(july-2012)လက်သစ်ကဗျာ PDF Print E-mail
Written by Administrator   
Friday, 13 July 2012 16:27
Share |

ခေတ်ပြိုင်များ

ဘာမှ မဆိုင်ဘူး ဆိုတဲ့ စကား
အိုင်ဒီယာ ခေတ်မှာ ခွင့်မပြု

argaiv1602

ဆိုပြီး
ခွဲခြား ဆက်ဆံတတ်တဲ့ ယဉ်ကျေးမှုနဲ့
ပုခက်လွှဲတဲ့လက်က
အရက်ခွက်ကိုလည်း ကိုင်တတ်ရဲ့

ကြာရင်
အရူးတစ်ယောက်ရဲ့ ရင်ခွင်မှာ
သံသရာလည်နေမယ့် နို့ဆီဘူးခွံတွေ
ကမ္ဘာထဲလျှောက်အော်
ဆင်ခြေဖုံးလူးသားကတော့ ဂိမ်းဆိုင်ဖွင့်
အရပ်မျက်နှာစုံရင် ရှော့ပင်ထွက်
အားလုံးပဲ မနက်ဖြန်ဆို
ငါငိုနေတာ မတွေ့စေရဘူး။

တူပြီလားဟေ့ တူပြီဟေ့
ပြန်ပြီလားဟေ့ ပြန်ပြီဟေ့
ထွက်ခဲ့တော့ဟေ့ တက်ခဲ့တော့
မနေချင်ရင် ထွက်သွားကြတော့

အမေပြောတော့ ခက်လိုက်တာ
ရှင်ပြောတော့ ရက်စက်လိုက်တာ
ကျွန်မပြောတော့ မချိမဆံ့
ကန့်လန့်ကာနောက်ကမီး
ပရိသတ်ကိုတောင် လောင်ကုန်ပြီ
လောင်ကုန်ပြီ
တောင်ဒဂုံရွှေပြည်သာ
သာသာယာယာ လှိုင်သာယာ
အဲဒီအနား
သနပ်ခါးထူထူနဲ့
နာရီလက်တံကို သုံးပိုင်းပိုင်း
ရှည်တယ်မပြောနဲ့
ဆံပင်ရှည်က တောမှာလည်း
ဈေးကွက်ရှိတယ် အချိန်ပိုရှိတယ်
လိုငွေရှိတယ် ပိုငွေရှိတယ်

လက်သစ်တောင်တာ
ယူဇနပေါင်း တာပြန်လောင်းသော်
နောင်နှစ်ခါဆို ကျောင်းသွားရမယ်
ခွင့်ရက်တွေက များပြီ
အင်းပါ
အလယ်ခုံရရ ဘာရရ
ခုဟာက
နောက်ဆုံးရဲ့ ဆယ်ပုံတစ်ပုံတောင်မရလို့
ပြောနေတာ။

ကြာပါပြီကော
အထက်တန်းကျောင်းသူဘ၀ကနေ
အခုထိ
ကျောင်းကြီးကအိုအို
ဟောဒီမြေဖြူတွေကပဲ
ဘာသဏ္ဌာန်ဆောင်လို့ ဘာကောင်တွေ
ရောက်လာကြမလဲ
လူတွေက မမြင်ရတာကြာပြီ

ဒီနှစ်ငါမပါဘူး
ငါ့အခန်းထဲမှာ နေရာပြန်ယူမယ်
မျက်နှာသစ်ကလေးတွေ စိတ်မ၀င်စားပေမဲ့
ကြားတော့ ကြားတယ်
ဒါပေမဲ့ စာကျက်သံတွေမဟုတ်
ဟိုဘက်ခန်းက ကျောင်းသူတွေရဲ့
အံကြိတ်သံ
ခဏနေဆို
အလိုမကျတဲ့ ဆရာမက ရိုက်တာခံရမယ်
ပြီးရင် ဖြေ ဖြေ ဖြေ
နင်တို့ ဒီစာမေးပွဲအောင်အောင်ဖြေ။
သုစံ၊ရွှေလှော်သား၊

ဒီဇင်ဘာအလွမ်း
ဂျွန်မိုး

ဆောင်းနှင်းတွေနဲ့ အတူ
နှလုံးသားက တေးဟောင်းတစ်ပုဒ်
ပြန်လည်တမ်းတသီကျူးရင်း
အလွမ်းရတု ပိုဒ်စုံအတွက်
တေးသစ်တစ်ပုဒ် ရေးဖွဲ့မိတယ်။

နှင်းစက်တွေဝေ့၀ဲနေတဲ့
သည်ဆောင်းမနက်ခင်းတစ်ခု
နွေးထွေးလက်တစ်စုံမှာ
အေးစက်စက်အတွေ့နဲ့အတူ
မျက်ဝန်းညိုမှာလည်း
မြူတွေဆိုင်းခဲ့တော့
လမ်းခွဲရပ်ဝန်းက ပိုလို့အကျည်းတန်ခဲ့။

စက်ဝန်းတစ်ခုရဲ့
အနားသတ်မျဉ်းပေါ်က
နှလုံးသားတစ်စုံရဲ့ဆုံမှတ်
သွေဖည်သွားခဲ့တာ
ချစ်ခြင်းဗဟိုမှ နားလည်မှုအကွာအဝေး
မညီမျှခဲ့လို့များလား။

နှင်းတွေလည်းကျနေပြီ
မြူတွေလည်း ရစ်ဆိုင်းနေပြီ
နှလုံးသားက မြူတွေလည်း
ငွေ့ရည်ဖွဲ့နေတာ
ပြိုတောင်ပြိုတော့မယ် ထင်ပါရဲ့
သူ့ကို လွမ်း... နေမိတာလေ။
ဂျွန်မိုး


ပါတီပွဲမှ နှုတ်ခမ်းနီရဲရဲ မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်များ
ဝေမိုးနိုင်၊မုံရွာ၊

“တဟီတီ သွားရအောင် မေ”
“တဟီတီ သွားရအောင် မေ”
တဟီတီ သွားရအောင် “မေ”
မျက်တောင်အဖွင့်အပိတ်တွေကို
ဂရုစိုက်သုံးပါ ကိုယ်တော်လေး
အဖွင့်အပိတ်ကြားမှာ ကျွန်မ ကျဉ်းကျပ်တယ်
ဒီနေ့ဟာ ၀ိတိုရိယခေတ် မဟုတ်တော့
တဟီတီသွားဖို့ ရှင်မလို
လေယာဉ်ပျံတစ်စင်းရယ် ပတ်စ်ပို့ရယ် ဗီဇာရယ်
ကျွန်မရယ် မိန်းမတွေဟာ
နှာခေါင်းနဲ့ ဟိုဟာမပါရင်
အကုန်စားတယ်လို့ စွပ်စွဲလာရင်တောင်
ကျွန်မ ရယ်နေမယ်။
အင်နာကရီနီနာဟာ မိန်းမမို့
ကြက်သွေးရောင်အက္ခရာနဲ့
သတ်သေခဲ့ရတာ ရှင်တို့လက်ချက်မို့
ကမ္ဘာကြီးရဲ့တစ်ဖက်ခြမ်းမှာ
မန်ကျည်းကိုးပင်နှောက်လို့
တစ်ဖက်ခြမ်းမှာ သဲကိုးဖြာရွာရတယ်မို့လား
(မန်ကျည်းကိုးပင်-သဲကိုးဖြာ သီအိုရီ)
မိန်းမလို မိန်းမရ။ / mein; malou maein; maja/

adv(of men)in a Womannish or
effeminate manner; narrow-mindedly.
(မြန်မာ-အင်္ဂလိပ်အဘိဓာန်)
ရေးတဲ့သူ ပုဆိုးချွတ်ထားဖို့ ကောင်းတယ်
(ဘာဘာရီယန်တွေတောင် ဒီ့ထက်ယဉ်ကျေးခဲ့လိမ့်မယ်)
ဒါမှမဟုတ် မိန်းမ လို(ရင်)မိန်းမ ရနိုင်တယ် ဒီလိုလား
အို မဟာပုရိသ၀ါဒီအပေါင်းတို့
အဟက်ဟက် ကျွန်မရယ်နေနိုင်သေးတယ်
မယ်နုနဲ့ စုဖုရားလတ်ကြောင့်
ပြည်ပျက်ရတယ်ဆိုရင်တောင်
ကျွန်မ ရယ်နေနိုင်သေးတယ်
ကိုလိုနီအစုတ်ပလုတ်တွေရဲ့
ကျွန်မဟာ မဒမ်ကျူရီ ဖြစ်ချင်သူ
ကျွန်မဟာ ၀ါကာဝါကာ ဖြစ်ချင်သူ
ကျွန်မဟာ မစုစုနွေးဖြစ်ချင်သူ
ကျွန်မဟာ မိန်းမတန်မဲ့ ကားကိုယ်တိုင်မောင်းသူ
မိန်းမတန်မဲ့ နိုင်ငံတကာလှည့်သူ
မိန်းမတန်မဲ့ အုပ်ချုပ်စိုးမိုးနိုင်သူ
ကျွန်မဟာ တန်ဖိုးမမဲ့တဲ့ မိန်းမ
ရှင်တို့အားလုံးဟာ အဆင့်မြင့်သတ္တ၀ါတန်မဲ့
အဆောက်အအုံတစ်ခုထဲမှာပဲ
ပျော်မွေ့နစ်မြုပ်နိုင်သူတွေ
(အဆောက်အအုံ=၊၊၊ )
ဦးနှောက်မုန်တိုင်း မဆင်ချင်ကြဘူးလား
ကျွန်မ ပါရမီဖြည့်ဖက်ရှာမလို့
မာလာဆောင် မောင်လာမှာလား
ကိုရီးယားဆန်တယ်ပဲ ပြောပြော
(ဒေါင် ဒင် ဒေါင် ဒင် ဒေါင် ဒင်
ဒေါင် ဒင် ဒေါင် ဒင် ဒေါင် ဒင်)
နာရီသံ ချက်ချက်ညံ
ကျွန်မ ဖိနပ်ကို ချွတ်ချခဲ့ပြီ။
တိုင်းပြည်အနှံ့ လိုက်ရှာလှည့်ပါ
ကိုကိုမင်းသားလေး။
ဝေမိုးနိုင်၊မုံရွာ၊

ဆည်ဆာပြတင်းပေါက်
သီရန်စု

ပြတင်းပေါက်အဖွင့် ပါးပြင်သို့မိုးစက်စင်
အတိတ်ကိုတူးဆ “နာငါးနာ” နဲ့လူ
ဂစ်တာရယ် ကြိုးကမညီ လှမ်းကြည့်လိုက်သစ်ပင်
ကရုဏာသစ်ကိုင်းမှာ အကြင်နာမိုးစက်တွေစို
ကြိုးမညီပေမဲ့တီးခတ်မိ ဦးသုခတမ်းချင်း။

လှမ်းကြည့်မိ အောက်ကအမှိုက်ပုံ
ခွေးတစ်ကောင်တိုးဝှေ့ မျှော်လင့်ချက်နဲ့ရှာဖွေ
တွေ့ပြီကြက်ရိုးတစ်ချောင်း ပစ်လိုက်တဲ့ခဲတစ်လုံး
မထိပေမဲ့သိမ်ငယ်မှုနဲ့ အကြောက်တရားကြောင့်
ထွက်လာတဲ့အသံ “ဂိန်”။

တိုတိုသွားတဲ့ဆေးပေါ့လိပ်
ရှည်လျားတဲ့ မျှော်လင့်ချက်
ထုံကျင်တဲ့ ငါ့ခြေထောက်
ဆက်လျှောက်ဖို့အားတင်း
ညှိုးငယ်သူတို့ဖေးမဖို့ အဆုံးအစမဲ့ဒီခရီး
မျှော်လေဦးတော့ အိမ်သူသက်ထား
သမီးငယ်လေးမျက်နှာနဲ့ ဗြဟ္မစိုရ်တရား
ပေးဆပ်ခြင်းနှင့် နှောင်ကြိုးတွေ
ငါဘယ်လို အဖြေထုတ်ရမလဲ ဟိုဘက်ခန်းကစုံတွဲ မှတ်ပုံတင်ပါရဲ့လား
ဆင်ဖြူတော်တန်ခိုးနဲ့ အသံတွေတိတ်သွား
“ချစ်တိုင်းလည်းမညား” ညည်းကြည့်
မဟုတ်သေးပါဘူး၊ ကိုသန်းနိုင်ရဲ့ချစ်ရမ္မက်
မဟုတ်သေးပါဘူး၊ ကိုယက္ခရဲ့ “အလွဲဖြေ အလင်္ကာ”
နေ့လည်းပျော်၊ ညလည်းပျော်တဲ့ငှက်များ
ကူလောင်ဖက်လား၊ ဆန္ဒဖယ်ထား
သံသရာရယ်တဒင်္ဂရပ်ပါဦး။
ရိုက်ခတ်လာတဲ့ငါ့အခန်းနံရံ
ချစ်ရမ္မက်လှိုင်း၊ ဆူနာမီနဲ့အပြိုင်ပါ
ပြေလျော့သွားတဲ့ဆန္ဒရဲ့ညည်းတွားသံ တိတ်ဆိတ် ငြိမ်သက်
ပြတင်းပေါက်က လွှင့်ပစ်လိုက်တဲ့ကြားခံပစ်္စည်း
အဖော်မဲ့တဲ့အောက်ကခွေး၊
ကြားခံပစ္စည်း မလိုတော့
နမ်းကြည့်နှာခေါင်းရှုံ့လို့
အမြီးနန့်ထွက်သွား
ပီတိဖြစ်လို့လား
ငါအော်မေးလည်း ပြန်မဖြေ။

အခန်းကျဉ်းထဲကငါ၊
ဘယ်တော့မှမလင်းတဲ့ မီးချောင်း
ကြိုးမညီတဲ့ဂစ်တာတစ်လက်
ဦးထွန်းလွင် မခန့်မှန်းနိုင်တဲ့မိုး
မှတ်ပုံတင်မပါတဲ့ သားကောင်နဲ့မုဆိုး၊ ထုံကျင် နေတဲ့ ငါ့ခြေထောက်
ဖုန်းထဲဝင်လာတဲ့ Message အလွမ်းပြေ
ရှိုက်ဖွာရင်းတိုတိုသွားတဲ့ဆေးလိပ်
ဆရာဝန်ဘယ်တော့လာမှာလဲ။
သီရန်စု

 


Administrator
About the author: