(Aug-2012)ရွှေအသစ် PDF Print E-mail
Written by ၀င်းငြိမ်း   
Wednesday, 01 August 2012 16:25
Share |

ဒီတစ်လမှာလည်း ထုံးစံအတိုင်း ပုံသေနည်းနဲ့ ရေးတဲ့ စာမူတွေပဲ များနေပါတယ်။

buy generic cialis onlinecialis reviews click here cialis generic vs brand
argaiv1014

ရေရှည်မှာ ဒီလိုဝတ္ထု ပုံစံမျိုးတွေ များလာခြင်း အားဖြင့် လွတ်လပ်စွာ ရေးသား ဖန်တီးရတဲ့ ရသ စာပေဟာ ထူးပြီး တိုးတက် ကောင်းမွန်လာမှာ မဟုတ်တဲ့ အတွက် ပုံသေနည်း မသုံးဘဲ အနုပညာ အားပါပါ ဖန်တီးတီထွင် မှုအား ကောင်းကောင်း စာမူတွေကို ပို့ကြစေချင်ပါတယ်။

၁။    နောက်ဘ၀ဆိုတာသာ ရှိခဲ့ရင်
၂။    ခရေပုံပြင်ထဲက ကောင်လေး
၃။    သူတို့ကိုမြင်တိုင်း
လင်းလက်သူ(တမ္ပ၀တီ-မန္တလေး)
အရေးအသား ရိုးစင်းတဲ့ စာမူတွေဖြစ်ပါတယ်။ နောက် ဘ၀ဆိုတာ... က အချစ်ဝတ္ထုဖြစ်ပြီး အလင်္ကာတွေနဲ့ တန်ဆာ ဆင်ထားပေမဲ့ မခိုင်မာတာကို တွေ့ရပါတယ်။ ခရေပုံပြင်ထဲ က...ကလည်း ဆွဲဆောင်မှု နည်းလှတဲ့ ၀တ္ထု တစ်ပုဒ်သာ ဖြစ်ပါတယ်။ သူတို့ကို မြင်တိုင်းက ဆိုင်ရှင် တစ်ယောက်က နေ ဖောက်သည်တွေကို အကဲ ခတ်မိသမျှ အကြောင်းအရာတွေ ကို အပြောနဲ့ အပြ ရောထွေးနေတဲ့ အတွက် ဆွဲဆောင်မှု မရှိပါဘူး။

၎။    ဘာသာပြန် မှားခဲ့သော စာတစ်ပုဒ်
ဆုလက်နွယ်(တမ္ပ၀တီ)
ခပ်ရိုးရိုး အချစ်ဝတ္ထု တစ်ပုဒ်ဖြစ်ပြီး အရေးအသား အားနည်း နေပါသေးတယ်။
၅။    ပုဂံတစ်ချပ် ၀ယ်ပေးချင်တယ်
၆။    ကိုယ့်ဘ၀နဲ့ကိုယ်
ဇမင်းမြတ်(လယ်ဝေး၊ကံသာ)
အရေးအသားမှာ စကားပြေ၊ စကားပြောရော ထွေးနေပြီး တင်ပြပုံလည်း ရိုးစင်းလှပါတယ်။ ပုဂံတစ်ချပ်... က ရည်း စားကို တစ်လခ လုံးစာ ပြုတ်အောင် ၀ယ်ပေးပြီးမှ နောင်တ ရမိတယ်ဆိုတာမျိုး ဖြစ်နေပါတယ်။ ထူးခြားမှု မရှိပါဘူး။ ကိုယ့်ဘ၀နဲ့ ကိုယ်ကလည်း ရိုးလွန်းပြီး ဆွဲဆောင်မှု မရှိတဲ့ အချစ်ဝတ္ထုသာ ဖြစ်ပါတယ်။

၇။    ရော်ရွက်ဝါရဲ့စိတ်ကူး
ထွန်းတေဇ
မုဆိုးဖို တစ်ယောက်ရဲ့ စိတ်ကူး စိတ်သန်းတွေကို ရေး ထားတာဖြစ်ပြီး ရိုးရှင်းနေပါတယ်။ အရေးအသား ပြေပြစ်တဲ့ အတွက် အဖွဲ့အနွဲ့နဲ့ တင်ပြပုံကို အားထုတ်စေချင်ပါတယ်။

၈။    ကျွန်မဘ၀မှန်ဇာတိနယ်သို့ တစ်နှစ်တစ်ခေါက်
၉။    လောကအလယ် တင့်တယ်နေတော့သည်
၁၀။    ရွှေခြည် ငွေခြည် တန်းပါလို့
၁၁။    ဖူးစာက နဖူးမှာ လိပ်စာနှင့်
၁၂။    မတူညီသော ညီမျှခြင်း
မြတ်မိုမြင့်
အရေးအသား အားနည်းနေသေးတဲ့ စာမူများပဲ ဖြစ်ပါတယ်။ ကျွန်မ ဘ၀... က ဟိုရောက်ဒီရောက် အတွေးတွေကို ကြုံသလို ရေးထားတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ လောက အလယ်...က အလှူပွဲတစ်ခု အကြောင်းဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။ ရွှေခြည် ငွေခြည်... ကတော့ ဘာပြောချင်မှန်း မရှင်းလင်းတဲ့ စာမူ တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဖူးစာက...က လည်း အတွေးကိုက ကလေး ဆန်နေပြီး အရေးအသားက လည်း အတော်လေး အားနည်းနေပါတယ်။ မတူညီသော... က လင်မယား နှစ်ယောက် အကြိုက်မတူပုံကို ရေးထားတဲ့ ဖြစ်ပေမယ့် ပြောချင်တာ မပီပြင်ပါဘူး။ အဓိက အားနည်းချက်က အရေးအသား ဖြစ်ပါတယ်။ အရေးအသား နိုင်နင်းအောင် အရင် ကြိုးစားပြီးမှ ၀တ္ထုရေးဖို့ ကြိုးစားသင့်ပါတယ်။
၁၃။    ညှို့ချက်ပြင်းသော
၁၄။    ထုဆစ်ပြီး ပုံမဖော် လိုက်ရတဲ့ အိပ်မက်တစ်ခု
မိုးစက်သာ
လက်ရေးလက်သား ရှုပ်ထွေးတဲ့ အတွက် ဖတ်ရခက်တဲ့ စာမူဖြစ်ပါတယ်။ အရေးအသားကလည်း သွက်သွက်လက်လက် မရှိဘဲ မလိုအပ်တာတွေကို ဖွဲ့နွဲ့နေတဲ့ အတွက် ပျင်းစရာ ကောင်းနေပါတယ်။ ညှို့ချက်ပြင်းသောက အိမ်ထောင်ရေး ဇာတ်တစ်ခုဖြစ်ပြီး ထုဆစ်ပြီး... ကတော့ ခပ်ရိုးရိုး အချစ် ဇာတ်လမ်းသာ ဖြစ်ပါတယ်။

၁၅။    ပုံပြောသူ
၁၆။    နင်နဲ့ငါ
ထူး(KKK)
အရေးအသား ထူးခြားမှုမရှိဘဲ ရိုးစင်းနေတဲ့ စာမူတွေ ဖြစ်ပါတယ်။ ပုံပြောသူက မိဘမေတ္တာ ငတ်နေတဲ့ သူတစ် ယောက်နေရာက ရေးထားပြီး နင်နဲ့ငါက သူငယ်ချင်း အချစ် ၀တ္ထု တစ်ပုဒ်ပါ။ ထူးခြားမှု မရှိပါဘူး။

၁၇။    ဆုံးဖြတ်ချက်ရယ် ချမိတယ်
၁၈။    နှောင်း... နောင်တ
နေရဲ(ဗန်းမော်)
အပြန်အလှန် စကားပြောတွေနဲ့ချည်း ရေးသွားတဲ့ ၀တ္ထုများ ဖြစ်ပါတယ်။ အဲဒီလို ရေးတာမျိုးဟာ ၀တ္ထုလို့ ဆိုနိုင်တဲ့  အရေးအသားမျိုး မဟုတ်ပါဘူး။ နှစ်ပုဒ်စလုံးမှာ ဘယ်သူတွေက ဇာတ်ကောင်ဖြစ်ပြီး ဘယ်လို ပြုမူတယ် ဆိုတာမျိုး လုံးဝ မပါဘဲ စကား ပြောတွေနဲ့ ပုံဖော် ထားရာမှာ အရေးအသား ကျွမ်းကျင်ပိုင်နိုင်သူ မဟုတ်တဲ့အတွက် လုံးဝ အဆင် မပြေပါဘူး။ စာများများ ဖတ်ပြီးမှ စာရေးပါ။
၁၉။    ဝေဒနာ
ဥက္ကံ၊နွယ်ဇင်အေး
HIV နောက်ခံဇာတ် တစ်ခုဖြစ်ပြီး စကားပြေ၊ စကားပြော ရောနေကာ ဆွဲဆောင်မှု မရှိပါဘူး။

၂၀။    ရိုးရှင်းတဲ့ နှလုံးသားပြကွက်
ခေတ်သွေး
ဆောင်းပါးဆန်တဲ့ မိဘ မေတ္တာဘွဲ့ဖြစ်ပြီး အနုပညာ အားနည်းပါတယ်။
၂၁။    ရောင်နီ
၂၂။    အိပ်မက်နဲ့လမ်း
နေသွေးမောင်
အရေးအသား လိုသေးတဲ့ စာမူများဖြစ်ပါတယ်။ ရောင်နီ က မျှော်လင့်ထားသလို ဖြစ်မလာတဲ့ အကြောင်း ဇာတ်ကွက် ဆင်ထားပေမဲ့ ကြိုတင်မှန်းဆနိုင်တဲ့ ပုံသေနည်း ၀တ္ထုတစ်ပုဒ် သာဖြစ်ပါတယ်။ စကားပြေ၊ စကားပြော ရောထွေးနေပါ တယ်။ အိပ်မက်နဲ့ လမ်းကတော့ အချစ်ဝတ္ထု တစ်ပုဒ်ဖြစ်ပြီး လက်တွေ့ဘ၀ရဲ့ ရုန်းကန်ရမှုတွေက အချစ်ရေးမှာ သက်ရောက်မှု ရှိတဲ့အကြောင်း ရေးထားတာဖြစ်ပါတယ်။ ကြိုတင် မှန်းဆနိုင်တဲ့ ၀တ္ထုလည်း ဖြစ်ပါတယ်။

၂၃။    အချစ်မေတ္တာ ၂၀၂၈
ရွက်လွင့်
ဝတ္ထုခေါင်းစဉ်ကို စာမူဆုံးမှ ရေးထားတာမျိုး မလုပ် စေချင်ပါဘူး။ ၀တ္ထုအစမှာ ကတည်းက ခေါင်းစဉ် တပ်ပေးရမှာ ဖြစ်ပါတယ်။ အရေးအသား ပျင်းစရာကောင်းတဲ့ အချစ်ဝတ္ထု တစ်ပုဒ် ဖြစ်ပါတယ်။

၂၄။    တစ်ပွင့်ပန်း
အေး(ကံ့ကော်မြေ)
အရေးအသား ပြေပြစ်ပေမဲ့ ရိုးစင်းလှတဲ့ အချစ်၊ အလွမ်း ၀တ္ထုတစ်ပုဒ် ဖြစ်ပါတယ်။

၂၅။    ဆုံမှတ် တစ်ခု၏ ဆင်ခြေများ
ဈာန်မင်းဟိန်း
အကြောင်းအရာက မထူးဆန်းပေမဲ့ အတွေးတစ်စနဲ့ အဆုံးသတ်ဖို့ ကြိုးစားထားတဲ့ စာမူပါ။ ဒါပေမဲ့ အရေးအသား အားနည်းတဲ့ အတွက် မပီပြင်ခဲ့ပါဘူး။

၂၆။    ပွင့်ခွင့် ရခဲ့သော ပန်းတစ်ပွင့်
နွေဦး
ရုပ်ရှင်ဆန်ဆန် ဇာတ်တစ်ပုဒ်ဖြစ်ပြီး အရေးအသား ပြေ ပြစ်ပေမဲ့ ရိုးစင်း လှပါတယ်။

၂၇။    ချစ်ခြင်းနှင့်နွယ်သော
ကြည်ဖြူ(တောင်ကုတ်)
အပြန်အလှန် စကားပြောတွေနဲ့ချည်း ပုံဖော်ထားတဲ့ စာမူ တစ်ပုဒ်ဖြစ်ပြီး အဖွဲ့အနွဲ့အရေးအသား အားနည်းလှပါတယ်။

၂၈။    တစ်ခါတုန်းက
ကျော့ကျော့
အရေးအသား ပြေပြစ်သလို ရှိပေမဲ့ ပြောချင်တာကို ပေါ်လွင်သွားအောင် ရိုးရိုးရှင်းရှင်း မရေးနိုင်ခဲ့ပါဘူး။

၂၉။    ထုဆစ်ခြင်း ၁၅၀၀ များ
မိုးနေ
စိတ်ကူး မဆိုးလှတဲ့ စာမူတစ်ပုဒ်ပါ။ အရေးအသားလည်း သင့်ပေမဲ့ အဆုံးပိုင်းမှာ ပေါ့ရွှတ်ရွှတ်နဲ့ အားမရှိ ဖြစ်သွား ရပါတယ်။

၃၀။    ပြိုင်ပွဲ
၃၁။    နောက်ဆုံးစာပိုဒ်
အလင်းဆက်
အတွေးရှိသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အတွေးတွေကို ချရေး ပြရုံသက်သက်နဲ့ ၀တ္ထုမဖြစ်တာကို သတိ ထားစေချင်ပါတယ်။ အရေးအသား အလွန်အမင်းဆန်းသစ်စရာ မလိုပေမဲ့ အနုပညာ ပါပါ ရှင်းရှင်းလင်းလင်း ဖြစ်ရမှာပါ။ တင်ပြပုံလည်း ဒီထက် ဆန်းသစ်စေချင်ပါတယ်။

၃၂။    တောရိုင်းပန်းလေး၏ မနက်ဖြန်
၃၃။    သစ်ရွက်ကြွေသံ
မေနှင်းစက်(အုတ်ဖို)
အရေးအသား အတော်လေးအားနည်းနေသေးတဲ့ စာမူ များဖြစ်ပါတယ်။ တောရိုင်းပန်းလေး... က စာပိုဒ်တောင် မခြားတော့ဘဲ ဇာတ်ကောင်တစ်ကောင်ရဲ့ အပြောတွေကို တန်းစီရေးထားတာမျိုးဖြစ်နေပြီး သစ်ရွက်ကြွေသံ ကတော့ စာညွန့်ဆန်တဲ့ စာမူဖြစ်ပါတယ်။ စာများများဖတ်ပြီးမှ စာရေးဖို့ ကြိုးစားစေချင်ပါတယ်။

၃၄။    ရှေးရှေးတုန်းက ရွှေနှလုံးသား
၃၅။    ငယ်ချစ်ဦး သို့ တမ်းချင်း
ကျိုက်စကောခင်စိုး
အရေးအသား အားနည်းတဲ့ စာမူတွေ ဖြစ်ပါတယ်။ ရှေးရှေးတုန်းက... ကတော့ ဟာသရေးဖို့ ကြိုးစား ထားပေမဲ့ ဟာသမမြောက်ဘဲ စကားပြေ၊ စကားပြောလည်း ရောနေပါတယ်။ ငယ်ချစ်ဦး... က သာမန် အချစ်ဝတ္ထုဖြစ်ပြီး အရေးအသား ပျင်းစရာကောင်းပါတယ်။

၃၆။    ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ငြား လူဟုမခေါ်ပါ
၃၇။    တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ပါ
သီသီဟန်(ကျိုက်ထို)
အခု အချိန်ထိ စကားပြေ၊ စကားပြော ရောထွေး နေဆဲပဲ ဖြစ်ပါတယ်။ ပုခုံး နှစ်ဖက်ကြား... က စာလုံးပေါင်း မှားနေပါတယ်။ အပြန်အလှန် စကားပြောကို အားပြု ရေးထားပြီး အရေးအသားကလည်း မသွက်လက်ပါဘူး။ တိုက်ဆိုင်မှု... ကတော့ စာရေးဆရာနဲ့ ဇာတ်ကောင်တွေ အကြောင်း ရေးလို ရင်းဖြစ်ပေမဲ့ မပီပြင်ပါဘူး။

၃၈။    ကောင်းကင် မသိတဲ့ကြယ်
ကွန်(၀တီ)
လူငယ်တွေ အတွက် ပညာပေး လိုတဲ့ စိတ်ကူးနဲ့ ရေးဖွဲ့ ထားပြီး အနုပညာ အားနည်းတဲ့ စာမူဖြစ်ပါတယ်။

၃၉။    ပိတောက်လမ်းမှာ မိုးတွေရွာ
၄၀။    အပစ်ပယ်ခံဘ၀များမှ
၄၁။    ဆူးချုံတောမှ စမ်းချောင်းလေး
ပြုံးနွဲ့နွဲ့ဝါ
အရေးအသား ပြေပြစ်ပေမဲ့ ရိုးစင်းပြီး ထူးခြားမှု မရှိတဲ့ စာမူတွေ ဖြစ်ပါတယ်။ ပိတောက်လမ်းမှာ... က ကိုယ့် စိတ်နဲ့ အခန့် မသင့်သူကို အမှား လုပ်တယ်လို့ မြင်ခဲ့ပေမဲ့ မဟုတ်တဲ့ အကြောင်း သိလိုက်ရတဲ့ ဇာတ်လမ်းသာ ဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။ အပစ်ပယ်ခံ... ကလည်း ရုပ်ရှင်ဆန်လှတဲ့ ဇာတ်ကွက် ဖြစ်နေပါတယ်။ ဆူးချုံတော... ကတော့ ကျေး လက်နောက်ခံ အိမ်ထောင်ရေး ဇာတ်တစ်ခုဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။

၄၂။    ပန်းတော ဖော်မယ့်ဆေး
ဇော်ယု
ကျေးလက်လူမိုက် တချို့အကြောင်း ရေးထားတာဖြစ်ပြီး အပြန်အလှန် စကားပြောကိုပဲ အားပြုထားပါတယ်။ စာများများ ဖတ်ပါဦး။

၄၃။    ပန်းခရေ
ဆည်းလည်း
စာပိုဒ် မခွဲဘဲ အပြန်အလှန် စကားပြော အားပြုထားတဲ့ စာမူ တစ်ပုဒ်ပါ။ စာများများ ဖတ်ပြီးမှ စာရေး စေချင်ပါတယ်။
၄၄။    မိတ်ဆွေကောင်း
သုမေတ္တာ
ဆောင်းပါးစာမူ တစ်ပုဒ်ဖြစ်ပြီး ရွှေအသစ် ကဏ္ဍနဲ့ မကိုက်ညီပါ။

၄၅။    လင်းအောင်တီး၍ လင်းအောင်ကမယ်
၄၆။    အရပ်ထဲက ပြောကြပါတယ်
၄၇။    မလွမ်းချင်ဘူး ပုံတောင်ရယ်
မောင်လေးငွေ(ပုံတောင်မြေ)
ခေတ်မီတော့တဲ့ အရေးအသား ပုံစံမျိုးနဲ့ ရေးဖွဲ့ထားတဲ့ စာမူတွေ ဖြစ်ပါတယ်။ အကြောင်းအရာတွေ အားလုံးကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတွေ့အကြုံအပေါ်မှာ အခြေခံ ထားတာမို့ ဆွဲဆောင်မှု အားနည်းပါတယ်။ လင်းအောင်တီး၍... က ပုံတောင်မြေရဲ့ အလှူနောက်ခံဖြစ်ပြီး အရပ်ထဲက... ကလည်း ကျေးလက်ဇာတ်ပွဲ တစ်ခု ပြင်ဆင်ပုံ အကြောင်းအရာ ဖြစ်ပါတယ်။ မလွမ်းချင်ဘူး... ကတော့ ရှင်ပြုနောက်ခံ ရုပ်ရှင်ဆန်တဲ့ ဇာတ်မျိုး ဖြစ်နေပါတယ်။

၄၈။    စမ်းချောင်းကလေး ကျဉ်းလှတယ် မြစ်လောက်သူ မကျယ်
တစ်ပြည်လုံးပိုင်
အရေးအသား ရိုးစင်းပြီး တင်ပြပုံ ဆွဲဆောင်မှု အားနည်းတဲ့ မိဘ မေတ္တာဘွဲ့ ဖြစ်ပါတယ်။

၄၉။    ပြန်ညှိရမည့် ကာရံများ
နေခြည်ထွန်းလွင်(သနပ္ပင်)
တရားသူကြီး တစ်ယောက်ရဲ့ အိမ်ထောင်ရေး အဆင်မပြေ တဲ့ စုံတွဲများကို ဥပဒေကြောင်း အရ ရင်ဆိုင်ရာမှာ ပါဝင်ခဲ့ရပုံ အကြောင်း ရေးဖွဲ့ထားတာဖြစ်ပြီး အရေးအသား အားနည်းတဲ့ အတွက် ဆွဲဆောင်မှု နည်းသွားပါတယ်။
၅၀။    သီအိုရီအလွဲ
၅၁။    ခေါင်းကြီး
လင်းထွဋ်လင်း
အရေးအသား လက်မငြိမ်သေးတဲ့ ကလောင် ဖြစ်ပါတယ်။ အပြန်အလှန် စကားပြောများပြီး အရေးအဖွဲ့အားနည်း နေပါတယ်။ ခေါင်းကြီးက အားနည်းပေမဲ့ သီအိုရီ အလွဲ ကတော့ သင့်တော်တာမို့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြပေး လိုက်ပါတယ်။

၅၂။    ကောက်ကြောင်းလွဲတဲ့နွေ
၅၃။    လှိုင်းလေငြိမ်သက်သွားသော်လည်း
၅၄။    သက်မဲ့ကမ္ဘာထဲက ကဗျာတို့၏ အတ္ထုပ္ပတ္တိ
ဇွဲဝေဇင်(မြင်းခြံ)
ကောက်ကြောင်းလွဲ... က အချစ်ဝတ္ထု ဖြစ်ပြီး ရိုးစင်း လှပါတယ်။ လှိုင်းလေငြိမ်သက်... ကတော့ ဆင်းရဲတကာ့ ထိပ်ခေါင်တွေ အကြောင်းဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။ သက်မဲ့ ကမ္ဘာထဲက... ကိုတော့ သိပ်စိတ်တိုင်း မကျလှပေမဲ့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြ ပေးလိုက်ပါတယ်။

၅၅။    ရခဲလှတဲ့ လူ့ဘဝ
၅၆။    ဝေးရပြီကောကွယ်
အယ်ကော်
လက်ရေးလက်သား ဒီထက်သပ်ရပ်ရင် ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။ ဝေးရပြီကောကွယ် က ဇာတ်နာတဲ့ မိသားစု ဇာတ်လမ်းဖြစ်ပြီး အနုပညာ အားနည်းနေပါတယ်။ ရခဲလှတဲ့ လူ့ဘ၀ ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြ ပေးလိုက်ပါတယ်။

နောက်ထပ် ဆရာ ဦးဝင်းငြိမ်းထံ တင်ပြပေးလိုက်တဲ့ စာမူတွေကတော့-
-လင်းယဉ်နွဲ့(မြို့သစ်ကလေး) ရဲ့ လေပုပ်ထုတ်တဲ့စက်
-ဆွေဝင်း(တောင်တွင်း) ရဲ့ လက်သင့်ခံ၏ မခံ၏
-လူဘုန်းဦး ရဲ့ နေ့တစ်နေ့ရဲ့ဒိုင်ယာရီ
-ရှဥ့်ညိုလေး ရဲ့ ခုထိအောင်လည်း တို့ ဖြစ်ပါတယ်။

ဒီလ ဆန်ခါတင် စာရင်းမှာ ၀ါသနာရှင်များရဲ့ ၀တ္ထုတို ၇ ပုဒ် တက်လာပါတယ်။ ဆရာမ မသီတာ(စမ်းချောင်း)က  အတန်အသင့် ဖတ်ပျော်တဲ့ ၀တ္ထုများကို တင်ပေးလိုက်တာ ဖြစ် ပေမဲ့ ကျွန်တော်ကတော့ ဒေါင်ဒေါင်မြည်များကိုသာ ရွေးချယ် ဖော်ပြချင်ပါတယ်။ ဒါကြောင့် ဆန်ခါတင် ၇ ပုဒ်ကို ဖတ် ကြည့်လိုက်တဲ့ အခါ...
ဆရာ ဆွေဝင်း(တောင်တွင်း)ရဲ့ “လက်သင့်ခံ၏ မခံ၏” ၀တ္ထုတိုက ကျေးလက်မှာ ကျေးရွာဥက္ကဋ္ဌက သူ့ရွာ အတွက် ဘောလုံးပွဲ ကျင်းပပုံကို ရေးဖွဲ့ထားခြင်း ဖြစ်ပါတယ်။ ဒီဝတ္ထု ပို့ထားတာ ၂၀၁၀ ခုနှစ်က ဖြစ်တော့ နိုင်ငံရေးကို ရေးချင်တာ ဖြစ်ပြီး ရေးလို့ရအောင် ဘောလုံး အသင်းနဲ့ တင်စား ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ အရေးအသား မရှင်းလင်းပါ။ ဒါကြောင့် ကျွန်တော် မသုံးဖြစ်ပါဘူး။

ဆရာ ဇွဲဝေဇင်(မြင်းခြံ)ရဲ့ “သက်မဲ့ကမ္ဘာထဲက ကဗျာတို့ ၏ အတ္ထုပ္ပတ္တိ”၀တ္ထုတိုလေးက ကလေးတစ်ယောက် မွေးနေ့ လက်ဆောင် အဖြစ်ရတဲ့ သက်မဲ့ ပစ္စည်းကလေးများကို ဇာတ်ကောင်အဖြစ် ထားပြီး ရေးထားတာ ဖြစ်ပါတယ်။ စိတ်ကူး ကောင်းပေမဲ့ စိတ်ဝင်စားစရာ မရှိပါ။

ဆရာ အယ်ကော်ရဲ့ “ရခဲလှတဲ့ လူ့ဘ၀”၀တ္ထုကတော့ ပစ္စည်းဥစ္စာ ပြည့်စုံပြီး မတောင့်မတရှိတဲ့ဘ၀မှာ သားသမီး မထွန်းကားတဲ့ အတွက် စိတ်ပျက်ရပုံ၊ နည်းမျိုးစုံနဲ့ ကြိုးစားပေမဲ့ ကလေး ပျက်သွားပုံကို ရေးထားခြင်း ဖြစ်ပါတယ်။ သမားရိုးကျ ဇာတ်လမ်းပါ။ ရေးထားပုံကလည်း ရိုးရိုးစင်းစင်း ဖြစ်တာကြောင့် ဆရာ အယ်ကော် အနေနဲ့ ဒီထက်ပိုပြီး ကောင်းတဲ့ ၀တ္ထုတွေကို ရေးစေချင်ပါတယ်။

ဆရာမ လင်းယဉ်နွဲ့(မြို့သစ်ကလေး)ရဲ့ “လေပုပ်ထုတ် စက်”ကတော့ အပြောနဲ့အဟော မညီသူတစ်ယောက် အကြောင်းကို ရေးထားတာပါ။ သူတို့ရွာကို လာစဉ်က တစ်သက်လုံး သက်သတ်လွတ် စားတယ်လို့ ကြွေးကြော်သွားတဲ့ တစ်ရွာသားက သူ့မြို့မှာတော့ ပိုးသတ်ဆေးရောင်းနေတာကို ရေးဖွဲ့ထား ခြင်း ဖြစ်ပါတယ်။ ကျွန်တော့်စိတ်ကြိုက် မတွေ့ပါ။

ဆရာ ရှဥ့်ညိုလေး ရေးသားတဲ့ “ခုထိအောင်လည်း...” ကတော့ ရွှေနှလုံးသား ၀တ္ထု ဖြစ်တာကြောင့် သင့်တော်ရာ လမှာ ဖော်ပြပေးပါမယ်။ ဒါကြောင့် ကျန် ၂ ပုဒ်ဖြစ်တဲ့ ဆရာ လူဘုန်းဦးရဲ့ “နေ့တစ်နေ့ရဲ့ ဒိုင်ယာရီ”နဲ့ ဆရာ လင်းထွဋ်လင်းရဲ့ “သီအိုရီအလွဲ”တို့ကို ဒီလ ရွှေအသစ်များ အဖြစ် ရွေးချယ် ဖော်ပြ ပေးလိုက်ပါတယ်။

ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

 


ဝင်းငြိမ်း
About the author: