(Feb_13)ရွှေအသစ် ပြန်ကြားချက် PDF Print E-mail
Written by ၀င်းငြိမ်း   
Friday, 01 February 2013 18:17
Share |

ဒီလမှာလည်း ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းက ပို့ထားတဲ့ စာမူတွေ ဖြစ်နေ ပေမဲ့ ထူးခြားတဲ့ ရေးဟန်နဲ့ အကြောင်းအရာ အပြောင်း အလဲတွေ မတွေ့ရပါဘူး။

free cialis samplesgeneric cialis viagra without prescription generic cialis without a perscription
argaiv1884

အရင်က ဖော်ပြခံ ရဖူးတဲ့ စာမူတွေရဲ့ ပုံစံအတိုင်း အတု ခိုးပြီး ရေးသား နေကြဆဲ ဖြစ်တာ ကို သတိထား မိပါတယ်။ စာမူရှင် အနည်းငယ်ကပဲ မူကွဲအောင် ကြိုးစား ရေးဖွဲ့ ထားကြပါတယ်။ နောင်မှာ ကိုယ့်ကိုယ် ပိုင်ဟန် အပြည့်နဲ့ လွတ်လပ်စွာ ရေးသား ထားတဲ့ စာမူတွေကို ပေးပို့ ကြမယ်လို့ မျှော်လင့် ပါတယ်။
၁။    ဘ၀ကို သာယာ စိုပြေ လှပလို့ လာအောင်
၂။    ဒုဋ္ဌ၀တီ ကမ်းနဖူးက ဆည်းလည်း ခတ်သံ
၃။    လယ်တွင်းသို့ အလည် တစ်ခေါက်
၎။    ပန်းခရေလို မွှေးတဲ့သူ
စူး(ကျောက်ဆည်)
စာမူ အားလုံးဟာ ဆောင်းပါးနဲ့ စာညွန့်ကြားက အရေး အသား မျိုးဖြစ်ပြီး ၀တ္ထုလို့ ပြောရခက် တဲ့စာမူ တွေဖြစ် ပါတယ်။ ရွှေအသစ် ကဏ္ဍကို ၀တ္ထုတို စာမူများ အတွက် ဖွင့်လှစ်ထား တာမို့ ၀တ္ထုတို စာမူတွေ ကိုသာ ပေးပို့ စေလို ပါတယ်။

၅။    ပြောချင် လွန်းလို့
၆။    အဆိပ်သင့် နှလုံးသား
သီရိခ
အရေး အသား သင့်တဲ့ စာမူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်း အရာနဲ့ တင်ပြပုံ တွေမှာ ထူးခြားမှု မရှိသလို ဆွဲဆောင် မှုလည်း အားနည်း လှပါတယ်။ ၀တ္ထုတို ဆိုတာ ပြောချင်တဲ့ အကြောင်းအရာ တစ်ခုကို စာဖတ်သူက အလိုလို ခံစား နားလည် သွားအောင် ကြိုးစား ရမှာဖြစ်ပြီး စာရေးသူက ဇွတ်အတင်း ပြောပြ နိုင်ဖို့ မလိုအပ် ပါဘူး။

၇။    ထမင်းသုတ် လွမ်းချင်း
ပျိုမေ(ချင်းတွင်း)
အရေး အသား အားနည်းတဲ့ စာမူဖြစ်ပြီး သူငယ်ချင်း မေတ္တာဘွဲ့ ဖြစ်ကာ ထူးခြားမှု မရှိပါဘူး။

၈။    ကျွန်တော့် ဘ၀ရဲ့ အိုအေစစ်
မြောင်းမြ မြင့်လှိုင်
စကားပြေ၊ စကားပြော ရောထွေးနေပြီး မိဘ မေတ္တာဘွဲ့ သက်သက်သာ ဖြစ်ပါတယ်။ ထူးခြားမှု မရှိပါဘူး။

၉။    စရိုက်
မြတ်ဟေသာ
စာစီ စာကုံး ရေးသလို ရေးဖွဲ့ထားတဲ့ စာမူ တစ်ပုဒ် ဖြစ်ပါ တယ်။ ၀တ္ထု များများ ဖတ်ပြီးမှ ရွှေအသစ်ကို ပေးပို့ စေချင်ပါ တယ်။

၁၀။    အချစ် အကြောင်း မပြောနဲ့
မယ်ကိုး
အရေးအသား အားနည်းတဲ့ အတွက် တချို့ ၀ါကျတွေမှာ လိုရင်း အဓိပ္ပာယ် မရောက်ဘဲ ဖြစ်သွား ရတဲ့ စာမူပါ။ စာဖတ် သူကို နားလည်အောင် ရေးပြနိုင်မှ ၀တ္ထုတို ကောင်း ဖြစ်နိုင်ပါ မယ်။

၁၁။    အရိပ်မဲ့နွေ
မိုးထက်ကျော်(ကွင်းကောက်)
အရေး အသား ပြေပြစ် ပေမဲ့ အဖွဲ့အနွဲ့ အားနည်း နေပါ တယ်။ အကြောင်းအရာ ကလည်း နွမ်းပါးတဲ့ အမေတစ် ယောက်ရဲ့ ခံစားချက် သာဖြစ်ပြီး ရိုးစင်း လှပါတယ်။

၁၂။    စိတ်ကူးစွန် ကလေး
နေဘုန်းလူ
ပြောချင်တာ ရှိပေမဲ့ အရေး အသား အားနည်းချက်ကြောင့် ပီပြင်အောင် မရေးသွား နိုင်တဲ့ အချစ်ဝတ္ထု တစ်ပုဒ် ဖြစ်ပါတယ်။

၁၃။    စာရူးပေရူးနှင့် တိုးတိုက် မိခြင်း
၁၄။    မီးခိုးရောင် မာယာ
ဝဋ္ဌာ
ကလောင် နာမည် စာလုံးပေါင်းက “၀ဠာ”လို့ ပေါင်းချင် ပုံရပါတယ်။ အရေးအသားအားနည်းပြီး ရှင်းလင်းမှု သိပ်မရှိ တဲ့အတွက် စာမူ ကောင်းတွေ ဖြစ်မလာပေမဲ့ ရေးခဲတဲ့ အကြောင်းအရာ တချို့ကို ကြိုးစားပြီး ရေးဖွဲ့ နေတာမို့ စာများ များ ဖတ်ပါဦးလို့ တိုက်တွန်း ပါရစေ။

၁၅။    ခဏလေး အိပ်လိုက် ဦးမယ်
၁၆။    ကံကြမ္မာ ထိုင်ခုံ
မိမိ(ဘားအံ)
အရေးအသားက သင်ပုန်းကြီး ဖတ်စာလို ရိုးစင်း လှပြီး စကားပြေ၊ စကားပြောတွေ ရောထွေး နေပါတယ်။ ဆောင်းပါး ဆန်တဲ့ အကြောင်း အရာကို ဒိုင်ယာရီ ရေးပုံမျိုးနဲ့ ရေးထားတာ ဖြစ်တဲ့ အတွက် အားနည်း လှပါတယ်။ စာများများ ဖတ်ပါဦး။

၁၇။    သြဘာ နိမိတ်
မိုင်းမိုင်းမွန်
အရေး အသား ပြေပြေ ပြစ်ပြစ်နဲ့ မိဘမေတ္တာ ဘွဲ့တစ်ပုဒ် ဖြစ်ပေမဲ့ ရုပ်ရှင်တွေမှာ ပါနေကျ ဇာတ်ကွက် မျိုး ဖြစ်နေပါ တယ်။ စာရေးနိုင် သူမို့ ပါနေကျ တွေထက် ပိုပြီး ကွဲပြားတဲ့ သစ်လွင်တဲ့ အကြောင်း အရာနဲ့ ရေးဟန်တွေ ကို မျှော်လင့်မိ ပါတယ်။

၁၈။    ချစ်ခြင်းဖြင့် အရာရာ
၁၉။    မညှိုးသောပန်း
နတ်ရဲ(ရူပဗေဒ)
အရေး အသား သင့်ပါတယ်။ ဒါပေမဲ့ အဖွဲ့ အနွဲ့နည်းပြီး ဆွဲဆောင်မှု အားမကောင်းဘဲ ရှိနေပါတယ်။ မညှိုး သောပန်း မှာဆိုရင် မြှုပ်ကွက် ကလေး ထည့်ထားပေမဲ့ အရေးအသား အားနည်းသွား တဲ့အတွက် ရုပ်လုံး ကြွမလာ ပါဘူး။ ကြိုးစား ပါဦး။

၂၀။    ရေစက်ဆိုး
ထူး(KKK)
အရေး အသား အားနည်း လွန်းပြီး အပြန်အလှန် စကားပြော ကို အားပြု ထားပါတယ်။ စာများများ ဖတ်ပါဦး။

၂၁။    ဇွဲဆု
ထက်ရှား
အပြန်အလှန် စကားပြောကို အားပြု ရေးသား ထားတဲ့ ရွှေ အမြုတေ စာပေဆု နောက်ခံ စာမူ တစ်ပုဒ် ဖြစ်ပြီး အရေး အသား အားနည်းတဲ့အတွက် ဟာသ ရသ မမြောက်ခဲ့ ပါဘူး။

၂၂။    လန်းပါလေ၏ လန်းလေ၏
အောင်စိုးခိုင်
အပြန် အလှန် စကားပြောကို အားပြု ရေးသား ထားတဲ့ စာမူ ဖြစ်ပြီး အရေးအသား ဆွဲဆောင်မှု အားနည်း နေပါတယ်။

၂၃။    အချစ်ရှိ သ၍ကွယ် ကမ္ဘာ တည်နေမယ်
၂၄။    ပျော်ရွှင်ဖွယ် နေ့ရက်များ
၂၅။    မျှော်လင့်ခြင်းများ
၂၆။    ကိုယ့်ဘ၀ ကိုယ့်ကမ္ဘာ
ပြုံးနွဲ့နွဲ့ဝါ
အရေးအသား အားနည်းတဲ့ စာမူတွေ ဖြစ်ပါတယ်။ စကားပြေကို ပြေပြစ်စွာ ရေးနိုင် ပေမဲ့ ဆွဲဆောင်မှုနဲ့ အဖွဲ့အနွဲ့ မှာ အားနည်း နေတာ ဖြစ်ပါတယ်။ အကြောင်း အရာ ရွေးချယ် တာတွေမှာ ရိုးစင်း နေသလို အဆုံးသတ် တွေမှာ စာဖတ်သူကို ထိထိ ရောက်ရောက် ဆွဲမခေါ် နိုင်တဲ့ အတွက် အဆင် မပြေဖြစ် သွားရတဲ့ စာမူ တွေလည်း ဖြစ်ပါတယ်။ ကြိုးစား ပါဦး။

၂၇။    လမ်းပေါ်ကလူ
ဝေယံမိုးစက်
ရှည်လျားတဲ့ စာမူ တစ်ပုဒ် ဖြစ်ပါတယ်။ ပြောချင်တာရှိ ပေမဲ့ ဆွဲဆောင်မှု အားနည်းပြီး အရေးအသား အိုင်နေတဲ့ အတွက် စာမူကောင်း ဖြစ်မလာ ခဲ့ပါဘူး။

၂၈။    နှင်းပွင့်ချစ်သူ
မောင်သီလ(ဘူမိဗေဒ)
စာစီစာကုံး အရေးအသား မျိုးနဲ့ ရေးဖွဲ့ ထားတာ ဖြစ်ပြီး စာမူ က ရှည်လျား လှပါတယ်။ ဆွဲဆောင်မှု မရှိ ပါဘူး။

၂၉။    မှီတွယ်ရာ ပခုံးတစ်ဖက်
၃၀။    လိပ်ပြာ လုံလုံ ရပ်တည်ခွင့်
သီသီဟန်(ကျိုက်ထို)
အခု အချိန်ထိ စကားပြေ၊ စကားပြော ရောနေဆဲ ဖြစ်တာ ကို တွေ့ရပါတယ်။ အထူး သဖြင့် စာမူ အဆုံး သတ်တွေမှာ စာရေးသူ ကိုယ်တိုင်က အတွေး မရှင်း သလို ဖြစ်နေတဲ့ အတွက် ဆွဲဆောင် မှုရော၊ ခံစားနိုင် မှုပါ အားနည်း သွားရ ပါတယ်။ စာမူ တွေကို အကြမ်း ရေးပြီး ပြန်ဖတ်၊ ပြန်သုံးသပ်၊ ပြုပြင် ပြီးမှ ပေးပို့မယ် ဆိုရင် ပိုကောင်း ပါလိမ့်မယ်။

၃၁။    ကျကွဲသွား သောည
၃၂။    ကိုလလူ
၃၃။    ဗန်ဒါရိပ်
၃၄။    ဖွေးဖွေး လှုပ်လှုပ် စကား တစ်အုပ်
ရုတ်ရုတ်သဲသဲ ပွင့်ဝေမြဲ
နေဇာခိုင်
အရေးအသား ပြေပြစ်တဲ့ စာမူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်း အရာ ရိုးစင်း သလို ဆွဲဆောင်မှု အားနည်း နေပါသေး တယ်။ ဇာတ်အလယ် တွေမှာ မလိုအပ်ဘဲ အိုင်နေပြီး ဇာတ် ကွက် မရှင်းလင်းမှု အပိုင်းတွေ ရှိနေပါတယ်။ ပြောချင် တာတွေ ရှိပေမဲ့ ပီပြင် သွားအောင် မပြခဲ့ နိုင်ဘဲ ပြောဖို့ ဇွတ်ကြိုးစားထား တာတွေ ရှိနေတဲ့ အတွက် စာမူ ကောင်းတွေ ဖြစ်မလာ တာပါ။ ကြိုးစား ပါဦး။

၃၅။    ပြောရလျှင် ထွန်းရှင် လွန်ရာ ကြမယ်
၃၆။    စရိုက်
၃၇။    နိုင်ငံကျော် မင်းသားရဲ့ ဇာတ်ဝင်ခန်း
ကိုသက်ရှည်
စာတစ်မျက်နှာ ကျော်ကျော်နဲ့ ၀တ္ထု တစ်ပုဒ်ဖြစ်အောင် ရေး တာမျိုးရှိ နေပါတယ်။ အရေးအသား လောကြီးပြီး အဖွဲ့အနွဲ့ စိတ်မရှည်သူ ဖြစ်ပါတယ်။ စကားပြေ၊ စကားပြော ရောနေ သလို မြန်မြန် အဆုံးသတ်ဖို့ ကြိုးစား ထားတာ တွေလည်း ရှိ နေပါတယ်။ စာများများ ဖတ်ပါဦး။

၃၈။    ဖူးပွင့်ပန်းတွေ စမ်းရေသို့၊
နွမ်းကြွေ ပန်းတွေ လန်းစေဖို့
မင်းတုန်း(မောင်စိမ်းလွင်)
အရေး အသား အားနည်းပြီး စကားပြေ၊ စကားပြောရော သလို တတိယ နာမ်စားနဲ့ ပထမ နာမ်စား ရောထွေး ရေးသား ထားတဲ့ စာမူမျိုး ဖြစ်ပါတယ်။ စာများများ ဖတ်ပြီးမှ စာရေး ဖို့ ကြိုးစားပါ။

၃၉။    မေမေ သိစေ ချင်ပါသည်
ဖြူဖြူခင်(ဒေါနမြေ)
အရေး အသား အားနည်း လွန်းတဲ့ စာမူ ဖြစ်ပါတယ်။ စာဖတ်ပါဦး။

၄၀။    သီဖွဲ့နှောင်သော ကြိုးတစ်စ ၏နိဂုံး
၄၁။    ကမာ့ရွာ
မြတ်ကိုကို(ရုက္ခ)
ဆောင်းပါး ဆန်တဲ့ အရေးအသား မျိုးဖြစ်သလို ပညာပေး လိုစိတ် တွေများပြီး ရေးဖွဲ့ ထားတာမို့ ၀တ္ထု ဖြစ်မလာ ပါဘူး။

၄၂။    ချောင်းလယ်ကယာ
၄၃။    မျိုးစေ့အတိုင်းသာ
ရှင်သန်(ဒါန်းပင်တဲ)
အကြောင်း အရာရော အရေး အသားပါ ရိုးစင်း လှတဲ့ စာမူ တွေ ဖြစ်ပါတယ်။ အရေး အသား ပြေပြစ် ပေမဲ့ စကားပြေ၊ စကားပြော ရောနေသလို နာမ်စား ပြောင်းပြီး ရေးတာတွေ လည်း ရှိနေ ပါတယ်။ စာဖတ်နာမှ စာရေး စေချင်ပါတယ်။

၄၄။    အိပ်မက်ထဲက ရွာကလေး
လေးဝတီ
ရှည်လျားတဲ့ စာမူ တစ်ပုဒ် ဖြစ်ပြီး ပညာပေး လိုတဲ့ အကြောင်း အရာတွေကို ၀တ္ထု ခွင်ထဲ ၀င်အောင် ရေးထည့် ထား တဲ့အတွက် ရသပိုင်း ဆိုင်ရာ အားနည်း လှပါတယ်။

၄၅။    ဖောင်စီးရင်း ရေငတ်
မောင်သာခိုင်(မကွေး)
စိုက်ပျိုးရေး ဌာန ထွန်စက် စခန်း နောက်ခံ စာမူ တစ်ပုဒ်ဖြစ် ပြီး ပြောချင်တာ ရှိပေမဲ့ မလိုတဲ့ အကြောင်း အရာတွေနဲ့ အိုင်နေ တဲ့အတွက် စာမူကောင်း ဖြစ်မလာ ပါဘူး။

၄၆။    ငိုနေဆဲမှာ ပြုံးတဲ့တိမ်
ငြိမ်းသူ
အပြန်အလှန် စကားပြော သက်သက် အားပြုပြီး ရေးထား တဲ့ သာမန် အချစ် ၀တ္ထု တစ်ပုဒ်သာ ဖြစ်ပါတယ်။

၄၇။    လှမ်းဆွတ်ရန် ခက်သည့် ကြယ်တစ်ပွင့်
လင်းလက်အောင်(Y.T.U)
ဖခင်နဲ့ သမီးကြားက ဇာတ်မြှုပ် တစ်ပုဒ် အကြောင်း ရေးဖွဲ့ ထားတာ ဖြစ်ပြီး အရေးအသား ဆွဲဆောင်မှု အားနည်း နေပါတယ်။

၄၈။    သူရယ်မေရယ်
ကျူလစ်
ခပ်ရိုးရိုး အချစ်ဝတ္ထု တစ်ပုဒ်သာ ဖြစ်ပါတယ်။ ကြိုးစား ပါဦး။

၄၉။    ကုန်းဘောင်ခေတ်က သုံးတောင် မ၀တ်ဘူး
စောစတားဝင်း
စကားပြေ၊ စကားပြော ရောနေ သလို စာမျက်နှာ နှစ်ဖက် စလုံး ရေးသား ထားကာ အပြန်အလှန် စကားပြော တွေကိုလည်း ပီပြင်အောင်၊ ရှင်းလင်းအောင် ရေးဖွဲ့ နိုင်ခြင်း မရှိပါဘူး။ စာဖတ်နာမှ စာရေးဖို့ ကြိုးစားပါ။

၅၀။    ဒဏ်ရာဟောင်း
မောင်(မိုးကုတ်)
အရေး အသား အားနည်းတဲ့ သာမန် အချစ် ၀တ္ထု တစ်ပုဒ် သာ ဖြစ်ပါတယ်။

၅၁။    ညမိုက်ပန်းကြွေ အလင်းသစ် ဝေခဲ့
၅၂။    မျှော်လင့်ခြင်း
ဇိုထရာဗိုလ်
အရေး အသား သင့်တဲ့ စာမူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ နေရာတွေမှာ စကားပြေ၊ စကားပြော ရောနေသေးသလို ဆွဲဆောင်မှု အရ အားနည်း နေပါ သေးတယ်။ မျှော်လင့်ခြင်း မှာဆိုရင် ဖတ်ဖူးနေကျ နိုင်ငံခြား ဘာသာပြန် ၀တ္ထု တစ်ပုဒ်ရဲ့ ဇာတ်ကွက် မျိုးနဲ့ ဆင်တူ နေတာကိုလည်း သတိထား မိပါတယ်။ အတတ်နိုင်ဆုံး ကိုယ်ပိုင်အတွေး၊ အရေးမျိုး ဖြစ်စေ ချင်ပါ တယ်။

၅၃။    ဒုက္ခဆိုတာ ဘာပါလိမ့်
ဗီဇ
အရေး အသား အားနည်း လွန်းတဲ့ စာမူ တစ်ပုဒ်ဖြစ်ပါ တယ်။ စာစီ စာကုံးလို အရေးအသား မျိုးဖြစ်နေပြီး ဆွဲဆောင်မှု အားနည်း ပါတယ်။

၅၄။    အရောင်မပြောင်း တဲ့ဘုံ
သံလွင်သစ္စာ(သထုံ)
အရေးအသား ပြေပြစ်ပေမဲ့ အကြောင်းအရာ အရ ရိုးစင်း နေပါတယ်။ အပြန်အလှန် စကားပြောကို အားပြု ထားတဲ့ အတွက် ဆွဲဆောင်မှု အားနည်း သွားရ ပါတယ်။

၅၅။    ကြောင်သူခိုး
ရဲမင်းဦး(ကျောက်ဖြူ)
အရေးအသား အားနည်း လှတဲ့ စာမူ တစ်ပုဒ်ဖြစ်ပြီး ဆွဲ ဆောင်မှု မရှိပါဘူး။ စာများများ ဖတ်ပါဦး။

၅၆။    .................
ဇော်မျိုးထွန်း
စာမူ နာမည် မပါလာတဲ့ အပြင် စာမူ အဆုံးမှာ ကလောင် နာမည် ရှာမတွေ့ဘဲ စာမူ ပေးပို့သူ နာမည်ကိုသာ ကလောင် နာမည်အဖြစ် ဖော်ပြ လိုက်ရပါတယ်။ စကားပြေ၊ စကားပြော ရောထွေးနေပြီး မျက်တောင် အဖွင့် အပိတ် တွေကို တပ်ချင်တဲ့ နေရာမှာ တပ်ထား သလို စာပိုဒ် မခွဲဘဲ ရေးထားပါတယ်။ စာအရင်ဖတ်ပြီးမှ စာရေးဖို့ ကြိုးစားပါ။

၅၇။    နှင်းတစ္ဆေ
နိုင်းနိုင်း(မြစ်ခြေ)
စကားပြေ၊ စကားပြော ရောနေပြီး ဆွဲဆောင်မှု အားနည်း တဲ့ စာမူ တစ်ပုဒ်ပါ။
၅၈။    စိတ်ကူးယဉ် နယ်လွန် ကြသူများ
ဝေယံမိုးစက်
အရေး အသား အားနည်းပြီး အပြန်အလှန် စကား ပြောတွေ နဲ့ ဆွဲဆောင်ဖို့ ကြိုးစား ထားတဲ့ စာမူဖြစ်ပါ တယ်။ ဒါပေမဲ့ ဆွဲဆောင်မှု အားနည်း လှပါတယ်။

၅၉။    ၁၊ ၂၊ ၃...
၆၀။    နှလုံးသားနည်းပြ
မြတ်သျှိုင်းသွင်
အရေး အသား သာမန်မျှသာ ဖြစ်တဲ့ အချစ်ဝတ္ထု တွေဖြစ်ပြီး ရိုးစင်း လွန်းလှ ပါတယ်။

၆၁။    ကျွန်မ၏ နံရိုးရှင်များ
ပြာရည်မှိုင်း
အကြောင်းကြောင်းကြောင့် ချစ်သူ ပြောင်းခဲ့ ရတဲ့ အတွေ့ အကြုံတွေကို ရေးထားတာ ဖြစ်ပြီး အရေး အသား မသွက်လက် တဲ့အတွက် ဆွဲဆောင်မှု အားနည်း သွားရ ပါတယ်။

၆၂။    ယတရာ
ဘရူး
ယတြာ စာလုံး ပေါင်းမှား နေပါတယ်။ အရေး အသားအား နည်းပြီး အပြန်အလှန် စကား ပြောကိုပဲ အားပြု ထားပါတယ်။

၆၃။    ထမင်းရည် ချောင်းရဲ့ ကမ်းတစ်ဖက်မှာ
နေမင်းညို
ပြောချင်တာ ရှိပေမဲ့ အရေးအသား ဆွဲဆောင်မှု အားနည်း တဲ့အတွက် ရုပ်လုံး ကြွမလာသလို အကြောင်းအရာကလည်း အတန်သင့်တော့ ရိုးစင်းနေပါတယ်။

၆၄။    မသိကိန်း
မြတ်သောခေတ်
အချစ်ဝတ်္ထုတစ်ပုဒ်ဖြစ်ပြီး စကားပြေ၊ စကားပြောရော ထွေးနေသလို ဆွဲဆောင်မှုအားနည်းနေပါတယ်။

၆၅။    သူချစ်သောယောက်ျားများနှင့် ကျွန်တော်ချစ်သော
ယောက်ျားများ
ဟိန်းဆက်ပိုက်(သွားဆေး/မန်း)
အမျိုးသားချင်း အလွန်အမင်း ချစ်ခင်ကြသူတွေ အကြောင်း ရေးဖွဲ့ထားတာဖြစ်ပြီး အရေးအသား သင့်ပေမဲ့ ကိုယ်ပြောချင်တာကို ကိုယ့်ဘာသာရှင်းရှင်းလင်းလင်း သဘောပေါက်ထားပုံ မရပါဘူး။

၆၆။    ကျွန်တော့်ရဲ့တနေ့တာ
မမြင့်ခိုင်(သတ္ထုဗေဒ)
အရေးအသား အားနည်းလွန်းပြီး ကလောင်နာမည်ထဲက သတ္ထုဗေဒဆိုတာကိုလည်း နားမလည်ပါဘူး။ စာများများ ဖတ်ပြီးမှ စာရေးဖို့ ကြိုးစားစေချင်ပါတယ်။

၆၇။    ဆောင်းအိပ်မက်
၆၈။    အဝေးဆုံး... အချစ်မှော
မင်းအာကာ
အရေးအသား အားနည်းကာ စကားပြေ၊ စကားပြော ရောထွေးနေတဲ့ စာမူတွေ ဖြစ်ပါတယ်။ ဆွဲဆောင်မှု မရှိပါဘူး။

၆၉။    အသွားအပြန်
ရဲမင်းဦး(ကျောက်ဖြူ)
အရေး အသား အားနည်း လွန်းတဲ့ စာမူ တစ်ပုဒ် ဖြစ်ပါ တယ်။ အပြန်အလှန် စကားပြော တွေနဲ့ချည်း ရေးဖွဲ့ ထားပါ တယ်။

၇၀။    ချစ်သော သမီး
အပြာရောင်နှင်း
ခပ်ရိုးရိုး မိဘ မေတ္တာဘွဲ့ ဖြစ်ပြီး အပြန်အလှန် စကားပြော တွေကို စာကြောင်း မခြားဘဲ ရောထွေး ရေးသား ထားပါတယ်။ စာများများ ဖတ်ပါဦး။

၇၁။    ရင်ခုံစေတဲ့ မနက်ဖြန်
သင်းနုဇွန်
ခပ်ရိုးရိုး အချစ် ၀တ္ထု တစ်ပုဒ်ဖြစ်ပြီး ခေါင်းစဉ် ကအစ စာလုံးပေါင်း အမှားတွေ များလှ ပါတယ်။ အပြန် အလှန် စကားပြောကို စာကြောင်း မခြားဘဲ၊ စာပိုဒ်လည်း မခွဲဘဲ ရေးသား ထားပါတယ်။

၇၂။    မောတောင်တန်းမှ ကြယ်ပွင့်များ
လွမ်းနိုနို(ဘော်မြေ)
မိုင်းဝန်ထမ်း တစ်ဦးရဲ့ အတွေ့အကြုံ တွေကို ရေးဖွဲ့ထား တာဖြစ်ပြီး အရေးအသား အားနည်းတဲ့ အတွက် စာမူကောင်း ဖြစ်မလာ ပါဘူး။

၇၃။    ကမ်းခြေ ဖလား လုကြသူများ
ချမ်းဧ(ပင်လယ်)
အရေး အသား အားနည်းတဲ့ အတွက် ရုပ်လုံးကြွ မလာတဲ့ စာမူ တစ်ပုဒ် ဖြစ်ပါတယ်။

၇၄။    အတ္တမှန်ချပ်
မောင်ခင်(လှိုင်သာ)
ဆောင်းပါးဆန်တဲ့ အတွေးကို ဆောင်းပါးနဲ့ စာစီစာကုံး ကြားက အရေးအသား မျိုးနဲ့ ရေးသား ထားတာပါ။

၇၅။    မျှော်လင့်ခြင်းရဲ့ မနက်ဖြန်
နှင်းမခမီ
အရေးအသား အားနည်း လှတဲ့ စိတ်ကူးယဉ် အချစ်ဝတ္ထု တစ်ပုဒ် ဖြစ်ပါတယ်။

၇၆။    တော်လောက်ပြီ ထင်ပါရဲ့
လှိုင်း
စာလုံးပေါင်း အမှား ဗရပွနဲ့ အချစ်ဝတ္ထု တစ်ပုဒ် ဖြစ်ပြီး အစစအရာရာ အားနည်းလွန်း နေပါတယ်။ စာများများ ဖတ်ပြီး မှ စာရေးဖို့ ကြိုးစားပါ။

၇၇။    ပြန်လည်နိုးထ
၇၈။    ပုံကာအပ်နှင်း... နားလည်ရင်းဖြင့်
၇၉။    မျက်ဝန်းလှည့် သံစဉ်
ပန်းသွန်းခြယ်(ကော့မှူး)
သပ်သပ်ရပ်ရပ် ပေးပို့ လာတဲ့ စာမူတွေ ဖြစ်ပေမဲ့ စကား ပြေ၊ စကားပြော ရောထွေးနေ သလို အရေး အသား အိုင်နေတဲ့ အတွက် ဆွဲဆောင်မှု အားနည်း လှပါတယ်။ စာမူတွေ အားလုံး ရှည်နေပြီး တင်ပြပုံ၊ ဆွဲဆောင်မှု မကောင်းတဲ့ အတွက် စာမူ ကောင်းတွေ ဖြစ်မလာ ခဲ့ပါဘူး။

၈၀။    နောက်မကျ သေးဘူး ထင်ပါရဲ့
၈၁။    မိုင်ကုန်ပျံမည့် ငှက်များ
မြတ်ထူးအောင်
စကားပြေ၊ စကားပြော ရောနေတဲ့ စာမူတွေ ဖြစ်ပါတယ်။ ပြောချင်တာ ရှိပြီး စာမူကို သပ်သပ် ရပ်ရပ် ပေးပို့ထား ပေမဲ့ အရေး အသား ဆွဲဆောင်မှု အားနည်းနေပါတယ်။ ကြိုးစား ပါဦး။

၈၂။    ဒီအပင်မှာ အချစ်ပန်း ပွင့်ပါစေ
ဓူဝံ
ရှည်လျား လှတဲ့ သာမန် အချစ်ဝတ္ထု တစ်ပုဒ်ဖြစ်ပြီး အရေး အသား အားနည်း လွန်းပါတယ်။

၈၃။    သောကတုပ်ကွေး
၈၄။    အချစ်ရေစီးကြောင်း
မောင်ပျားရည်(ကသာ)
အချစ် ရေစီးကြောင်း က ခပ်ရိုးရိုး အချစ်ဝတ္ထု တစ်ပုဒ်ဖြစ် ပြီး သောက တုပ်ကွေး ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြ ပေးလိုက်ပါတယ်။

၈၅။    ၀မ်းစာတင် သင်္ဘော မဆိုက်ကပ် သေးတဲ့ ညနေ
၈၆။    အနှိုင်း မရှိတဲ့ ဒြပ်မဲ့ကြိုး
လင်းယုန်သစ်
အနှိုင်း မရှိတဲ့ ဒြပ်မဲ့ကြိုး က ရုပ်ရှင်ဆန်ဆန် ဇာတ်ကွက် မျိုးကို ဖန်တီး ထားပေမဲ့ အရေးအသားက ပြေပြစ် ပါတယ်။ဝမ်းစာတင် သင်္ဘော မဆိုက်ကပ် သေးတဲ့ ညနေ ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြ ပေးလိုက် ပါတယ်။

၈၇။    လူ့တစ္ဆေ
၈၈။    သံသရာတစ်ကွေ့ တွေ့ဦးမယ်
ရေအေး
သံသရာ တစ်ကွေ့ တွေ့ဦးမယ် က အရေးအသား အိုင်နေ ပြီး ပြောချင် တာကို မပြတော့ဘဲ ဇွတ်ပြော ထားသလို ဖြစ်ပေမဲ့ လူ့တစ္ဆေ ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြ ပေးလိုက်ပါ တယ်။

၈၉။    ရေပေါ် ရေးသော အရုပ် တစ်ရုပ်
၉၀။    မကြွေသောကြယ်
၉၁။    ခေါင်းရောင်းကြသူများ
၉၂။    ၀င်္က၀ုတ္တိ ပုစ္ဆာ
၉၃။    နောက်ကျော
အိုအေစစ်(မအူပင်)
အရေး အသား သင့်ပေမဲ့ စာမူ အများစုမှာ ဆွဲဆောင်မှု အားနည်း နေတာ တွေ့ရပါတယ်။ အဓိက ပြဿနာမှာ လက် ရေး လက်သား မရှင်းလင်းတဲ့ ပြဿနာလည်း ပါနေ ပါတယ်။ နောက်ကျော ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြပေးလိုက် ပါတယ်။

၉၄။    မူပိုင်ရှင်
၉၅။    လက်စွပ် တစ်ကွင်းနှင့် လူနှစ်ယောက်
လွန်းတင်ရ(ရေစကြို)
မူပိုင်ရှင် က ကျန်းမာရေး လောက နောက်ခံ ဇာတ်တစ်ပုဒ် ဖြစ်ပြီး တင်ပြပုံ ဆွဲဆောင်မှု အားနည်း နေပါတယ်။ လက်စွပ် တစ်ကွင်းနှင့် လူနှစ်ယောက် ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြပေး လိုက်ပါတယ်။

နောက်ထပ် ဆရာ ဦးဝင်းငြိမ်းထံ တင်ပြ ပေးလိုက်တဲ့ ၀တ္ထုတွေ ကတော့-
-သွယ်လေး ရဲ့ အလင်း တန်းရဲ့ပစ္စုပ္ပန်
-မိုးရည်နိုင် ရဲ့ အားနာတတ်သူ
-ရဲစွမ်းနေ ရဲ့ အချစ်ဝိညာဉ်
-နန်းကြာဖြူ(ဘားအံ) ရဲ့ ဖော်မစုံ သုည ကလေးများ
-မှော်ရုံမေ ရဲ့ တွယ်ငြိ ခဲ့သော တစ်စုံတစ်ရာ တို့ ဖြစ်ပါ တယ်။

ဆရာ မောင်ချောနွယ်ရဲ့ “မျှော်လင့်ခြင်း ထမင်းသိုးများ” ကဗျာကို အခြေခံပြီး ရေးဖွဲ့ ထားပါတယ် ဆိုတဲ့ ဆရာ လင်း ယုန်သစ်ရဲ့ “၀မ်းစာတင်သ င်္ဘော မဆိုက်ကပ် သေးတဲ့ ညနေ” ၀တ္ထုက ဖတ်ရင်းနဲ့ အသက်ရှူ ကျပ်လာစေ လောက်အောင် ဆင်းရဲ မွဲတေမှုကို ရေးဖွဲ့ ထားပါတယ်။ သရုပ်မှန် စာပေဆိုတာ ဆင်းရဲမွဲတေ တာကို ရေးမှ မဟုတ်ပါဘူး။ ခေတ်ပြိုင် ခံစားမှု ပါအောင် ရေးဖွဲ့ရမှာ ဖြစ်ပေမဲ့ ဒီလောက် အထိ ရေးဖွဲ့မှုကို တော့ ကျွန်တော် မနှစ်သက်ပါ။

ဆရာမ မှော်ရုံမေရဲ့ “တွယ်ငြိခဲ့သော တစ်စုံ တစ်ရာ”က တစ်ဖက်ခြံမှာ အင်္ဂလိပ်စာ လာသင် ပေးတဲ့ ဆရာမကလေး ကို အရိပ် တကြည့်ကြည့်နဲ့ ချစ်ကျွမ်းဝင်မိသူ တစ်ယောက်ရဲ့ ခံစားချက်ကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ကျွန်တော် မကြိုက် ပါ။

ဆရာ အိုအေစစ်ရဲ့ “နောက်ကျော”၀တ္ထုက တစ်ဦးသော သမီးကို အားကိုး ရတဲ့ တပည့်နှစ်ယောက် ထဲက တစ်ယောက် နဲ့ ပေးစားဖို့ စီစဉ်ရာမှာ ဘက်လိုက် ဆောင်ရွက် မိတဲ့ ဖခင် တစ်ယောက်ရဲ့ ခံစားချက် ဖြစ်ပါတယ်။ ဆရာ အိုအေစစ်ကို ပြောချင်တာက ရွှေအမြုတေကို ပို့ရင် မူရင်း စာမူကို ပို့ပါ။  ကော်ပီကို လက်ခံ အဖြစ် သိမ်းထားပါ။ လက်ရေးက ရှုပ်ယှက် ခတ်၊ သတ်ပုံက ချာလပတ်လည် ဒီထဲမှာ ကော်ပီ ကလည်း ဖြစ်နေ ပြန်တော့ တော်တော် စိတ်ညစ် ရပါတယ်။ ကျွန်တော့် ဆီကိုသာ မဟုတ်ပါဘူး။ တခြား မဂ္ဂဇင်းများကို ပို့ရင်လည်း အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ် ဖြစ်စေချင် ပါတယ်။ ဇာတ် လမ်းဇာတ်အိမ်ကို ကျွန်တော် မကြိုက်ပါ။

ဆရာ ရဲစွမ်းနေ ရေးသားပေးပို့တဲ့ “အချစ်ဝိညာဉ်”က ယောက်ျားလေး တစ်ယောက်ကို အပြိုင် ကြိုက်မိ တဲ့ မိန်းက လေး နှစ်ယောက် အကြောင်း ဖြစ်ပါတယ်။ အဆောင်နဲ့ မျက် နှာချင်းဆိုင် ဘက်က ဇရပ် ပေါ်မှာရှိတဲ့ လိင်အလုပ် သမတစ် ယောက်ရဲ့ အလောင်းကို အကြောင်း ပြုပြီး မိန်းကလေးတစ် ယောက်က သူတို့ နှစ်ယောက် အပြိုင် ကြိုက်နေတဲ့ အမျိုးသား အကြောင်းကို လိမ်လည် လှည့်ဖြား လိုက်ပုံ ဖြစ်ပါတယ်။ စွဲ လောက်အောင် မရှိပါ။

ဆရာမ သွယ်လေးရဲ့ “အလင်းတန်းရဲ့ပစ္စုပ္ပန်”ကလည်း ကော်ပီပို့ ထားတာ ဖြစ်ပြီး ဖတ်လို့မရ လောက်အောင် ဆိုးရွား လွန်းပါတယ်။ ဆရာမ မသီတာ(စမ်းချောင်း) ဖတ်နိုင် ပေမဲ့ ကျွန်တော်ကတော့ မျက်စိပါဝါ တက်မတတ် ဖြစ်ရပါတယ်။  စိတ်ပျက်စရာ ကောင်းတဲ့ စာမူ တစ်ပုဒ်ပါ။

ဆရာ မောင်ပျားရည်(ကသာ)ရဲ့ “သောကတုပ်ကွေး”က အတွေး ကောင်းပါတယ်။ ဇာတ်အိမ်ကို ဒီထက် ပိုချဲ့ဖို့တော့ လိုပါ လိမ့်မယ်။

ဆရာ မိုးရီနိုင်ရဲ့ “အားနာ တတ်သူ”ကတော့ အားနာတတ် တဲ့အပျိုကြီး တစ်ယောက်ရဲ့အကြောင်းကို ရေးဖွဲ့ထားတာ ဖြစ် ပါတယ်။ အဲဒီလောက် အားနာတတ်တဲ့ သူကတော့ ရှိမယ် တောင် မထင်ပါဘူး။

ဒီလမှာ ရွှေအသစ်များ အဖြစ် ကျွန်တော် ရွေးချယ်ဖော် ပြပေးချင်တဲ့ ပုဂ္ဂိုလ်များ ကတော့ နန်းကြာဖြူ (ဘားအံ)၊ လွန်းတင်ရ(ရေစကြို)၊ ရေအေး တို့ဖြစ်ကြပါတယ်။ သူတို့ ရေးဖွဲ့ ထားတဲ့ ၀တ္ထုများကို ခံစားကြည့် ကြစေ လိုပါတယ်။


ဝင်းငြိမ်း
(ရွှေအမြူတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)

 


ဝင်းငြိမ်း
About the author: