် ၀တ္ထုပါပဲ ဆရာ။ ခုလ(မေ၊ ၂၀၁၂) မှာ အကြိုက်ဆုံး၊ အနှစ်သက်ဆုံး ကတော့ ဆရာမ မနှင်းဖွေးရဲ့ မေးခွန်းများ၊ ဆရာမ လင်း စက်နွယ်ရဲ့ နောက်ထပ်မိုး နဲ့ ကျူရီရဲ့ အဖြေခက်သည့် ကြိုးတို့ပါပဲ ဆရာ။ ဆရာရေ ရွှေကိုဖတ်ရတာ ရွှေအသစ်နဲ့ ပတ် သက်ပြီး ခဏခဏ ရင်ခုန် ရသလို မဖတ်ရတာ ကြာပြီဖြစ်တဲ့ ရွှေကလောင်တွေ တွေ့ရင်လည်း ပျော်ရတာပါပဲဆရာ။ ဆရာ ခင်ဗျာ ရွှေအထူးထုတ်မှာ ဖြစ်နိုင်ခဲ့မယ် ဆိုရင် ရွှေက စင်တင် ပေးခဲ့တဲ့ ရွှေကလောင်ရှင်တွေအားလုံးရဲ့ ၀တ္ထုတို၊ ရှည်လေး တွေသာ စုစည်းဖော်ပြပေးနိုင်မယ်ဆိုရင် အတိုင်းထက်အလွန် ပိုပြီးကောင်းမှာပဲနော်။ ဆရာ ကျန်းမာချမ်းသာစွာဖြင့် စာပေ အကျိုးသယ်ပိုးနိုင်ပါစေ ရွှေမဂ္ဂဇင်းထာဝရ အဓွန့်ရှည်တည် တံ့နိုင်ပါစေ။ မေတ္တာရည်လျက် ကြည်လင်ငြိမ်းအေး
အားပေးမှုအတွက် ကျေးဇူးပါ။ ပေးထားတဲ့အ ကြံအတိုင်း ဖြစ်နိုင်အောင် ကျွန်တော် ကြိုးစားကြည့်ပါဦးမယ်။
ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
|
ဝင်းငြိမ်း |
| About the author: |
| | |