|
Written by မေသင်္ကြန်၊တပ်ကုန်း၊
|
|
Thursday, 12 July 2012 16:50 |
၁။ ကျွန်တော်တို့ အဖွဲ့ တိုက်ပွဲတစ်ပွဲ ဆင်နွှဲ ရပြန်ဦးမယ်။ ဒီကနေ့ပဲ ဗိုလ်ကြီး က အမိန့်ပေးလိုက်ပြီ။
argaiv1265
ကျွန်တော်က လွဲလို့ အားလုံးဟာ ရှေ့တန်းအတွက် ပြင်ဆင်နေကြပြီ။ အမြဲတမ်း ရှေ့ဆုံးကနေ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်တော်ဟာ ဗိုလ်ကြီးပြောတဲ့ ရန်သူတပ်ဖွဲ့ အကြောင်းကြောင့် အံ့သြ တုန်လှုပ်ခြင်းတွေနဲ့ အတူ ကြက်သေသေ သွားခဲ့တယ်။ ဗိုလ်ကြီးရဲ့အသံဟာ ကျွန်တော်နား နားမှာ ကပ်ဖောက် လိုက်တဲ့ ဗုံးတစ်လုံးလို ကျယ်လောင်လွန်းလှတယ်။ ရင်ထဲမှာလည်း တုန်ရီမောဟိုက်လို့ ကျွန်တော့်ကိုယ် ကျွန်တော်တောင် မသယ်ချင်တော့ဘူး။ သူငယ်ချင်းရယ်...ကြုံမှကြုံတတ်ပလေ။ တို့ရဲ့ရန်သူဟာ မင်းတို့ အဖွဲ့တဲ့ လားကွာ။ ဖြစ်နိုင်ရင် ကျွန်တော် အားလုံးနဲ့ ဝေးရာကို ပြေးထွက် သွားလိုက်ချင်ပါတယ်။
၂။ မနက်ဖြန်ဆိုရင် တိုက်ပွဲစတော့မယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့်စိတ် တွေကို တည်ငြိမ်အောင် ကြိုးစားရတယ်။ “ငါ့သူငယ်ချင်း ပါချင်မှ ပါမှာပါ လေ”ဆိုတဲ့ဖြေသိမ့်တွေးနဲ့ သက်ပြင်းချမိတာလည်း အကြိမ်ကြိမ်။ ငယ်ငယ်က ကျောင်းအတူသွား၊ အတူကစား၊ မရှိအတူ ရှိအတူနဲ့ ပြောမနာ ဆိုမနာ လည်ပင်းဖက်ပေါင်းခဲ့ကြတဲ့ အတိတ် ပုံရိပ်တွေက ကျွန်တော့် အာရုံမှာ တရစ်ဝဲ၀ဲ။ အတိတ်အကြောင်းကို ပြန်စဉ်းစားရင်း ဒီကောင်ကြီးကို လွမ်းလာသလိုပဲ။ ကျွန်တော်ကတော့ သူရှိတဲ့ဘက်ကို အတတ်နိုင်ဆုံး ရှောင်ပြီး တိုက်မယ်လို့ ဆုံးဖြတ်ထားလိုက်တယ်။
ဒါပေမဲ့လည်း တကယ့် အရေးမှာ ကျရာတာဝန်ကို ကိုယ်စီ ထမ်းဆောင်ရတာဆိုတော့ ကတုတ်ကျင်းတွေ၊ ချုံပုတ်တွေ ရွေးနေဖို့ အချိန်မရှိပြန်ဘူးလေ။ ဟူး...သူငယ်ချင်းရယ် ရင်မောပါတယ်။ ခုချိန်မှာ မင်းကော ဘာတွေတွေး နေမလဲ။ မင်းကော ငါနဲ့တွေ့ရင် ဘယ်လိုနည်းနဲ့ ရှောင်ဖို့ စဉ်းစားထားသလဲ ငါသိချင်တယ်။ မပြောကောင်း မဆိုကောင်း မင်းနဲ့ငါများ ထိပ်တိုက်တွေ့ခဲ့ရင်။
၃။ ကျွန်တော် ရင်မဆိုင်ချင်ဆုံးသော နေ့ကို ရောက်လာပါပြီ။ ကျွန်တော်တို့ ရှစ်ယောက်အဖွဲ့က ရှေ့ဆုံးကနေ အရင်စ ထွက်ရတယ်။ တိုက်ပွဲ စစချင်းမှာပဲ ကျွန်တော်တို့ရဲ့ တိုက်စစ်မှူးတွေဟာ ရန်သူတွေဆီကို ချီတက် သွားကြတယ်။ မြင်းတွေလည်း ဒုန်းစိုင်းပြီး ပြေးသွား လိုက်ကြတာများ လေးညှို့က လွှတ် လိုက်တဲ့ မြားတွေလိုပဲ။ ဟိုဘက်ဒီဘက် ပစ်ကြခတ်ကြနဲ့ တိုက်ပွဲဟာ တဖြည်း ဖြည်း ပြင်းထန်လာတယ်။ ရန်သူ့ဘက်တင် မက ကိုယ့်ဘက်ကလည်း အကျ အဆုံးများတယ်။ ကျွန်တော်တို့ အင်မတန် အားကိုးရတဲ့ တပ်ကြပ်လေး တစ်ယောက်လည်း ကျသွားပြီ။
ကျွန်တော့်မှာ ရန်သူတွေကို တိုက်ရင်းနဲ့ သူငယ်ချင်းကိုလည်း ရှာရသေး တယာ်။ ခုချိန်ထိတော့ အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ တော်ပါသေး ရဲ့။ ဒီကောင် မပါဘူး ထင်တယ်။ ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ စိတ်နည်း နည်းအေးသွားပြီး တိုက်ပွဲကိုပဲ အာရုံတစိုက် ဆင်နွှဲနေလိုက်တယ်။ ဟိုဘက် ရော ဒီဘက်ပါ အင်အား သိပ်မကျန်တော့ဘူး။ တိုက်ရင်းခိုက်ရင်းနဲ့ ကျွန်တော့်ရဲ့ ဘေးမှာဗိုလ်ကြီးကပ်ပါလာတယ်။ ဗိုလ်ကြီးနဲ့ ကျွန်တော်ဟာ တစ်ယောက် ကိုတစ်ယောက် သတိပေး စကားပြောရင်း ကျောချင်း ကပ်ထားလိုက်ကြတယ်။
အဲ့ဒီအချိန်ပဲ မျက်လှည့် ဆန်လှတဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကို ကြုံ တွေ့လိုက်ရတယ်။ ဘယ်နားက ပေါ်လာမှန်း မသိတဲ့ ကျွန်တော့်ရဲ့ ချစ်သူငယ်ချင်း။ သူက စူးရှတဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ သူ့ကို သတိထားကြည့်မိတော့ အားပါး...ဒီကောင် ကျွန်တော့်ထက် ရာထူး အများကြီးမြင့်နေပါရောလား။ မင်းအတွက် ငါ တကယ် ၀မ်းသာတယ်ကွာ။ အတွေးစတွေ ပြန်စုစည်းနေတုန်း ရုတ်တရက် ကျွန်တော် ကြောင်အသွားမိတာ က ခုဆိုသူနဲ့ ကျွန်တော်ဟာ တည့်တည့်ကြီးကို တန်းလို့။
ကျွန်တော် အတွေးတွေ မဆုံးခင်မှာပဲ အဆိုးဝါးဆုံးကံကြမ္မာက ကျွန်တော့်ဆီ ပြေးဝင်လာပါတယ်။ သူကျွန်တော့်ကို တည့်တည့်ချိန်ပြီး လက်ဦးမှုယူ လိုက်တယ်ဗျာ။ ကျွန်တော့် တစ်ခေါင်းလုံး ချာချာ လည်သွားတယ်။
“လုပ်ရက်လိုက်တာ သူငယ်ချင်းရယ် ငယ်ငယ်ကဆို သူငယ်ချင်းတွေ ရန်ဖြစ်ကြရင်တောင် မင်းနဲ့ငါက တစ်ဖက်တည်း အတူ ရပ်တည်ခဲ့ကြတာလေ။ အဲဒီလောက် ချစ်ခဲ့ကြတာကို ခုတော့ မင်းတို့ အဖွဲ့နိုင်ဖို့ ဆိုတဲ့ အတ္တ တစ်ခုတည်းနဲ့ ငါ့ကိုတောင် ပစ်ရက်ပြီပေါ့နော်။ ဒါမှမဟုတ် ငါ့ကို မမှတ်မိတော့တာလား။ မဖြစ်နိုင်ဘူး။ မင်း ငါ့ကို စိုက်ကြည့်နေတာပဲ”
ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေ ယောက်ယက် ခတ်နေတယ်။ မျက်လုံးတွေလည်း ပြာဝေလာတယ်။ ဒဏ်ရာကြောင့်ရတဲ့အပူနဲ့ သူငယ်ချင်းရဲ့ ရက်စက်မှုကြောင့် ရတဲ့ အပူနှစ်ခုပေါင်းပြီး ရင်ထဲမှာ လောင်မြိုက်နေပြီ။ ကျွန်တော့်မျက်လုံးတွေ လုံးဝမှိတ်သွားပြီး နောက်ဆုံးထွက်သက် ရောက်ခါနီးမှာ ကြားလိုက်ရတဲ့ အသံကတော့ “ချက်”၊ ကျွန်တော့်သူငယ်ချင်းရဲ့ အသံ။ ဒါဆို ဗိုလ်ကြီးလည်း ကျလို့ ကျွန်တော်တို့ အဖွဲ့ရှုံးပြီပေါ့။ အေးပေါ့ လေ။ မင်းက“ရထား”၊ ငါက“ပွန်”ဘ၀ပဲ။
မေသင်္ကြန်၊တပ်ကုန်း၊ (Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
|