|
Written by မြစ်ကျိုးအင်း
|
|
Tuesday, 31 July 2012 13:51 |
စားလက်စ မုန့်ကို ငုံ့ကိုက် လိုက်ချိန်မှာပင် “ဒုန်း” ခနဲမြည် သံနှင့် အတူ ရပ်ထားသည့် သူ့ကား အနည်းငယ် လှုပ်ခါသွားသည်။ နောက်ကား တစ်စီးစီး၏ ၀င်တိုက်ခြင်း ခံရသည်ဟု တွေးမိကာ နောက်လှည့်ကြည့်စဉ် နောက်တစ်ကြိမ် “ဒုန်း” ခနဲမြည်ကာ ကားက ထပ်မံ လှုပ်ခါ သွားပြန်သည်။
argaiv1429
သည်တစ်ကြိမ်တွင်တော့ တရားခံကို တွေ့လိုက်ရသည်။ သူ့ကားကို နောက်ဘက်မှ ၀င်တိုက်ခံရခြင်း မဟုတ်။ လူတစ်ယောက်မှ ကားနောက်ဖုံးကို လက်ဖြင့် ထုနေခြင်းဖြစ်သည်။ သူစိတ် တိုတောင်းစွာဖြင့် ကားပေါ်က ဆင်းလိုက်ချိန် တွင် နောက်တစ်ကြိမ် ထပ်ထု ပြန်သည်။
“ဒုန်း”
“ဟေ့ကောင် ဒါဘာ လုပ်တာလဲ။ ပြောစမ်း”
သူ့အော်သံကြောင့် ထိုသူမှ နောက်တစ်ကြိမ် ထုရန် ရွယ်ထားသော လက်ကိုပြန်ချ ရင်းသူ့ကို လှမ်းပြုံးပြ၏။ စိတ် မနှံ့သူဟုထင်၍ သေချ အကဲ ခတ်မိသည်။ အ၀တ်အစား ၀တ်ဆင်ထားပုံက သာမန်လူများ အတိုင်းသာ ဖြစ်သည်။ အသက်ကတော့ နှစ်ဆယ်ကျော် အစိတ်ခန့်သာ ရှိမည်။ ဖျတ်ခနဲ ကြည့်၍ ဆတ်ခနဲ မှတ်သား တတ်သည့် အလေ့အကျင့် စိတ်အာရုံအရ သည်လူငယ် စိတ်မနှံ့သူ မဟုတ်ကြောင်း မှတ်ချက်ပြုမိသည်။
“စိတ်မရှိပါနဲ့ ခင်ဗျာ ကျွန်တော် စိတ်ထဲမှာ မနေ နိုင်လွန်းလို့ တင်းကျပ်လာ လွန်းလို့ ထုမိလိုက်တာပါ”
ထိုအဖြေကြောင့် သူ အတော် အံ့သြသွားသည်။ တစ်ခုခုတော့ လွဲမှားနေပြီ ထင်သည်။ “ဘာမနေနိင်လွန်းလို့။ဟုတ်လား ”
“ဟုတ်ပါတယ် အစ်ကို”
“မင်း မနေနိင်တိုင်း ထုရအောင် ဒါ ဘာကားလဲ၊ မင်းမသိဘူးလား”
“သိပါတယ်။ ဒါ ရဲ ကားပါ” ကား၏ ဆေးရောင်နှင့် ပုံစံက ရဲကား ဆိုသည်ကို လူတိုင်း သိနိုင်၍ ထိုအဖြေက မထူးဆန်း။ သို့သော် ရဲကားမှန်း သိသိနှင့် မနေနိုင်လွန်း၍ လက်သီးဖြင့် ထုမိသည် ဆိုသော ထိုလူငယ်ကိုတော့ အံ့အား သင့်သွားမိ၏။ ထို့ပြင် သူဝတ်ထားသည့် ယူနီဖောင်းကိုကြည့် လျှင်လည်း သူသည် ရဲအရာရှိ တစ်ယောက်ဖြစ်ကြောင်း အရွယ်ရောက်သူတိုင်း သိနိုင် သည်။ ယခုတော့ ရဲအရာရှိ တစ်ဦးရှိနေသည့် ရဲကားကို တဒုန်းဒုန်းဖြင့် လာထုနေသူ ကို အံ့သြစွာကြုံနေရပြီ။ ပုဒ်မ ပေါင်းများစွာ ခေါင်းထဲ တဖျတ်ဖျတ် ရောက်လာသည်။သည်ကောင်အချုပ်ထဲ ၀င်ချင် နေပြီထင်သည်။
“မနေနိုင်လွန်းလို့ ထုမိရင်လည်း ရဲစခန်း လိုက်ခဲ့တော့”
လူငယ်က ရဲစခန်းဟု အသံကြားချိန်မှာလည်း တုန် လှုပ်ခြင်းမရှိ။ ကျေကျေနပ် နပ်ပင် ပြုံးလိုက်သေးသဖြင့် သူကိုယ်တိုင် ဝေခွဲမရဖြစ် သွားရ၏။ ထိုလူငယ်ကို သေသေချာချာ စေ့စေ့စပ်စပ် နောက်တစ်ကြိမ် ကြည့်မိသည်။ အနက်ရောင် စတေကာ တီရှပ်နှင့် ဂျင်းဘောင်းဘီအပြာ ရောင်ကို တွဲဖက် ၀တ်ထားပြီး ညစ်စုတ်စုတ် ပုံသဏ္ဌာန်မျိုး မတွေ့ရ။ စိတ်မနှံ့သူ မဖြစ် နိုင်ကြောင်း စိတ်ထဲမှ ထပ်မံ အတည်ပြုမိသည်။
“ကျွန်တော် အပြစ် ရှိရင်လည်း စခန်းကို ခေါ်သွားပါ အစ်ကို။ ဒါပေမဲ့ ကျွန်တော် အခုလို ဘာကြောင့် လုပ်မိသလဲ ဆိုတာကိုတော့ အရင် နားထောင်ပေးပါလား။ ရဲကား တစ်စီးကို လက်သီးနဲ့ ထုလိုက်ရတာရဲ့ နောက်ကွယ်က စိတ်အာသာကို ဖွင့်ဟချင် လွန်းလို့ပါ”
“မင်းဟာက နည်းနည်းတော့ ဆန်းနေတာ အမှန်ပဲ။ အရက်သမားတွေတောင် ဘယ်လောက်မူးမူး အဝေးက ရှောင်သွားကြတဲ့ ရဲကားကိုမှ တမင်တကာ လက်သီးနဲ့ လာထုတယ် ဆိုတော့။ အင်း”
“အစ်ကို အချိန်နည်း နည်းလောက်ရရင် နားထောင် ပေးပါဗျာ။ လာပါခင်ဗျာ ဟိုလက်ဖက်ရည် ဆိုင်ထဲမှာ ကျွန်တော် အေးအေးဆေးဆေး ပြောပြပါ့မယ်။ အစ်ကိုကြား ဖူးနေကျ မဟုတ်တဲ့ အကြောင်း လေးတွေ ပြောပြချင်လို့ပါ” ရည်ရည်မွန်မွန်ဟန်ပန်နှင့် လှိုက်လှိုက်လှဲလှဲ စကား သံတို့ကြောင့် အနည်းငယ် ထူးဆန်းနေသည့် အဖြစ်အပျက်ကို နားထောင်ချင်စိတ် ဖြစ်မိသွားသည်။ “ကဲ- ဒါဆိုလည်း လာကွာ”
လူငယ်က တက်တက် ကြွကြွဖြင့် ရှေ့မှဦးဆောင်၍ လက်ဖက်ရည်ဆိုင်ထဲ ၀င် သွားသည်။ “အစ်ကို ကြိုက်တာမှာ ဗျာ။ ကျွန်တော် ကျွေးမယ်”
“ဘာစားမလဲ ဆရာ”
အနား ရောက်လာသည့် စားပွဲထိုးလေးကို လက်ဖက်ရည်နှင့် စမူဆာ တစ်ပွဲမှာ လိုက်သည်။ “ကဲ ဆိုစမ်းပါဦးကွာ။ ရဲကားကို လက်သီးနဲ့ ထုရတဲ့ အကြောင်းရင်းကို”
“ဒီလိုပါ အစ်ကို။ ကျွန်တော် မနေ့ကမှ နိုင်ငံခြား ကနေ ပြန်ရောက်တာပါ”
“ဟ မင်းနိုင်ငံခြားက ပြန်လာတာနဲ့ပဲ မထီမဲ့မြင် လုပ်စရာလားကွ”
“အဲဒီ သဘောမျိုး မဟုတ်ပါဘူး။ ကျွန်တော် ပြောတာ လောသွားလို့ပါ။ ရေလည်အောင်ရှင်းပြပါ့ မယ်။ အဖြစ်က ဒီလိုပါ”
ထိုလူငယ်၏ စကားကြောင့် သူ စိတ်လျှော့ကာ နားထောင်ရန် ပြင်သည်။ လူငယ်က ချက်ချင်းစကား မစသေး။ ခွက်နှစ်ခွက်ထဲ ရေနွေး ဖြည့်ပြီး သူ့ရှေ့သို့ တစ်ခွက် ချပေးသည်။ “ကျွန်တော် လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က နိုင်ငံ ခြား ထွက်ဖြစ်တယ်။ အဲဒီ တုန်းက ကျွန်တော့် အသက်က ၂၁ ကျော်ပြီ။ ထုံးစံ အတိုင်းပေါ့ အကိုကြီးရာ တက်တက် ကြွကြွစိတ်ကူးတွေတောက် ပတဲ့ အနာဂတ်တွေနဲ့ပေါ့။ သွားဖြစ်တာကလည်း အရင် ရောက်နေတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ အကူအညီနဲ့ ဆိုပါတော့။ ဟိုရောက်တော့ ကျွန်တော့် ဗီဇာက သက်တမ်း တစ်လရတယ်။ အဲဒီတစ်လ ကျော်သွားတော့ အိုဗာစတေး ဆိုတဲ့ ခိုးနေထိုင်ရတဲ့ ဘ၀ဖြစ် သွားတော့တယ်။ လွယ်လွယ် ခေါ်ရင် အို ဘ၀ဆိုပါတော့” “ဟ မင်းသူငယ်ချင်းက အဲဒီလို ဖြစ်မှာ ကြိုမပြောဘူးလား”
“ပြောပါတယ်။ သူပြော တာက ခိုးနေရပေမဲ့ အလုပ်နဲ့ အိမ်အသွားအပြန်ကလည်းနီး တယ်။ စီမံချက်တွေ ရှိရင်လည်း သတင်းကြိုရတတ်တာ ရယ်၊ စက်ရုံပိုင်ရှင်ကလည်း ပေါက်ပေါက်ရောက်ရောက် ရှိတာရယ် ဆိုတော့ ကျွန်တော် လည်း အဲဒီကိစ္စသိပ်မတွေးနေ တော့ဘူးလေ။ ဒီမှာကလည်း သိတဲ့ အတိုင်းပဲ မဟုတ်လား”
“ထားပါ။ အဲဒီတော့ ဘာဆက်ဖြစ်လဲ ”
“ဟိုရောက်တော့ အလုပ်နဲ့ အိမ်နဲ့ အသွားအပြန် ကလည်း နီးပါတယ်။ ဒါပေမဲ့ အစ်ကိုရာ ဘ၀ဆိုတာ အလုပ်နဲ့ အိမ်နှစ်ခုတည်းမှ မဟုတ် တာ။ နေရာအသစ်အဆန်းဆို လည်း တစ်ခါတလေတော့ သွားချင်တာပေါ့။ စီမံချက်တွေ ကြိုသိတယ် ဆိုတာလည်း တချို့တွေအတွက်ပါ။ ဒီလိုနဲ့ ပဲပါသွားတဲ့ လူတွေရဲ့သတင်း တွေ အမြဲကြားနေရတယ်။ အဲဒီမှာ ကျွန်တော် ရောဂါ တစ်ခု စွဲသွားတော့တယ်ဗျာ။ ဘာရောဂါလဲ သိလဲ”
သူပြန်မဖြေတော့ လူငယ်က ဆက်ပြောသည်။ “ရဲကြောက်တဲ့ ရောဂါ ပါ။ ကျွန်တော် တစ်ယောက် တည်းဖြစ်တဲ့ ရောဂါ မဟုတ်ဘူးနော်။ တော်တော်များများ အဲဒီရောဂါဖြစ်ကြတယ်။ အခု အစ်ကို့လို ရဲဝတ်စုံ ၀တ်ထားတဲ့ အရာရှိ တစ်ယောက်နဲ့ အတူ ထိုင်ပြီး စကား ပြောနေဖို့ ဆိုတာ စိတ်ကူးတောင် မယဉ်ခဲ့ ဖူးဘူး။ အဝေးကနေ ရဲဝတ်စုံ ကိုရိပ်ခနဲ တွေ့တာနဲ့ ကျွန်တော့် လက်ဖျားတွေ အလိုလို အေးစက်လာတယ်။ ရဲကားမီး ရောင်တွေ ရဲကား ဥသြသံတွေ ကြားရင် ကျွန်တော် အလိုလို ရင်တုန်တယ်။ ပြီးရင်သိပ် ၀မ်းနည်းတယ်ဗျာ။ ကျွန်တော်တို့ မချမ်းသာပါဘူး။ ဒါပေမဲ့ အမေ့ရဲ့ကျောင်းဆရာ မလစာရယ် အဖေ့ရဲ့စက်ရုံဝန်ထမ်း လစာရယ်ပေါင်းပြီး ကျွန်တော်တို့ ကျပ်တည်းပေမဲ့ ရိုးသားစွာ ကြီးပြင်းခဲ့တာပါ။ ခုချိန်ထိ ရုံးရောက် ဂတ်ရောက်လည်း မရှိခဲ့ပါဘူး။အဲဒီလို နေခဲ့တဲ့ ကျွန်တော့်အတွက် နိုင်ငံရပ်ခြားမှာ အဖမ်းခံရမှာ၊ အချုပ်ထဲ နေရမှာ သိပ် ကြောက်မိပါတယ် အစ်ကို ရာ။ ရဲကား အရိပ်အယောင် မြင်ရပြီးတိုင်း ရင်တုန်တယ်။ ပြီးရင် ကျွန်တော် ကိုယ့်ကိုယ်ကို သိပ်ဝမ်းနည်းတယ်။ စိတ်ထဲမှာ သိမ်ငယ် ရလွန်းတယ်ဗျာ။ အိမ်မှာ ဘဲဥပြုတ်ကို ဆားဖြူး ပြီးစားခဲ့တာတောင် ကိုယ့်ဘ၀နဲ့ ကိုယ်နေခဲ့ပြီးမှ အခုတော့ သိမ်ငယ် လိုက်ရတာဗျာ။ ကြောက်လန့် နေရ တာဗျာ။ ဒါပေမဲ့ ကျွန်တော် ပြန်လို့ မရသေးဘူး။ အဖေတို့ ရင်းနှီးပေးလိုက်တဲ့ အိမ်ပေါင် ထားတဲ့ အကြွေး မကျေသေးဘူးလေ။ ဒီတော့ ကျွန်တော့်မှာ ဘယ်သွားသွား ကျီးလန့်စာ စားသလိုကြည့်ပြီးခပ်သွက် သွက်သွားရတယ်။ ရဲမြင်ရင် လက်ဖျားတွေအေးရင်တွေ တုန်လာတယ်။ ဒါပေမဲ့ ကျွန်တော် အမေတို့ကို အဲဒါ တွေ မပြောပြဘူးအစ်ကို။ ပြောဖို့လည်း မလိုဘူးလေ” လူငယ်က ပြောလက်စ စကားရပ်ကာ ရေနွေးငုံ့ သောက်သည်။ သူလည်း လက်ဖက်ရည်ခွက်ကို လှမ်း ယူလိုက်သည်။ အိုဗာစတေးများ အကြောင်း ကြားဖူးသော်လည်း ယခုကဲ့သို့ ကိုယ်တိုင် ပြန်ပြောပြသည်မျိုး မကြုံဖူး သေးပါ။ လူငယ်က စကား ပြန်စ၏။
“ကျွန်တော် နေခဲ့တဲ့ သုံးနှစ်ထဲမှာ အဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတယ်။ အဲဒီမှာ ကျွန်တော် မမေ့နိုင်တဲ့ အဖြစ်တွေ ရှိတယ်။ အဲဒီ အဖြစ်တွေကိုတော့ တော်တော်နဲ့လည်း မေ့လို့ရမယ် မထင်ပါဘူး။ အဲဒီ အဖြစ်တွေကို ကျွန်တော် ရင်ဖွင့် ပြောပြချင်တယ်”
သည်တစ်ကြိမ်တွင်တော့ သူခေါင်းညိတ်ပြလိုက် သည်။ အချိန်အားနေသည် ထက် ထိုလူငယ်ပြောမည့် အကြောင်းအရာများကို သူကိုယ် တိုင် စိတ်ဝင်စားနေမိသည်။ “ဆက်ပြောပါ ညီ”
“နိုင်ငံခြားမှာ ခိုးနေရတဲ့ ဘ၀က ကိုယ့်မြန်မာလူမျိုး အချင်းချင်းကိုတောင် ပြန်ကြောက်ရပါတယ်။ အဲဒီ အဖြစ်ကို ကျွန်တော် ခုထိ ထင်ထင်ရှားရှား ပြန်မြင်ယောင် နေသေးတယ်။ ဖြစ်ခဲ့ပုံက ဒီလိုပါ”
“ကျွန်တော်တို့ အိုဗာစ တေးလောကမှာတော့ ဒီ သတင်းက တော်တော် ကြီး သွားခဲ့တယ်။ သူ့နာမည်က ကျော်ထူးလွင်တဲ့။ သူကလည်း ခိုးနေတဲ့ အိုဗာစတေး သမားပါပဲ။ သူ့စရိုက်ကတော့ ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်တယ်။ ပြီးတော့ နည်းနည်း ဟောင်ဖွာဖွာ နိုင်တယ်။ ဘာကိစ္စဖြစ်ဖြစ် သူကရှေ့ဆုံးက ပါချင်တဲ့ သူမျိုးပေါ့။ လူတတ်ကြီး လုပ်တတ်ပေမဲ့ စိတ်ရင်းကောင်းပြီး ကူညီတတ် တဲ့သူပါ။ မြင်လွယ်အောင် ပြောရရင် ပေါ့ပေါ့ပါးပါး နေတတ်တဲ့ စရိုက်မျိုးပေါ့ အစ်ကိုရာ။ ကျွန်တော်တို့ နေတဲ့နားမှာ မြန်မာလူမျိုး ပိုင်တဲ့ လက် ဖက်ရည်ဆိုင် ရှိတယ်။ အဲဒီ ဆိုင်ကို ကျော်ထူးလွင်က ညတိုင်း သွားထိုင်တယ်။ ကျွန်တော်တို့ကတော့ သွား မထိုင်ဖြစ်ဘူး အစ်ကို။ အဓိ ကကတော့ ရဲကြောက်တာရယ် အချိန်ကုန် ငွေကုန် မခံနိုင်တာရယ်ကြောင့်ပါ။ ဒါပေမဲ့ ကျော်ထူးလွင်က ညတိုင်းသွားတယ်။ ပြောရ ရင် အဲဒီဆိုင်မှာ ညဘက်လာ ထိုင်တဲ့ လူအများစုက တရား ၀င်နေထိုင်ခွင့်ကတ် ရှိတဲ့ သူ တွေပါ။ တစ်နေ့တော့ ကျော် ထူးလွင်နဲ့ အဲဒီ ဆိုင်မှာ အမြဲ လာထိုင်တဲ့ မိုးသက်ဆိုတဲ့ လူနဲ့ စကားများကြတယ်။ မိုးသက်က နေထိုင်ခွင့်ကတ် ကိုင်ထားတဲ့သူပေါ့။ အဲဒီ ညက ဘေးလူတွေ ၀ိုင်းဆွဲ တာနဲ့ စကားများရုံ အဆင့်နဲ့ပဲ ပြီးသွားတယ်။ ကျော်ထူးလွင် က အဲဒီလိုဖြစ်ထားတာကို ဂရုမစိုက်ဘူး။ နောက်တစ်ည ရောက်တော့လည်း ထပ်သွား ပြန်တယ်။ အဲဒီလို ညတိုင်း သွားမြဲသွားရင်းက စကားများ ထားပြီး သုံးရက်မြောက် ညမှာ ကျော်ထူးလွင် အဖမ်းခံ ရတယ်။ ဘာကြောင့် အဖမ်း ခံရသလဲဆိုတာ ဒီလောက်ဆို အစ်ကို မှန်းလို့ ရလောက်ပြီ ပေါ့။ ဟုတ်တယ် အစ်ကို။ မိုးသက် တိုင်လိုက်တာ။ တိုင် ပုံကိုက ချည်ပြီးတုပ်ပြီး တိုင်တာ အစ်ကို။ သိပ်ရင်နာဖို့ ကောင်းတယ်။ အဲဒီညက ကျော်ထူးလွင် အဖမ်းခံရခါ နီးမှာ ဖုန်းဝင်လာတယ်။ ဒါနဲ့ ကျော်ထူးလွင်က ဆိုင်ထဲမှာ ဆူညံနေလို့ ဟိုဘက်က ပြောတာ သေချာ မကြားရဘူး ဆို ပြီး ဆိုင်ပြင်ကို ဖုန်းထွက် ပြောတယ်။
“သူလည်း ဆိုင်ပြင် ရောက်ရော လူနှစ်ယောက်က သူ့လက်ကို လာချုပ်တယ်။ မင်းကို မေးစရာရှိလို့ ဆိုပြီး ပြောသံလည်း ကြားရော ကျော်ထူးလွင်လည်း ဆောင့်ရုန်းပြီး ထွက်ပြေးတော့တာ ပဲ။ ဒါပေမဲ့ ဘယ်လွတ်ပါ့ မလဲ။ ရဲတွေက သူပြေးမယ့် နေရာမှာ ကြိုစောင့်နေကြတာလေ။ ဒါနဲ့ပဲ ကျော်ထူးလွင် အဖမ်းခံရပြီး မြန်မာပြည် ပြန်ပို့ခံလိုက် ရတော့တယ်။ သူအဖမ်း ခံရခါနီး ၀င်လာတဲ့ ဖုန်းက ဘယ်သူဆက်တယ် ထင်လဲ။ မိုးသက် ဆက်တာ အစ်ကို။ အဲကောင်ကိုယ်တိုင် ဖုန်းဆက်ပြီး ရဲတွေနဲ့ တိုင်ပင် ကိုက်ထားတာတဲ့လေ။ ဆိုင် နာမည်ရော ကျော်ထူးလွင် ၀တ်ထားတဲ့ အင်္ကျီ အရောင်ရော ပြောပြီးတိုင်တဲ့ အပြင် ဘယ်အချိန်မှာ ဆိုင်ထဲကနေ ဖုန်းထွက် ပြောလိမ့်မယ် ဆိုပြီး ကိုတိုင်တာ။ ပြီးတော့မှ သူက ဖုန်းလှမ်း ခေါ်လိုက်တာလေ။ ကဲ ဘယ်လောက်တောင် အကွက် စေ့လိုက်သလဲဗျာ။
“ဒါက ကျွန်တော့် နှလုံးသားထဲမှာ မပျောက်နိုင်တဲ့ ဖြစ်ရပ်တစ်ခုပေါ့။ နိုင်ငံခြားမှာ ရဲတွေ၊ လ၀ကလို့ ခေါ်တဲ့ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေတင် ကြောက်ရတာ မဟုတ်ဘူး။ ကိုယ့်လူမျိုး အချင်းချင်းလည်း ကြောက်ရ ပါတယ်။ တစ်ခုခု ပြဿနာ တက်ရင် ထိုးကြိတ် ဖြေရှင်း နည်းတောင် မသုံးကြတော့ပါ ဘူး။ ရဲကိုတစ်ချက် ဖုန်းဆက် လိုက်တာပါပဲ။ ထိုးကြိတ်ရင်တောင် ဖူးရောင် ဒဏ်ရာက ပြန်ပျောက်နိုင် တယ် မဟုတ်လား။ ပြန်ပို့ခံ လိုက်ရရင် ဘ၀က အရှိန်ရပ် သွားနိုင်တယ်လေ။ သူတို့ အတွက်တော့ သိပ်ကောင်းတဲ့ နည်းပေါ့ဗျာ”
လူငယ်က မေးကြော ကြီးများထောင်ထလာသည် အထိ ခံပြင်းစွာ ပြောဟန်သည် သူ့ရင်ထဲသို့ အလွယ်တကူ ကူးစက်သွားစေသည်။ ဒီလို အဖြစ်တွေ ရှိသည်တဲ့လား။ သူ့စိတ်ထဲ ခပ်ဖျဉ်းဖျဉ်း ဖြစ် သွားမိသည်။ လူငယ်က ရေ နွေးထည့်၍ သူ့ရှေ့ချပေး ပြန်သည်။
“ကျော်ထူးလွင်ရဲ့ အဖြစ်က လူငယ်ချင်း ရန်ဖြစ်ရာက စတာလို့ နားလည်ပေး နိုင်ရင်တောင် ခံစားပေးဖို့ မလွယ်တဲ့ အဖြစ်တွေ ရှိနေ သေးတယ်အစ်ကို။ ဒီအဖြစ် ကိုလည်း ကျွန်တော် မမေ့ နိုင်သေးပါဘူး။
“အဲဒီ တစ်ကြိမ်မှာတော့ ကျွန်တော့် သူငယ်ချင်းတွေပါ အဖမ်းခံရတဲ့ အထဲ ပါသွားခဲ့ တယ်။ ကျွန်တော်လည်း ပါတော့မလို့ပါပဲ။ ကံသီတယ်ပဲ ပြောရမယ်နဲ့တူတယ်။ အဲဒီ နေ့က ကျွန်တော်တို့နေတဲ့ မြို့ရဲ့ ဘေးမြို့ကို အိုင်းရင်း ခရော့တီးဝိုင်း လာတဲ့နေ့ပေါ့။ ကျွန်တော်တို့ ဆီကို အိုင်စီရှိုး လာမယ်ဆိုတဲ့ သတင်းကြား ကတည်းက ကျွန်တော်တို့ အားလုံး အရမ်းပျော်ကြတယ်။ အိုင်းရင်းခရော့ခ် တီးဝိုင်းရယ် လေးဖြူ၊ အငဲ၊ မျိုးကြီး ၀ိုင် ၀ိုင်းတို့ဆိုတာ ကျွန်တော်တို့ အတွက်တော့ ဂီတသူရဲကောင်း တွေလေ။ အခုလို ကျွန်တော် တို့နေတဲ့ နေရာအထိ လာဆိုမယ် ဆိုတော့ ကျွန်တော် အပါ အ၀င် သူငယ်ချင်းတွေအကုန် လုံး ပျော်ကြတာပေါ့ဗျာ။ ကြည့်ကြမယ်လို့ အားခဲကြတယ်။ ပြောရရင် မြန်မာပြည် မှာတုန်းကလည်း သွား မကြည့်ဖူးပါဘူး။ အဆောင် မှာတော့ စတိတ်ရှိုး အခွေလေး ဖွင့်ပြီးကြည့်ဖူးကြတဲ့ သူတွေ ချည်းပါပဲ။ သွားကြည့်မယ် ဆိုတော့ ပထမဆုံး သတိ ရတာက ရဲကိစ္စပဲ။ ဒီလိုပွဲမျိုးဆို မြန်မာတွေ အလာများမယ်။ ဒီတော့ အဖမ်းအဆီးရှိနိုင် တယ်လေ။ ပွဲလက်မှတ်ဈေး ကြီးတာက အဓိကပြဿနာ မဟုတ်ဘဲ ရဲဖမ်းခံရမှာက တကယ့်ပြဿနာဆိုတော့ အားလုံးက စုံစမ်းကြတယ်။ အဖမ်းအဆီးရှိမလား။ ပွဲ စီစဉ်တဲ့သူတွေက တာဝန်ယူ သလားဆိုပြီး စုံစမ်းတော့ ပွဲ စီစဉ်သူတွေက စတိတ်ရှိုးစင် အထိ ၀င်လာရတဲ့ကိုက်ငါး ရာလမ်းအတွင်းကို တာဝန်ယူ တယ်တဲ့။ ကျန်တာတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာ ကြပေါ့လေ။ အဲဒီရက်ပိုင်း စီမံချက် ရှိတယ်လည်း မကြား ထားရဘူးဆိုတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ သွား ကြည့်ကြမယ်လို့ ဆုံးဖြတ် လိုက်ကြတယ်”
“အဲဒီနေ့မှာ ကျွန်တော် ကံကောင်းချင်တယ်လို့ ဆိုရ မှာပဲ။ မနက်ပိုင်း စက်ရုံထဲ မှာ ကျွန်တော့် ခြေထောက် ပေါ်ကို စက်ပစ္စည်းသေတ္တာ ပြုတ်ကျတယ်။ အဲဒီဒဏ်နဲ့ လမ်းလည်းကောင်းကောင်း မလျှောက်နိုင်တော့ဘူး။ ဒါနဲ့ စတိတ်ရှိုး မလိုက်ရဘဲ နေခဲ့ရ ဖို့ဖြစ်လာတော့တယ်။ သူငယ်ချင်းတွေကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းတွေ ဆိုပြီး စတိတ်ရှိုးသွားဖို့ ပြင်ဆင်နေကြတာမြင်တော့ ကျွန်တော်လည်း စိတ်ပျက် ပျက်နဲ့ ဆေးသောက်ပြီး အိပ်နေလိုက်တော့တယ်။ ဒါပေမဲ့ အစ်ကိုရယ် အဲဒီနေ့က အဆောင်ကို ကျွန်တော့် သူငယ်ချင်းတွေထဲက တစ်ယောက်ပဲ ပြန်ရောက်လာ နိုင်ခဲ့တယ်”
လူငယ်မှ ပြောရင်း အနည်းငယ် အသံတိမ်ဝင်ကာ မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်နေသဖြင့် သူလည်း လက်ဖက်ရည်ခွက်ကို ရေကျင်းနေမိသည်။ ရဲ အရာရှိ တစ်ယောက်အနေဖြင့် မည်သို့ ဆက်ဖြစ်လာမည်ကို သူ့အနေနှင့် ကြိုသိနေလေပြီ။ လူငယ်က ခဏနားပြီးနောက် စကားပြန်ဆက်သည်။
“အဲဒီညက ညခုနစ်နာရီလောက်မှာ ဖုန်းဝင်လာတယ်။ စတိတ် ရှိုးသွားတဲ့ အဖွဲ့ထဲက တစ်ယောက် လှမ်းဆက်တာ အစ်ကို။ ကြားရတဲ့ သတင်းက တော်တော် ဆိုးပါတယ်ဗျာ။ စတိတ်ရှိုးပွဲ လုပ်တဲ့ လမ်းထဲမှာ ရဲရယ် ထောက်လှမ်းရေးနဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေ ပေါင်းပြီး လမ်းပိတ်ပြီးကို ဖမ်းတာတဲ့ဗျာ။ အချုပ်ကားချည်းပဲ သုံးစီး ပါလာတယ်တဲ့။ မြန်မာ အယောက် နှစ်ရာကျော် အဖမ်း ခံလိုက်ကြရတယ်။ ဖုန်းဆက်တဲ့ သူငယ်ချင်းတောင် မနည်း ထွက်ပြေးလို့ လွတ်ခဲ့ ရတာ။ အဆောင်က ကောင် တွေဆို တော်တော်များများ ပါသွားကြတယ်။ ကျွန်တော်လေ အဲဒီ သတင်းကြားတော့ စိတ်မကောင်းဖြစ်လိုက်တာ ဗျာ။ အဲဒီညက ထမင်းတောင် မစားနိုင်ဘူး။ အခုချိန်ဆို ဟိုကောင်တွေတော့ အချုပ်ထဲမှာ ဘယ်လိုနေကြ ပါလိမ့် ဆိုတဲ့ အတွေးတွေပဲ တစ်ချိန်လုံး ၀င်နေတော့တယ်။ သူတို့တွေထဲမှာရော ကျွန်တော့် လိုပဲ အကြွေး မကျေသေးသူတွေ ဘယ်လောက်တောင် ပါမလဲ ဆိုတာပါ တွေးမိတော့ ကျွန်တော်တို့ ဘ၀တွေကို အရမ်း စိတ်ပျက်မိတယ်ဗျာ။ ကျွန်တော်တို့မှာ ခိုးနေမိတဲ့ အပြစ တစ်ခုက လွဲရင် အလုပ်မှာလည်း မခိုမကပ်နဲ့ ကြိုးစား ကြတယ်။ အချိန်ပို အလုပ် ဆင်းရတော့မယ် ဆိုရင် ကျွန်တော်တို့မှာ ဒီလတော့ ၀င်ငွေ ပိုများပြီ ဆိုပြီးကို ပျော်နေကြရတာ။ တခြား မကောင်းတဲ့ ပြစ်မှုဆိုတာလည်း လုပ်ဖို့ နေနေသာသာ အလုပ် ပြီးရင် အပြင်ကိုတောင် လျှောက်သွားတာ မဟုတ်ဘူး။ အဲဒီလောက် အထိ အလုပ် တစ်ခုတည်းပဲ အာရုံ စိုက်ထားကြတဲ့ သူတွေပါ။ ဒါပေမဲ့ကျွန်တော်တို့မှာ အပြစ် တစ်ခု ရှိနေတယ်လေ။ ခိုးနေ မိတဲ့ ဘ၀ဖြစ်တာနဲ့ ကျန်တာတွေ ဘယ်လောက် ကောင်းအောင်နေလည်း ကြောက်နေရတဲ့ ဘ၀ဖြစ်ရတော့တာပဲ။ ပျော်ရွှင်ခြင်းက ကျွန်တော်တို့နဲ့ မထိုက်တန်တဲ့ အရာလိုမျိုး ဖြစ်နေတယ်။ အခုပဲကြည့် လေ။ စတိတ်ရှိုး ကြည့်ဖို့သွား တယ်။ ရောက်သွားတာက အချုပ်ထဲ။ အဲဒီညက ကျွန်တော် ၀မ်းနည်းလွန်းလို့ မျက်ရည်ကျမိခဲ့တယ်။
“အဲဒီလိုဆိုးတဲ့၊ အဲဒီ ထက်ဆိုးတဲ့ ဘ၀တွေ ပြည်ပမှာ အများကြီး ရှိနေသေးပါ တယ်။ နိုင်ငံခြားမှာ ပျော်ရွှင်ခြင်း ဆိုတာ ငါးမျှားချိတ်က အစာလည်း ဖြစ်နေတတ်ပါ တယ်ဗျာ” လူငယ်၏ စကားအဆုံးတွင် သူပင့်သက်ရှိုက်မိသည်။ ဖမ်းဆီးခြင်းဖြင့် အကျွမ်းတ၀င် ရှိနေသည့် သူကိုယ်တိုင်ပင် ကြားခဲ့ရသော ဖမ်းဆီး ခံရမှုကို စာနာနေမိသည်။ “ပျော်ရွှင်ခြင်းဆိုတာ ငါးမျှားချိတ်က အစာ” တဲ့။ ဥပမာလေးက သေသပ်သလို ထိရှလွန်းသည်။ စတိတ်ရှိုးဆီကို ပျော်ရွှင်စွာ သွားကြမည့် လူငယ်များ၊ အဆိုတော်နှင့် အတူ သံပြိုင် လိုက်ဟစ်ကြွေးရန် အားခဲထားမည့် ပရိတ်သတ်များကို သူအတွေးဖြင့်ပင် မြင် ယောင်နိုင်စွမ်းသည်။ ထို့နောက် ခပ်ကြမ်းကြမ်း အဖမ်း အဆီးများ လက်အောက်တွေ ကြေမွသွားမည့် ပျော်ရွှင်ခြင်း များ ၊ အပြန်အလှန် ကူးစက် နေမည့်အပူလုံးများ ၊ မည်သူ့ မည်သူမှ မကယ်တင်နိုင်မည့် ဘ၀များစွာ။ ထိုသူများ အားလုံးသည် မြန်မာ လူမျိုး များဖြစ်နေခဲ့သည် ဆိုသည့် အသိဖြင့် သူ စိတ်မကောင်း ဖြစ်ရလေသည်။
လူငယ်လေးလက်ကို သူလှမ်းဆုပ်ကာ အားပေး ဟန်ဖြင့် တချက်ဖျစ်ညစ် လိုက်သည်။ လူငယ်က ပြုံးပြ လေသည်။ “အစ်ကို စိတ်ညစ်သွား ပြီလား။ ပြောရဦးမလား။ ဒီတစ်ခါတော့ ကျွန်တော့် ကိုယ်တွေ့အကြောင်းပါ”
လူငယ်လေးထံတွင် ရင်ဖွင့်ချင် စရာများ ကျန်နေ သေးသည်။ သူ ခေါင်းညိတ် ပြလိုက်၏။ “ပြော ညီ။ မင်းစိတ်ထဲ ရှိတာတွေ ထုတ်ပြောလိုက်ပါ”
“ပျော်ရွှင်ခြင်းက ငါး မျှားချိတ်က အစာလို့ ခုနက ကျွန်တော် ပြောခဲ့တယ်နော်။ အခုပြောမှာက ပျော်ရွှင်ခြင်းဟာ ကုပ်ပေါ် ခွစီးထားတဲ့ နတ်ဆိုးပါ အစ်ကို။ အဲဒီနေ့က ကျွန်တော် အလုပ်မှာ အချိန်ပို ဆင်းပြီး အဆောင် ပြန်လာခဲ့ တယ်။
“အချိန် ပိုဆင်းထားတာ ဆိုတော့ ဗိုက်ကလည်း ဆာနေတာနဲ့ ခပ်သွက်သွက် ပြန်လာရင်း တစ်နေရာ ရောက်တော့ ကျွန်တော့်ဆီကို ဖုန်းဝင် လာတယ်။ ဆက်တဲ့သူက အခန်းဖော်ထဲက တစ်ယောက် ဆက်တာ။ ဒါနဲ့ ဘာကိစ္စ ရှိလဲလို့ ထူးလိုက်တော့ သူက ခပ်လောလောပုံစံနဲ့ ကျွန်တော့် ကို မေးတယ်။ မင်းအခု ဘယ်ရောက် နေပြီလဲတဲ့။ ဒါနဲ့ ကျွန်တော်ကလည်း အခုပြန် လာနေပြီဆိုပြီး ဖြေတော့ ပြန်မလာနဲ့တဲ့။ အဆောင်မှာ ရဲတွေ ရောက်နေတယ်တဲ့။ သူလည်း ထွက်ပြေးရင်းနဲ့ ကျွန်တော့်ကို သတိရလို့ လှမ်း ပြောတာတဲ့။ အဲဒီ သတင်း ကြားတော့ ကျွန်တော် ထူပူ သွားတယ်။ ရဲကြောက်ပါတယ် ဆိုမှ အဆောင်မှာ ရဲတွေ ၀ိုင်းထားတယ်ဆိုတော့ ကျွန်တော်ရင်တွေတုန်ပြီး လက်တွေ ခြေတွေ ချက်ချင်း အေးတက်လာတာပဲ။ ဒါနဲ့ စိတ်ကို အတတ်နိုင်ဆုံး ငြိမ် အောင်လုပ်ပြီး ဘာဆက်လုပ် ရမလဲ ဆိုတာ စဉ်းစားတယ်။ ဒါပေမဲ့ ဘာလုပ်လို့လုပ်ရမှန်း ကို မသိတာ။ အဆောင် မပြန် ရင် ဘယ်ကို သွားရမလဲ ဆိုတာ စဉ်းစားလို့ကို မရဘူးဗျာ။ စက်ရုံထဲပဲ ပြန်သွားရင် ကောင်း မလား စဉ်းစားမိပေမဲ့ အဖမ်း ခံလိုက်ရတဲ့သူတွေဆီက သတင်းရပြီး ရဲတွေ စက်ရုံ အထိ လိုက်လာမှာကိုလည်း တွေးကြောက်မိပြန်တယ်။ စိတ်ကလည်း ထူထူပူပူနဲ့ ဘာလုပ်ရမလဲ တွေးနေသလို ကျွန်တော် ရပ်နေမိတဲ့ လမ်း တစ်လျှောက်ကိုလည်း လျှောက်ကြည့်နေရတယ်။ အရေးအကြောင်းဆို ဘယ် လမ်းကပြေးရင်လွတ်မလဲပေါ့။
ဒါနဲ့ အနားမှာရှိတဲ့ စတိုး ဆိုင်လေးထဲ ၀င်ပြီး အအေး တစ်ဘူးဝယ်၊ ဆိုင်ဝမှာမယောင် မလည်လုပ်ပြီး ကျွန်တော်တို့ အဆောင်ဘက်လမ်းကွေ့ကို ကြည့်နေမိတယ်။ ရဲကား တွေကလည်း ထွက်လာတာ မတွေ့တော့ အခုထိ ၀ိုင်းထား တုန်းပဲ ဆိုပြီး အဆောင်ပြန် လို့လည်းမဖြစ် ဘယ်သွားရ မှန်းလည်း မသိနဲ့ စိတ်အား ငယ်တယ်ဆိုတဲ့ ခံစားချက်ကို အဲဒီအချိန်မှာ သေသေချာချာကို ခံစားဖူးတော့တယ်။ အဆောင်မှာကလွဲရင် ကိုယ်နဲ့ သိတဲ့သူကလည်း မရှိဘူး လေ။ ဒီဆိုင်အ၀မှာလည်း အကြာကြီးရပ်နေလို့ မကောင်း မှန်းသိတော့ သွားရမယ့်နေရာ ကိုပဲ ခေါင်းပူအောင် တွေးမိ ပေမဲ့ ဘယ်သွားသွား ရဲနဲ့တိုး မှာပဲလို့လည်း စိတ်က ထင်နေ မိတယ်။ ဟိုကြည့် ဒီကြည့် လုပ်ရင်း စတိုးဆိုင်ရှေ့က တိုက်လှေကား တံခါးပွင့်နေ တာမြင်တော့ ကျွန်တော် အကြံရသွားတယ်။ ဒါနဲ့ စတိုးဆိုင်က ပေါင်မုန့်တစ် လုံးရယ် သတင်းစာ တစ်စောင် ရယ်ကိုဝယ်ပြီး အဲဒီတိုက် လှေကားထဲ လှမ်းဝင်လိုက်တယ်။ တိုက်က လေးထပ် တိုက်ဆိုတော့ အပေါ်တက် အောက်ဆင်းဖို့ ထားတဲ့ လှေ ကားခြေရင်းမှာ ကျွန်တော် ထိုင်ပြီး သတင်းစာလေး ရှေ့ မှာ ဖြန့်ထားလိုက်တယ်။ ကျွန်တော့်အကြံက ဒီလိုလေ။ အပေါ်က ဆင်းလာသူပဲဖြစ် ဖြစ် တိုက်ပေါ်တက်မယ့် သူပဲ ဖြစ်ဖြစ် ကျွန်တော့်ကို မြင်ရင် သတင်းစာ ဖတ်နေတယ်လို့ပဲ ထင်အောင်လို့လေ။ သတင်းစာက ကျွန်တော် မဖတ်တတ် ပါဘူး။ သူ့နိုင်ငံ သတင်းစာဆို တော့ ဖတ်နေတာ မြင်ရင် သူ့ နိုင်ငံသားလို့ ထင်သွားမှာပဲ ဆိုပြီး ရှေ့မှာခင်းထားတာ။ အဲဒီတော့မှ အချိန်ကလည်း ကုန်ခဲ လိုက်တာဗျာ။ ဟိုကောင်ကလည်း ဖုန်းပြန်မဆက်လာဘူး။ ကျွန်တော်ကလည်း မဆက်ရဲဘူးလေ။ မတော်လို့များ ဟိုကောင် အဖမ်းခံရပြီး ဖုန်းက ရဲလက်ထဲ ရောက်နေရင် ဘယ်လို လုပ်မလဲ။ ဖုန်းပြန်မလာတော့ ဘယ်သူတွေ ပါလို့ပါသွား မှန်းလည်း မသိရဘူး။ အခြေ အနေတွေ ဘယ်လောက်ဆိုး ကုန်မှန်းလည်း မသိရဘူး။
ကျွန်တော့် စိတ်ထင် တစ်နာရီလောက် အဲဒီ တိုက်လှေကား ထဲမှာ နေပြီးမှ ဖုန်းဝင်လာ တယ်။ ဟိုကောင်ဆက်တာ။ ဒါနဲ့ မရဲတရဲ ထူးလိုက်တော့ ပြန်လာလို့ ရပြီတဲ့။ ရဲတွေ ပြန်သွားပြီတဲ့။ ဘယ်သူတွေ အဖမ်း ခံရသေးလဲ ထပ်မေးတော့ မပါသွားဘူးတဲ့။ သူဌေး ကိုယ်တိုင် လာရှင်း သွားတာတဲ့။ အဲဒီတော့မှ ကျွန်တော်လည်း စိတ်ဒုန်းဒုန်း ချမိတော့တယ်။ အဆောင်ကို ခပ်သွက်သွက်လေး ပြန်လျှောက် လာရင်းနဲ့ ဒီနေ့အချိန် ပိုဆင်း ဖြစ်တာ ကံကောင်း သွားတယ်လို့တောင် တွေးမိသေး တယ်။ မဟုတ်ရင်ရဲနဲ့ ထိပ် တိုက်တိုးမှာလေ။ အဆောင် နားရောက်တော့ လိုလိုမည်မည် အဆောင်ဝင်းထဲ ချောင်းကြည့်လိုက်သေးတယ်။ ဘာရဲကားမှ မရှိတော့ဘူး။ ဒါနဲ့ အဆောင်ထဲ လှမ်းဝင်တော့ ကျွန်တော်တို့ အခန်းထဲ က ရယ်သံတွေ ထွက်နေတယ်။ ဒါနဲ့ ကျွန်တော်လည်း အခန်း ထဲဝင်ပြီး ဒီကောင်တွေကိုတောင် နောက်လိုက်သေးတယ်။ မင်းအဘတွေ ပြန်သွားလို့ ပျော် နေတယ်ပေါ့လေလို့။ အဲဒီလို နောက်တော့ သူတို့က ၀ိုင်း ရယ်ကြတယ်။ ပြီးတော့ ကျွန်တော့်ကိုမေးတယ်။ ဒီနေ့က ဘာနေ့လဲ သိလားတဲ့။ ဒီနေ့က သောကြာနေ့လေလို့ ကျွန်တော်က ပြန်ဖြေတော့ ရယ်ကြပါလေရော။ ပြီးတော့မှ ဘာပြောတယ်မှတ်လဲ အစ်ကို။ မင်းက ငတုံးတဲ့။ ဒီနေ့က ဧပြီလတစ်ရက်နေ့ တဲ့။ မင်းတို့လို ငတုံးတွေကို ဧပြီဖူး အရူး လုပ်တဲ့နေ့တဲ့လေ။ လုပ်ရက် လိုက်ကြတာဗျာ။ ကျွန်တော်ဖြင့်လေ အဲဒီ အဖြေလည်း ကြားမိရော မျက်လုံးတွေ ပြာဝေသွားပြီး စိတ်တွေ လွတ်သွားတယ်။ အဲကောင် တွေအုပ်ထဲပြေးပြီးတွေ့ရာ အကုန် လိုက်ကန်မိတယ်။ ကျွန်တော် သတိပြန်ဝင်လာ တော့ ဟိုကောင်တွေက ၀ိုင်းချုပ်ပြီး ကျွန်တော့်ကို တောင်း ပန်ကြတယ်။ ကျွန်တော် ဘာတတ်နိုင်မလဲ အစ်ကိုရာ၊ စဉ်းစားကြည့်ပါဦးဗျာ။ လူငယ်တိုင်း ပျော်ကြတဲ့နေ့ပဲ၊ ကျွန်တော် ဘယ်လောက် အထိ အပြစ်ထပ်ပြောလို့ရ မလဲ။ သူတို့မှာလည်း ပျော်စရာ ရှာကြံနေရ တဲ့ဘ၀ဆိုတာ ကျွန်တော် အသိဆုံးပဲဟာ။ ဒါပေမဲ့ ၀မ်းနည်းတာက အားလုံး ပျော်ရတဲ့နေ့မှာ ကျွန်တော်က ဘာလို့ ဒီလို နာကျင်ရတာ လဲဆိုတာပဲ။ အဲဒီညက ကျွန်တော်မူးအောင် သောက်ပြီး ရှိုက်ကြီးတငင် ငိုမိတယ်တဲ့။ ကျွန်တော့်ပါးစပ်ကလည်း ဧပြီ ဖူး ဧပြီဖူးဆိုပြီး တတွတ် တွတ် ရွတ်နေတယ်တဲ့လေ။
“သေချာပါတယ် အစ်ကို ကျွန်တော့် အတွက်တော့ ပျော်ရွှင်ခြင်းဆိုတာ ကုပ်ပေါ် ခွစီးထားတဲ့ နတ်ဆိုးပါပဲ” လူငယ်က မျက်ခွံကို လက်ခုံဖြင့် ဖိသုတ်ရင်း စကား ရပ်လိုက်သည်။ လူငယ်၏ စကားဆုံးတော့ သူ့တွင် ပြန် ပြောစရာ စကားလုံး မရှိခဲ့။ ကြားခဲ့ရသမျှအဖြစ်တိုင်းက ဆန်းကြယ်နေသလို ထိထိရှရှ ဖြစ်စေခဲ့သည်တော့ အမှန်ပင်။ သူ မသိနိုင်သည့် ရင်နင့်စရာ ဇာတ်လမ်းများစွာ ရှိနိုင်ဦးမည်။ သို့သော် သူဆက်နားမထောင် ချင်တော့။ ယခုပင် ရင်ထဲ တင်းကျပ်လှပါပြီ။
“အဲဒီ အဖြစ်အပျက် ဖြစ်ပြီး ခြောက်လ နေပြီးတော့ ကျွန်တော် ပြန်လာခဲ့တယ်။ အိမ်မှာလည်း ထိုက်သင့်သလောက် စုနိုင်ခဲ့တာရယ်၊ ခါးသီးတဲ့ ခံစားချက်တွေ ထပ်မကြုံချင်တာရယ်ကြောင့် ပါ။ ရဲမြင်ရင်လက်ဖျား ခြေဖျား အေးရတာတွေ၊ ရဲကား မြင်ရင် ရင်တုန်ရတာတွေကို ထပ်မခံစားနိုင်ခဲ့လို့ ကျွန်တော် ပြန်လာခဲ့တာပါ။ မနေ့က ပြန်လာတာပေါ့။ လွတ်လပ်ခြင်းရဲ့အရသာကို မနေ့က ကျွန်တော် အပြည့်အ၀ ခံစားရတယ်။ ကိုယ့်မြေကို ပြန်လာပြီဆိုတဲ့ အသိကိုက ကျွန်တော့် အတွက်တော့ ပြီးပြည့်စုံလွန်းတဲ့ ပီတိပါပဲ။ ဒီနေ့မနက် ကျွန်တော် အစောကြီး အိပ်ရာနိုးတယ် အစ်ကို။ လမ်းတွေ တော်တော်များများ ကို လျှောက်သွားတယ်။ ကျွန်တော် ကြောက်ရမယ့်သူ မရှိဘူး ဆိုတဲ့ စိတ်ချလုံခြုံမှု ကြောင့် ခြေလှမ်းတိုင်းမှာ ပီတိတွေ ရနေတယ်”
“အဲဒါတော့ ငါ နား လည်ပါတယ်။ ဒါပေမဲ့ ဘာအတွက် ရဲကားကို လာထု ရတာတုံး။ အဲဒါရော ပီတိပဲ လား။ ငါဖမ်းမှာရော မကြောက်ဘူးလား”
“ဖမ်းမှာ မကြောက်တာတော့ မဟုတ်ပါဘူး အစ်ကို။ ကျွန်တော် ပြစ်မှုလုပ်မိတယ်။ ဒီတော့ အဖမ်းခံရတယ်။ ကိုယ့်မြေ ကိုယ့်ရေမှာ ကျွန်တော် ရှိတယ်။ ဒါကို ကျွန်တော် လက်ခံနိုင်တယ်လေ။ ကောင်း ကောင်းမွန်မွန် နေရဲ့နဲ့ ခြေဖျား လက်ဖျား အေးစက်ပြီး ကြောက်နေရတဲ့ဘ၀ထက် တော့ အများကြီးသာပါ တယ်ဗျာ။ အခုချိန်ဖမ်းမယ် ဆိုလည်း အဖမ်းခံ ရဲသွားပြီ အစ်ကို။ ဘာကြောင့်ဆိုတော့ သံတိုင်နောက်ထဲမှာ ရောက် နေရင်တောင် ဒါဟာ ကျွန်တော့် မြေဆိုတဲ့အသိရှိနေတယ်လေ”
ဘ၀ထဲက လာသည် ထင်၏။ ထိုခံစားချက်ကိုတော့ သူတွေးမမီ။ လူငယ် က ဆက်ပြောသည်။ “လူတွေမှာ အငုံ့စိတ် ဆိုတာ ရှိတယ် အစ်ကို။ ပြန်မလှန်ရဲ ပြန်မပြောရဲဘဲ ကြောက်နေရတဲ့ သူတွေ သိမ် ငယ်နေခဲ့ရတဲ့ သူတွေမှာ အဲဒီ အငုံ့စိတ်က အမြဲ အဆင်သင့် ရှိနေတယ်။ အထဲမှာ ဆူပွက် နေတဲ့ မီးတောင်လိုမျိုးပေါ့။ တစ်ချိန်ချိန်မှာ အုံကြွလာ တတ်တယ်။ ပေါက်ကွဲလာ တတ်တယ်။ ကျွန်တော် အမြဲ ကြောက်ခဲ့ရတဲ့ ရဲကားကို အခု မကြောက်တော့ဘူး ဆိုတဲ့ အငုံ့စိတ်ရဲ့ အုံကြွမှုကြောင့် အစ်ကို့ကားကို လက်သီးနဲ့ ထုမိတာပါ။ ဖိစီးမှု တစ်ခု အတွက် ထွက်ပေါက်ပေးလိုက် မိတဲ့သဘောပါ။ ဒါမှလည်း ကျွန်တော့်မှာ မိုးနေတဲ့ အရိပ် ဆိုးတွေ မရှိတော့ဘဲ ဘ၀ကို သာမန် လူတွေလို ခရီးဆက်နိုင် မယ် ထင်မိတာလည်းပါပါ တယ်။ ကားလည်း ဘာမှ မဖြစ်သွားပါဘူး အစ်ကို။ ပြီး တော့ တဒင်္ဂ စိတ်လွတ်ထွက်ခဲ့ ရမှုကိုလည်း ကျွန်တော်အလေး အနက် တောင်းပန်ပါတယ်”
“အငုံ့စိတ်” “အတွင်းမှာ ဆူပွက်နေတဲ့ ချော်ရည်”။ ရဲ ကားကို လက်သီးနှင့်လာထု သည်မှာ ထိုမီးတောင် ပွင့် ထွက်လာခြင်းတဲ့လား။ လူ သားဆန်သည့် စိတ်ဖြင့် ထိုမီး တောင်ပေါက်ကွဲမှုကို သူနား လည်ပေးလိုက်ပါသည်။ လက်ဖက်ရည်ဆိုင်ထဲမှ သူတို့ ထွက်လာချိန်တွင် လူငယ်က ကောင်းကင်ကို လက်ညှိုးထိုး ပြသည်။ သူမော့ကြည့်သည့် အခါ ပျံလွှားငှက်ငယ်များ လွတ်လပ်စွာ အုပ်စုဖွဲ့ ပျံသန်း သွားကြသည်ကို တွေ့လိုက်ရ သည်။ သူ နားလည်စွာဖြင့် လူငယ်၏ ပခုံးကို ပုတ်ကာ ပြုံးပြလိုက်တော့သည်။
မြစ်ကျိုးအင်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|