သတ္တုသိုက်ထဲမှာ စပီမူးတဲ့ မြစ်ဆုံ PDF Print E-mail
Written by ဆွေမြင့်စော   
Tuesday, 04 September 2012 14:22
Share |

ကိုယ့်အနားမှာ ရှိနေတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာ ဘာတွေ ရှိနေခဲ့လဲ ဆိုတာ မကြည့်တတ်ခဲ့ တာမျိုး၊ အမှတ်တမဲ့ နေမိတာမျိုး ကြုံဖူးကြမှာပါ။ ကျွန်တော်တို့ဟာ ဘ၀ရဲ့ဖြစ်တည်မှု အမှုန် အမွှားထဲ ရွေ့လျားနေကြရတဲ့ သက်တံတွေလား။

cheap cialis no prescriptioncialis 40mg viagra online here buy brand cialis
argaiv1585

ရေစက်ရှိသမျှ တွေ့၊ ကြုံ၊ ဆုံ၊ ကွဲ လူ့ဘ၀များထဲ သူလိုငါလို ခင်မင် ရင်းနှီးမှုမျိုးထက် ခင်ခင်မွတ် မွတ် လက်တွဲခဲ့တဲ့ လူတစ်ယောက် ညီအစ်ကိုလို၊ သူငယ်ချင်းလို ပေါင်းဖက် တွေ့မိကြတဲ့ အနုပညာ သွေးဟာ အံ့သြစရာ။

သူက အသက် ၅၀ ကျော်၊ ၆၀ နားနီး လူ တစ်ယောက်။ ကျွန်တော်က သူ့အသက်တစ်ဝက် မှာ ခေတ်လေရှူနေတဲ့ အသက် ၃၀ ရောက်တော့ မဲ့လူငယ်။ အသက်ခေါက်ချိုးကွာတဲ့ လူသား နှစ်ယောက် အနုပညာ လောကထဲမှာ ဆူလိုက်၊ ဟဲလိုက်၊ ရယ်လိုက်၊ မောလိုက် ဘ၀ကို သတ္တုသိုက်လို တူးဖော် ဖြတ်သန်းခဲ့ကြတာ။

သူ့အမည်ရင်းက ဦးဝင်းဆွေ။ ကျွန်တော် အဲဒီနာမည်ကို သိသာသိနေရဲ့။ ကျွန်တော်နဲ့ နည်းနည်းစိမ်းတယ်။ ကျွန်တော်သိတာ၊ ကျွန်တော် အကျွမ်းတ၀င်ရှိနေတာက သူ့ကလောင်နာမည် “တင်နွမ်းလွင်”။
ကျွန်တော့် မှတ်ဉဏ်သာ အမှတ်အသား မမှားဘူးဆိုရင် သူ့ကို ရင်းနှီးကျွမ်းဝင်ခဲ့တာ ၂၀၀၂-၂၀၀၃ ၀န်းကျင်တွေမှာ ဖြစ်မှာပဲ။ သူနဲ့ စတင်မိတ်ဆက်ခင်မင်ရင်းနှီးခွင့် ဖန်တီးပေးခဲ့သူက ကိုလင်းသော်ဝေ။ အခုတော့ ကိုလင်းသော်ဝေဟာ မြစ်ရေမှာ လရောင်နဲ့ ကျောက်ဆူးချသွားခဲ့ပြီ။

အဲဒီကာလတွေတုန်းက ကျွန်တော်က ရေးသမျှမပါတာ များသေးတဲ့ လူငယ်လေး တစ်ယောက်။ ဘ၀နဲ့ အနုပညာလမ်းမှာ/ လက်ဆုံလမ်းခွမှာ ရပ်နေမိတဲ့သူပေါ့။ အဲဒီ အချိန်မှာ ကိုတင်နွမ်းလွင်က ဆိုက်ကားနင်းနေ တယ်။ သူစာတွေ ရေးတယ်ဆိုတာပဲ သိတယ်။ သူဘာတွေရေးနေခဲ့တယ်ဆိုတာ ကျွန်တော် မသိ ခဲ့ဘူး။

အဲဒီတုန်းက ကျွန်တော်က မြစ်ကြီးနားည ဈေးတန်းမှာ ဈေးကြမ်းပိုး။ ညနေ ၅ နာရီလောက် ကနေ မနက် ၅ နာရီအချိန်ထိ မြစ်ကြီးနား မိုးမလင်းဈေးမှာ ထမင်းကြော်ရောင်းတယ်။ အစ်မတွေ ဖွင့်ထားတဲ့ဆိုင်မှာ ၀င်ကူရောင်းတာ ပေါ့။ နေ့ခင်းဘက်မှာတော့ ကျွန်တော်ဟာ ဇီးကွက်တစ်ကောင်လို သိုးနေအောင် အိပ်ပေါ့။
အဲဒီမှာ ညညတွေဆို သူလာလာတတ်တယ်။ သူကလည်း လူရှင်းချိန်ထိ စောင့်နေတတ်တယ်။ ပြီးတာနဲ့ နှစ်ယောက်သား မြစ်ရဲ့အငွေ့အသက် တွေ၊ ဘ၀ရဲ့ချွေးစက်တွေကြားထဲမှာ မေ မပြေ နိုင်တဲ့ အနုပညာအကြောင်းတွေ ကရားရေလွှတ် ပြောလို့ဆိုလို့။ ကျွန်တော်က နားထောင်ပေးရုံ သက်သက်ပါ။ အဲဒီကတည်းက သူက ညဈေး တန်း ၀တ္ထုတိုလေးတွေရေးဖို့ တိုက်တွန်းခဲ့ပါရဲ့။

နောက်တော့ ဒီလိုပါပဲ။ ကျွန်တော်က စာရေးဖို့ ၀ါသနာကို မီးထွန်းရှာစ။ သူက မီးထွန်း ပြီးတဲ့သူ။ သူဘာတွေ ရေးလဲဆိုတာ မသိခဲ့ပေမဲ့ သူ့ရင်ဘတ်ထဲထိ ငုံ့မကြည့်တတ်ခဲ့တဲ့သူဟာ ကျွန်တော်ပေါ့။ ကျွန်တော် စာတွေဖတ်တယ်၊ လေ့လာတယ်၊ သင်ယူတယ်။ ဒါပေမဲ့ ဘေးနားမှာ ကျွန်တော် ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်နဲ့တူတဲ့ လူ တစ်ယောက်ရှိနေခဲ့တယ်ဆိုတာ ကျွန်တော် မသိ ခဲ့တာ နောင်တရလို့ မဆုံးဘူး။

တကယ်တော့ ကျွန်တော်ဟာ ငတုံးပဲ။ ကျဉ်းကျပ် ပိတ်လှောင်နေတဲ့ လူတစ်ယောက် ပဲ။
ကိုတင်နွမ်းလွင်ရဲ့ စာတွေ မဂ္ဂဇင်းတွေမှာ ပါတယ်။ ဘယ်မှာ သူ့ကဗျာလေးတွေ ပါတယ်ဆိုတာ သိနေရပေမဲ့ ကျွန်တော် ရင်မခုန်တတ်ခဲ့ ဘူး။ ဘယ်မဂ္ဂဇင်းမှာ ပါလို့၊ ဘယ်စာစောင်မှာ ပါလို့ သူ့စာတွေက ဒီလိုဟိုလို စာတွေပဲ နေမှာပါ၊ ငါတို့နဲ့ လိုင်းမတူပါဘူး၊ မဖတ်တော့ပါဘူး။ အဲဒီ အတွေးတွေက ကျွန်တော့် အတ္တတွေပေါ့။ ဒီတော့လည်း ကျွန်တော့်ဘေးမှာ ရှိနေတဲ့ လူတစ်ယောက်ကို ချစ်နေနိုင်ရုံ၊ ခင်မင်စွဲ ရှိနေရုံက လွဲလို့ သူ့စာ မျက်နှာတွေကို ဖွင့်မကြည့်မိခဲ့ဘူး။

သူ့စာကို မှတ်မိနေတာဆိုလို့ နွယ်နီမဂ္ဂဇင်း မှာပါတဲ့ ဥတုအပျိုစင် မှော်ဝင်္ကပါ ဆိုတဲ့ ကဗျာ ရှည်နဲ့ တခြားကဗျာတို သုံးလေးပုဒ်ပဲ ရှိခဲ့တယ်။
“ကျောက်ရောင်း ကျောက်ဝယ်
ကျောက်သယ်တဲ့သူ
ရေငုပ်ကျင်း၊ ကုန်းကျင်း
ကျောက်တွင်း တူးတဲ့သူ
အနယ်နယ်အရပ်ရပ်
ဖားကန့်ကပ်သူတွေ
ဖတ်ဖတ်မောနေ
ငွေ...
ငွေ...
ငွေ...။”
(ဥတုအပျိုစင် မှော်ဝင်္ကပါ-မှ)

ငှက်ဖျားလက်ဆောင် ပိုက်ပြီး ကျောက်လှောင်အိမ်က ပြန်ခဲ့ရတဲ့ ဘ၀သမား မှော်ဆရာတွေရဲ့ဘ၀ကို မီးခတ်ပြလိုက်တဲ့ ကဗျာ။ ကျွန်တော် တိမ်းညွတ်ခဲ့မိတယ်။ သူနဲ့ပတ်သက်ပြီး နောက်ထပ် စွဲမိနေတဲ့ ကဗျာတစ်ပုဒ်က ဆုရကဗျာလေး တစ်ပုဒ်ပါ။ ဟိုက္ကူကဗျာ တစ်ပုဒ်ပါ။
“ပတ်ကြားအက် လယ်မြေ
မိုးရွာသွန်းရက် ငံ့လင့်နွေ
ရိုးပြတ်တက်ခေါက်နေ” တဲ့။
သိပ်သိပ်ချစ်ဖို့ကောင်းတဲ့ ကဗျာ။
ချစ်ဖို့ ကောင်းတဲ့ ကဗျာဆရာပါလား။

ဒီလောက်ပါပဲ၊ ကိုယ့်ဘေးနားမှာ ရှိနေတဲ့ လူတစ်ယောက် ဒါမျိုးလည်း ရပါလားလို့ ပိုမိုရင် ခုန်မိရုံက လွဲလို့ သိပ်ကြီးလေးနက် လွန်ကဲမလာ သေးပါဘူး။ သူလည်း အနုပညာ ရင်ခုန်သူ။ ကျွန်တော်လည်း အနုပညာကို ရင်ခုန်သူ။ ဒီ လောက်ပါပဲ။

တစ်လောတုန်းက ဥတ္တရလမင်းရဲ့ မော်ရင် ညိုကြီး ဦးသန်းဆွေအိမ်မှာ ကိုတင်နွမ်းလွင်ရဲ့ စာအုပ်မိတ်ဆက်ပွဲလေး လုပ်တယ်။ ဘာတဲ့။
“စပီမူးတဲ့ မြစ်ဆုံ” တဲ့။

ကိုတင်နွမ်းလွင်က ၁၆ နှစ်သားတစ် ယောက်လို သွက်လက်ပျော်ရွှင်မှု ဟန်ပန်ကိုဆုပ် ကိုင်မိသလို ရင်ခုန်မှုမျိုးနဲ့ လက်ဆောင်အဖြစ် အဲဒီ ကဗျာ စာအုပ်လေး ပေးပါတယ်။ ကြည့်စမ်း သူ ပျော်နေတယ်။
ကိုယ်မွေးဖွား ဖန်တီးလိုက်တဲ့ အနုပညာမျိုး စေ့တွေကို အခုလိုမျိုး စာအုပ်တစ်အုပ် အဖြစ် အိပ်
မက်ထဲ လမ်းလျှောက် နေသလိုမျိုး သူရင်ခုန်ပေါ့ ပါးနေတယ်။ အနုပညာတွေဟာ ထောင်းလ မောင်းထ ခြင်းခြင်းနီလို့။ ဒါကဗျာဆရာ။ ဒါ တင် နွမ်းလွင်။ ကိုတင်နွမ်းလွင်ပေါ့။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်၊ ဘော်တွင်း သတ္တုတွင်းမှာ မွေးဖွားခဲ့သူ။ ၁၉၈၁ ခုနှစ်၊ မေလထုတ် ရှုမ၀ မဂ္ဂဇင်းမှာ ဆရာမြသန်းတင့် အခန်းဆက် ရေးသားခဲ့တဲ့ လွမ်းမောဖွယ် ကမ္ဘောဇ၏ နှင်းသွန်း ဟေမာန်ရက်များသို့မဟုတ် သံလွင်၊ ဒုဋ္ဌ၀တီ၊ ရွှေလီရုပ်ပုံလွှာ ခရီးသွား ဆောင်းပါးမှာ သတ္တုသိုက်ထဲမှ ချွေးစက်များ ကဗျာကို ဖော်ပြပြီး စာပေလောကထဲ ခြေစုံပစ် ၀င်ခဲ့သူ။ ၁၉၉၉ ခုနှစ်မှာ သက်ပြင်းရှူသံတွေ ၀တ္ထုတိုနဲ့ မိုးမိုး(အင်းလျား) အမှတ်တရ၀တ္ထု တိုပြိုင်ပွဲမှာ ဆုရခဲ့တဲ့သူ။ သူ... သူ။ ကျွန်တော့် ဘေးနားမှာ ရှိနေခဲ့တဲ့သူ။ ကျွန်တော် ဖွင့်မကြည့် ဖြစ်ခဲ့တဲ့ စာမျက်နှာထဲကလူ။

သူ့ကဗျာစာအုပ်ကိုဖတ်မိတော့ သူ့အနု ပညာကို ကျွန်တော် ထင်ထားတာထက် ခမ်းခမ်း နားနား တွေ့လိုက်ရ။ ဘ၀အားမာန်ကို တွေ့လိုက် ရ။ လောကကြီးကို သရော်တဲ့ အကြည့်ကြည့်နေတဲ့ သူ့ပုံရိပ်ကို တွေ့လိုက်ရ။ ဘော်တွင်းသတ္တုတွင်းက နေ မြစ်ဆုံကို ရေကြည်ရာ မြက်နုရာ ဘ၀ကို တင် ဆက်သရုပ်ဖော်ခဲ့သူ။ လောကဓံ အထုအထောင်း ကြားမှာ အနုပညာကို ရဲဝံ့ယုံကြည် ထုဆစ်ခဲ့သူ။ ဘ၀ အမူးအမောတွေကြားတဲ့က မြစ်ဆုံကို အမော  တကော စောင့်ကြည့်ခဲ့တဲ့သူ။

“မင်းမူးသလား
ငါ မူးသလား
မင်းလည်း မမူး
ငါ မမူးရင်
သေချာတယ်
မြစ်ဆုံမူးတာ ဖြစ်ရမယ်။
ကြည့်ပါလား
ချားရဟတ်လို
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀
အန်လိုက်တာလည်း တဝေါဝေါနဲ့။
အင်ခိုင်ဘွမ်တောင်ထိပ်မှာ
ပတ္တမြားတစ်လုံး
ခေါင်းအုံးအိပ်တော့မယ်
မြစ်ဆုံကတော့။
မူးလို့ကောင်းတုန်းပါပဲ။
(စပီမူးတဲ့ မြစ်ဆုံကဗျာမှ)

သူ့ကဗျာတွေက သူ့ဖြတ်သန်းမှု၊ ခေတ်ရဲ့ ဖြတ်သန်းမှု၊ လူမှုဘ၀ဖြတ်သန်းမှု၊ ရိုးရာရနံ့ အလေ့တွေနဲ့ ခေတ်သရုပ်ကို ဖွဲ့စည်း တည်ဆောက်ထားတဲ့စပီ။ ခေတ်ကို ထင်ဟပ်ပြီး ခေတ်ထင် ခေတ်မြင် ခေတ်ကိုပြင်ချင်သူတစ်ဦးရဲ့ရင်။ ကြည့်ပါဦး။

“အို... ကျောက်စိမ်း
စိမ်းသူတွေမှာ ကြောက်စရာ။
ငွေနဲ့ ဖလှယ်ဖို့
ငွေနဲ့ဝယ်လို့ရတဲ့ မချော
ဟော... ဟိုနားမှာ
“ဂျွန်ပလေးယား” ဖွာလို့။
သူက “ဥတုအပျိုစင် မှော်ဝင်္ကပါ” မှာ မှော်ထဲမှာ မှော်ဆန် သွားကြရတဲ့ နေ့ရက်များထဲက နီကိုတင်းငွေ့တွေကို စုတ်ချက် ပြင်းပြင်းနဲ့ ခြစ်ထုတ်ပြလိုက်တယ်။ နီကိုတင်းငွေ့ မဟုတ်ပါဘူး။ ဘ၀ အပူတွေကို မှုတ်ထုတ်နေကြတဲ့ နှုတ်ခမ်းနီ တွေပါ။

ကိုတင်နွမ်းလွင် ခင်ဗျားကို ကျွန်တော် ပိုချစ်သွားပြီ။ ခင်ဗျားကို ကျွန်တော် ပိုချစ်သွားပြီ။ ခင်ဗျား အနုပညာကို ကျွန်တော် တွေ့လိုက်ရပြီ။ ခင်ဗျားရင်ကို ကျွန်တော် ဆွဲဖွင့် မိလိုက်ပြီ။ ခင်ဗျား ရဲ့စာမျက်နှာတွေဟာ အနုပညာ သွေးတွေနဲ့ ခက် တရော် စည်းချက် ကျနေသလိုပေါ့။ ကျွန်တော် ဟာ ခင်ဗျား ဘေးနားမှာ ရှိနေတာ မသိခဲ့ဘူးလေ။ မြစ်ဆုံလို မူးနေတဲ့ ကျွန်တော်တို့ ဘ၀တွေထဲ အနု ပညာသမား အချင်းချင်း သွေးစည်း ရင်ခုန်ခွင့်ရတဲ့ ကံကြမ္မာကို ကျေးဇူးတင်မိတယ်။

ဘော်တွင်းက ချွေးစက်က မြစ်ဆုံက စပီနဲ့ ပြန်ချက်ပြီး ပျံတက်လာသလိုမျိုးလား။ အနုပညာ ဆိုတာလည်း သတ္တုသိုက်လို၊ မြစ်လို။ ကျွန်တော် တို့ဘ၀တွေဟာလည်း သတ္တုသိုက်ထဲမှာ၊ မြစ်ထဲ မှာ မူးလို့။ ခင်ဗျားရဲ့ ကဗျာစာအုပ်ထဲကအတိုင်း-
“မနေ့က ဆိုတိုင်း သမိုင်းမဟုတ်ဘူး၊ နက် ဖြန်ဆိုတဲ့ ရထားဆက်စီးကြရအောင်”ပေါ့။

ကျွန်တော်တို့ စီးကြမယ်။ ဆက်ပြီး စီးကြ မယ်။ မြစ်ရေကို စီးလို့ ဆက်ပြီး စီးကြမယ်။
ပြီးတော့ မြစ်ဆုံမှာ စပီ သောက်ကြမယ်။ ဟုတ်ဘူးလား။ ကျွန်တော်ကတော့ အမြည်းစား ပေါ့လေ။
(အစ်ကိုကြီး ကိုတင်နွမ်းလွင် အနုပညာမြေ မှာ ပျော်ပါစေ... အမြဲတမ်းပါ။)

ဆွေမြင့်စော
(Teen မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)