အမေ့ရဲ့ အိမ် PDF Print E-mail
Written by စောဝေ   
Thursday, 16 August 2012 12:12
Share |

လောကရဲ့လမ်းများအပေါ် လျှောက်သွားရင်းနဲ့ မောပန်းနွမ်းနယ်၊ နှလုံး သားက လွမ်းဆွတ်လို့ တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို၊ အေးမြတဲ့ အမေ့ရဲ့ မေတ္တာ ရိပ်နဲ့ဝေးခဲ့သူမို့၊ တစ်ခါတလေ ပြန်လည်တွေး ရင်မှာ ပိုကြေကွဲ။ ခြောက်သွေ့တဲ့ အိပ်မက် ရှည်တွေကြားထဲမှာ အရိပ်တစ်ခု လွင့်ပြယ်၊ ရက်စက်တဲ့ နေ့ရက်များ တိုက်ခိုက်ကြလို့ အားနည်း နေပြီဆို၊ တင်းထားတဲ့ စိတ်ဓာတ်များ ပြိုလဲသွား မလား စိုးရိမ်လို့၊ ရင်မှာ ဒဏ်ရာများနဲ့ နာကျင်နေပြီပဲ။

cialis generic vs brandorder cialis online no prescription buy viagra canada buy cialis Canada
argaiv1124

အိမ်ပြန်ချင်တယ်ဟူး ငြိမ်းချမ်းဆုံး အမေ့အိမ်။ အိမ်ပြန်ချင်တယ် ဟူး... အနွေးထွေးဆုံး အမေ့အိမ်။အိပ်မရတဲ့ညများစွာထဲ အိုရထား ဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်က တားမရဘူး။ မွန်းကျပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ စီးမျောရင်းနဲ့ပဲ မပြီးသေး တဲ့ ခရီးတစ်ခု အဆုံးထိရောက်ဖို့ ကြိုးစားနေသူမှာ ရိုးသားတဲ့ကျေးလက်က အမေ့အိမ်လေးအကြောင်း တွေးမိနေလို့ မြင်ယောင် လာ အိပ်မက် ကျွန်တော် အလိုလို ငိုချင်တယ်။ အိမ်ပြန်ချင်တယ် ဟူးအငြိမ်းချမ်းဆုံး အမေ့အိမ်၊ အိမ်ပြန်ချင်တယ်ဟူး အနွေးထွေးဆုံး အမေ့အိမ်၊ အိပ်မရတဲ့ ညများစွာထဲ အိုရထား ဥသြသံများ ကြားရင်အိမ်ပြန်ချင်တဲ့စိတ်က တားမရဘူး။ အား လုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ အမေ့အိမ် ပဲလို့သိလိုက်ရတဲ့ အချိန်ကျတော့ ကျွန်တော်ဟာ ဟိုးအဝေးကြီးမှာ ရောက်ရှိနေခဲ့ပါပြီ။
ထူးအိမ်သင်

အားလုံးထက် နွေးထွေး လုံခြုံလွတ်လပ်တဲ့ အိမ်ဟာ အမေ့ရဲ့အိမ်ပဲလို့ သိလိုက်ရချိန်မှာ ထောင် ထဲကို ရောက်နေခဲ့ရပါပြီ အမေ။ ထောင်ထဲမှာ မလွတ်လပ်သမျှ လွတ်လပ်ပြီးပျော်ရွှင်စရာအတိ နဲ့ အမေ့အိမ်ကို အချိန်တိုင်းလွမ်းပါတယ်။ ထောင် ထဲကလွတ်လာတော့ အနှစ်နှစ်ဆယ်ကျော် မရောက်ဖြစ်ခဲ့တဲ့ အမေ့အိမ်ကိုသွားမယ်ပေါ့။ အမေ့ကို လွမ်းပေမဲ့ အမေ့အိမ်ကို ဘာလို့မရောက် လဲဆို အမေ့သားလေး ကျွန်တော်ဟာ အဖေဖြစ် နေခဲ့လို့ပါ။ သမီး နှစ်ယောက်ရဲ့အဖေ အမေ့သား လေးဟာ ရေကြည်ရာ မြက်နုရာ အမေ့ရဲ့အဝေး မှာပေါ့။ ဒီဆင်ခြေဟာ အမေ့ ရွှေသွားလေး ပေါ်အောင် ရယ်ပြီး သားကိုကြိုနေမဲ့ အမေ့အတွက် ကျွန်တော်ရဲ့ အဆင် မပြေလှတဲ့ ဆင်ခြေပေါ့ အမေ။

သမီးနှစ်ယောက်ကို လက်မှာဆွဲပြီး တောင်ငူ မြို့၊ ၁၁ ရပ်ကွက်(အမှိုက်ပုံကုန်း ရပ်ကွက်)၊ ဆရာ ဖြေလမ်း၊ အိမ်အမှတ် ၁၀၈ အမေ့အိမ်ကို အသွား မှာ အမေ့အိမ်ရဲ့ ကျွန်တော့်ငယ်ဘ၀ကို သမီးနှစ် ယောက်ကို စွဲမက်ဖွယ် ပြောပြနေခဲ့တယ်။ ပေ ခြောက်ဆယ် ပတ်လည်လောက်ရှိတဲ့ ခြံလေးထဲ မှာ အမေ့ရဲ့အိမ်က သုံးပင် အဆောင်ကပ် အင်ဖက် မိုးထရံကာပါ။ ခြံဝင်း အပေါက်ကိုတော့ မပြီးရွှေ့ ရတဲ့ ၀ါးကပ်လေး ကာလို့ ဖွင့်လို့ပေါ့။ ၀င်ပေါက် ရဲ့ ဘေးနှစ်ဖက်မှာတော့ စပယ်ပန်းပင်နဲ့ သနပ်ခါးပန်းပင် ရှိတယ်။ ပတ်လည် ခြံစည်းရိုးမှာတော့ ရာသီအလိုက် သီးကြ ပွင့်ကြတဲ့ ကင်းပုံနွယ်၊ ကြက်ဟင်းခါးသီး နွယ်ပင်များနဲ့ အကာအရံ အဖြစ်ပါ အသုံးဝင်တဲ့ ကင်မွန်း ချဉ်ပင်များပေါ့။အပင်ကြီး အနေနဲ့တော့ အုန်းပင်၊ သရက်ပင်၊ မန် ကျည်းပင်၊ မန်ကျည်းပင်ထက်မှာတော့ ဂေါ်သဇင် ပန်းပင်နွယ်များနဲ့ ဂွေးတောက်နွယ်များ။ ပန်းပွင့်ပြီ ဆိုလျှင်ဖြင့် အမေ့ အိမ်ထရံပေါက်က လေ အဝှေ့မှာ ၀င်လာတဲ့ လေတိုင်းပန်းနံ့လေးတွေ မွှေး သီလို့ ပျော်ရွှင်ဖွယ် အိပ်မက်များနဲ့ အိပ်စက်စေပေါ့။

ကျွန်တော်အရွယ်ရောက် လုပ်ငန်းခွင် ၀င်နေတဲ့ အချိန်မှာတောင် အမေမုဆိုးမလေးဟာ သူ့ရဲ့ တစ်ဦးတည်းသော သားငယ်ကို အိုက်ရင်ယပ်ခတ် ပေး၊ ချမ်းရင် စောင်ခြုံပေး၊ တစ်ရေးနိုးထကြည့်၊ အဲဒီလို မေတ္တာရည် ပြည့်လှတဲ့ မိခင်စိတ်မျိုး အမေ့သား ကျွန်တော့်မှာလည်း ကူးစက်လို့ သမီးနှစ် ယောက်ကို အမေ့အတိုင်း ပြုမူမိနေတုန်း။

အမေ မခွာရက်နိုင်တဲ့ အမေ့ရနံ့တွေ လွှမ်း နေတဲ့အမေမြို့၊ တောင်ငူကို ၀င်လာပါပြီ။ သမီး နှစ်ယောက်ကို ကျွန်တော့်ရဲ့ပထမဦးဆုံး စာမူ ပုံနှိပ် ဖော်ပြခံရတဲ့ ၁၉၈၄ ခု၊ ဒီဇင်ဘာလထုတ် စာပေ လုပ်သား မဂ္ဂဇင်းမှာ ပါလာတုန်းက အကြောင်း ပြောနေမိတယ်။

ကျွန်တော်က ဖြူးမြို့ တယ်လီဖုန်း ဆက်သွယ်ရေးမှာ တာဝန်ကျနေချိန် စာတိုက်ကို စာမူခနဲ့ မဂ္ဂဇင်း စာအုပ်ရောက်လာတော့ စာမူခတစ်ရာ့ ငါးဆယ်ကိုထုတ်၊ မန်းနီးအော်ဒါဖြတ်ပိုင်း နီညိုရောင် လေးကို မဂ္ဂဇင်း စာအုပ်မှာညှပ်၊ ညနေစာပို့ ရထားနဲ့ အမေရှိရာ တောင်ငူမြို့က အမှိုက်ပုံကုန်း ရပ်ကွက်
ကို သွားတာပေါ့။ မမှောင့်တမှောင်လေးမှာ အမေ့ အိမ်ကို ရောက်ပါတယ်။ အင်မတန်မှ ၀မ်းသာနေ တဲ့ ကျွန်တော့်မျက်နှာကို ကြည့်ပြီး အမေပျော်နေ လိုက်တာများ။ အမေ့လက်ရာ အိမ်ထမင်း၊ အိမ် ဟင်းကို အမေ့ဆီ ကျွန်တော် ပြန်တယ်ဆို အမေက ကျွေးနေကျ။ အမေချက်တဲ့ ဘာဟင်းထမင်းမဆို ကျွန်တော်က အဝေးက အမေ့ဆီရောက်ရင်စားနေ ကျ။ ကျွန်တော်မြိန်ရှက်စွာပဲ စားနေလိုက်ပါ တယ်။ ကျွန်တော်စားနေချိန်မှာ ကျွန်တော်ပေး လိုက်တဲ့ မဂ္ဂဇင်းထဲက ကျွန်တော့်ဝတ္ထုကို အမေ ဖတ်ပါတယ်။ စာမူခနဲ့ မန်နီအော်ဒါဖြတ်ပိုင်းလေး ကို စာအုပ်မှာညှပ်လို့ပေါ့။ ကျွန်တော်ပျော်တာနဲ့ အမေပျော်နေတာ ထပ်တူပါပဲ။ ကျွန်တော်လည်း ထမင်းစားပြီး သိမ်းဆည်းနေတုန်းအမေက “သား၊ အမေ အပြင်ခဏ သွားဦးမယ်။ မင်းတူ၊ တူမတွေနဲ့ အိမ်မှာနေဦး”ဆိုပြီး မဂ္ဂဇင်းစာအုပ် လေးချိုင်းမှာညှပ်ပြီး ထွက်သွားလိုက်တာ ည ဆယ်နာရီကျော်မှ အိမ်ပြန်လာတယ်။

မအိပ်မချင်း ပါးနမ်းလိုက်၊ နဖူးနမ်းလိုက်၊ သားရဲ့လက်ကလေးကို ကိုင်လိုက်၊ ဆုပ်လိုက်၊ ဖြန့်လိုက်၊ သားရဲ့အောင်မြင်မှုကို ဂုဏ်ပြုနေတာ။ အိပ်ခါနီးတော့ “သားက ငယ်ငယ်ကတည်းက အမေ သိပြီးသား၊ လက်ဆံခြေဆံတွေက အနုပညာ သမားဖြစ်မဲ့ လူဆိုတာ အနုပညာဆိုတာ ရင် ဘတ်ရော ခေါင်းပါ များများသုံးနော်၊ ငါ့သားဟာ တစ်နေ့ အောင်မြင်မှာ” မနက် ၆ နာရီလောက်ကျ တော့ အမေ့ဖောက်သည် ပဲပြုတ်သည် မဆောင်းတင်ကို ပြောနေတာ ကျွန်တော် အိပ်ရာထဲက ကြားတယ်။ “ဆောင်းတင်၊ ငါ့သားက စာရေးဆရာ ဖြစ်ပြီ၊ ဒီမှာတွေ့လား၊ စာပေလုပ်သား မဂ္ဂဇင်းကြီးကတောင် ရွေးရတာ၊ စာမူခကလည်း တစ်ရာ့ ငါးဆယ်ကြီးတောင်” ပြီးတော့ အမေ့သား ကျွန်တော်ကပဲ ဒီဝတ္ထုလေး တစ်ပုဒ်ပါတာနဲ့ မနက် ဖြန်သန်ဘက် တိုင်းပြည်ကြီးကို ပြောင်းလဲပစ်နိုင်တော့မယ့် အတိုင်း၊ အဲဒီမှာ ကျွန်တော်သိသွားပါ ပြီ။ အမေ ညက တစ်ညလုံး ရပ်ကွက်ထဲက အိမ် ပေါက်စေ့လောက် လိုက်ကြွားထားပြီ ဆိုတာ။

ကျွန်တော် ရပ်ကွက်ထဲက ငယ်သူငယ်ချင်း တွေဆီ မသွားဝံ့တော့ပါ။ အမေကြွားထားမှာ သေချာနေတဲ့ အတွက် ကျွန်တော် ရှက်ပါတယ်။ အမေ့ကို ပထမဆုံးပါတဲ့မဂ္ဂဇင်းနဲ့ စာမူခကို ကန်တော့ပြီး ကျွန်တော် ဖြူးပြန်ပါတယ်။ အမေပေးတဲ့ ဆုကတော့ ညကအတိုင်း “အနုပညာကို ရင်ဘတ်နဲ့ ခေါင်းများများ အသုံးပြုပြီး တိုင်းပြည် အကျိုးပြုနိုင်ပါစေ”တဲ့။

သမီးတွေကို ပြောပြရင်း လာလိုက်တာ ရပ်ကွက်ထဲ ၀င်ပြီ အမေ။ တောင်ငူရွှေဆံတော် ဘု ရားကြီးက ကျွန်တော် ငယ်ငယ်ကလို သစ်စေး အမည်းတွေနဲ့ မဟုတ်တော့ဘဲ ရွှေတွေဝင်းလို့ အိလို့၊ သပ္ပာယ်လိုက်တာ။ ဆရာဖြေလမ်းပေါ် ရောက် တော့ ငယ်ငယ်က အမေ့ကို အမေလိုက်ရှာရင် ဒန့်ကျွဲပင်တွေထဲ ပုန်းပြီး“၀ါး” လို့လုပ်တာ၊ ဗာဒံပင်ပေါ် တက်ပြီး အမေ အော်ခေါ်နေရင် မထူးဘဲ ငြိမ်နေပြီး အမေအနားရောက်မှ“၀ါး”ဆို ခုန်ချတာ၊ အမေကတော့ စိတ်ပူလိုက် ပျော်လိုက်ပေါ့။ မှတ်မှတ်ရရ အမေဟာ ကျွန်တော်နာကျင်ခံစားရ အောင် တစ်ခါမှ မရိုက်ဖူးတာပဲ။ ဒီတော့ သမီး တွေက ပေါ်ကြီးကကျတော့ သမီးတို့ကိုရိုက်တယ် တဲ့။ ပေါ်ကြီးငယ်ငယ်က လိမ္မာပြီး သမီးတို့က မလိမ္မာလို့ပေါ့လို့ ပြောရတယ်။

အမေ့အိမ်ရှေ့ရောက်ပြီဆိုရင် အပေါက်ကနေ အမေလို့ ၀မ်းခေါင်းသံကြီး နဲ့ ခေါ်နေကျ။ အမေ ကလည်း အဝေးရောက်နေတဲ့ သားရဲ့အသံကြားရင် ငါ့သားလာပြီဆို ထွက်ကြိုနေကျ။ အခုတော့ အမေ့မြေးနှစ်ယောက်နဲ့ ကျွန်တော် အမေလို့ ဖွဖွတိုးညင်းခေါ်လိုက်မိတယ်။

အမေ့အိမ်ပါ၊ အမေ့ခြံပါ။ ဒါပေမဲ့အမေတော့ မရှိတော့ဘူး။ သီးပင် စားပင် အကြီးတွေ၊ အုန်းပင် တွေက အရင်ကထက်ပိုကြီးပြီး အရင်အတိုင်း ပန်းပင်တွေကတော့ ရာသီအလိုက် ပြောင်းလွဲလို့ အင်ဖက်မိုးထရံကာ အမေ့အိမ်မဟုတ်ဘဲ သွပ်မိုး နှစ်ထပ်၊ အာစီတိုက်လေး၊ အမေမရှိတော့ပေမဲ့ အမေ့အနံ့နဲ့ရောပြီး စပယ်နံ့လေးရသလိုလိုပဲ။ အမေဟာ ၂၇.၀၄.၁၉၈၈မှာ အဆုတ်ကင်ဆာ ရောဂါနဲ့ ဆုံးပါးခဲ့ရပါပြီ။ အမေမရှိတော့တဲ့အခါ အမေ့အိမ်လေးကို လွှဲပြောင်းရောင်းချခဲ့ပြီး ၂၃ နှစ်ကြာ ကျွန်တော် ထောင်ကလွတ်ပါမှ ပြန် ရောက်ခဲ့တာပါ။ အမေဆုံးပြီး ရက်လည်ဆွမ်း သွတ်နေ့က အမေ့တူ၊ တူမတွေ၊ အမေ့ညီမ၊ အမေ့ မြေးတွေရှေ့မှာ အမေ့ရဲ့ တစ်လုံးတည်းသော သံသေတ္တာကိုဖွင့်ကြပါတယ်။ လှူမဲ့ပစ္စည်းသတ် သတ်၊ အမှတ်တရ ယူမဲ့ ပစ္စည်း သက်သက်ပုံ ကြပေါ့။

ကျွန်တော်က မျှော်လင့် ထားပြီးသားပါ။ ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ် ဖော်ပြခံရတဲ့ မဂ္ဂဇင်း
စာအုပ်လေးဟာ ခန့်ချုပ်ချုပ်ပြီး အမေသိမ်းထား မယ်ဆိုတာ။ ဒါပေမဲ့ အမေရယ် ကျွန်တော်လုံး လုံးမမျှော်လင့်ထားတာက အဲဒီစာပေ လုပ်သား မဂ္ဂဇင်းစာအုပ်ထဲမှာ ညှပ်လျက် ရှိနေတဲ့ စာမူခ ၁၅၀ ကျပ်နဲ့ မန်နီ အော်ဒါဖြတ်ပိုင်းပါ။ ကျွန်တော် မျက်ရည်တွေနဲ့ အတူ ကဗျာတစ်ပုဒ်ပါ ထွက်ကျ လာခဲ့တယ်။

“အမေ”
ချောင်းသံတွေကြားက
ကျောင်းမှန်မှန်သွား သားတဲ့
တစ်သက်စာအား အမေထားလို့သွား။

အမေသာ အသက် ထင်ရှားရှိနေသေးရင် နိုင်ငံတကာ ရွှေကလောင်ဆုနဲ့ ပြည်တွင်းဆုတွေ ဆုကြေး သိန်းဂဏန်း အမေ မြင်ရရင်၊ တွေ့ရရင် အမေ့သားအတွက် အမေ ဘယ်လောက်ဂုဏ်ယူ လိုက်မလဲ။ စဉ်းစားရင်းတောင် အမေ ကျွန်တော့် ပါးကို လာမွှေးသလိုပဲ ကြက်သီးထမိတယ်။

အမေ မရှိတဲ့ အမေ့အိမ်ကို အမေ့ မြေးနှစ်ယောက်ကိုပြ။ ကျွန်တော်လည်း အမေ့အိမ် အလွမ်းဖြေပြီး ပြန်ကြတော့ တောင်ငူမြို့ကြီးက ညဥ့်နက်တိတ်ဆိတ် နှုတ်ဆက်နေပါပြီ။ သမီးတွေ ရယ်၊ ဇနီးရယ် ရှိနေပေမဲ့ အမေ မရှိတော့ ကျွန်တော် အထီး ကျန်ဆဲပါ အမေရယ်။

အမေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးမစကားကို နားမထောင်ခဲ့မိလို့ ထောင်ထဲရောက်ခဲ့ရတယ် အမေ။ အမေသားကို ခွင့်လွှတ်ပါ။
“သား နိုင်ငံရေးဆိုတာ ခေါင်းတစ်ခုတည်း လုပ်နိုင်မှလုပ်၊ ရင်ဘတ်မပါစေနဲ့၊ ရင်ဘတ်ပါရင် ခံရပြီသာမှတ်” သိပ်မှန်တာပဲ အမေရယ်၊ အမေ့ စကား နားမထောင်မိတဲ့ သားမိုက်ပါ။

အမေတွေဆိုတာ
သားရဲ့ မြင့်မြတ်မှုတိုင်းအတွက်
ထာဝရ အထက်တန်းစား
သုခမိန်ဖြစ်တယ်။
ဒီကဗျာလေးနဲ့ အမေ့ကို ကန်တော့လိုက် ပါတယ်။ အမေ ကောင်းမွန်ရာဘုံဘ၀က သားကို ဂုဏ်ပြုအနမ်းပေးလှည့်ပါ။ ကျွန်တော် အနုပညာနဲ့ တိုင်းပြည်အရေး အစွမ်းကုန်ဆောင်ရွက်ပါ့မယ်လို့ ကတိပြုပါတယ်။ အမေဟာ ကျွန်တော် အသက် ရှင်သရွေ့ မရှိမဖြစ် မေတ္တာတရားပါ။
(အမေကွယ်လွန်ခြင်း ၂၄ နှစ်ပြည့် အမှတ်တရ)

စောဝေ
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)