ရွှေချိုးဖြူနှောင် အိမ်လွတ်ကယ် PDF Print E-mail
Written by ဆူးငှက်   
Saturday, 02 February 2013 17:32
Share |

(က)
“ခရားငယ် ပင်မြင့်က၊
ချိုးသံဖြင့် ကူသလေမောင်
လှိုက်ဆူ လေအောင်၊

canadian pharmacybuy cialis professional online viagra black buy cialis online online
argaiv1514

လောဝါး ကိုထောင်၊
ပျိုတို့မောင် တယ်အိမ်ထိုး၊
ဆင်းပ ရွှေချိုး...။
တယ်အိမ် အသာမလို့၊ ဘယ်ကြွပါ့ဖုန်းလှိုင်
နှမလေးမယ်က ပြောမယ်
ချိုးပေါတဲ့မြိုင်၊
လောဝါးကိုကိုင်၊
ပန်းဆိုင်လို့ထိုး
ပင်သဖန်းငယ်နှင့် ဇောင်ချမ်းပင် ဆိုတဲ့တော၊
ပေါတဲ့ ရွှေချိုး...။”

တပေါင်းလ ပြည့်ကျော် ပြီမို့ နေအပူက နံနက်ခင်း မှာပဲ အစွမ်းပြ မင်းမူ နေချေပြီ။ အကာအကွယ်မဲ့ တိုက်ခတ် လာသော တောင်လေဦးက ဗိုလ်ရရွာ လယ်ကွင်းတွေ ဆီက ရိုးပြတ် ရနံ့ကို သယ်ဆောင် လာ၏။ အဆောင် ၀ါးကပ် တဲဘေး တမာပင် ပေါ်က ရွက်ဝါ တချို့ကတော့ နွေဦးကို ကျောခင်းဖို့ အပင်ပေါ်က တဖြုတ်ဖြုတ် ခုန်ဆင်း လာကြပြီ။ ရွှေပြည်အေး အဆောင် ကင်းတင်း ဘက်ဆီက ရေဒီယိုသံ သဲ့သဲ့ကတော့ ရိုးပြတ်လေနှင့် အတူ ပျင်းတိ ပျင်းတွဲ လိုက်ပါလာ ပြန်၏။ ဒီနေ့အဆောင် ၀ါးကပ် တဲထဲက အတန်းမှာ သိသိ သာသာ အတန်းသားတွေ လျော့နည်းနေ သည်။ သည်အချိန်ဆို တရုန်းရုန်းနှင့် စုစု ဝေးဝေး ရယ်လား မောလား သွားလာ နေကြသော သစ္စာ လမ်းမ ပေါ်မှာပင် အသံ ဆိတ် နေသည်။

မြန်မာစာ ဆရာကလည်း အတန်းထဲမှာ လူနည်း နေလို့ မျှသာမဟုတ် ဒီကနေ့ အတွက် သူ့သင်ခန်းစာ ထဲမှာပင် စိတ် မပါနေတာ သိသာသည်။ ဒွေးချိုး၊ လေးချိုး သင်ခန်းစာ အတွက် “ချိုးသမား” ဟူသော ကဗျာကို သင်ကြား နေရသည် မှာပင် ဆရာ့မှာ နောက်ကျော မလုံသလို ခံစား နေရ ပုံရ၏။ “လောဝါး ဆိုတာ ကြက်ငှက် လှောင်တဲ့ခြင်း၊ လှောင်အိမ်၊ လှောင်ချိုင့် ပေါ့ကွယ်” ဟု ခက်ဆစ် အဓိပ္ပာယ်ကို ရှင်းရင်း တက်ကြွ စိတ်ပါ မှုတွေ ထိုးကျ သွားပုံ ရ၏။ ထို့နောက် ဆရာက ဆုံးဖြတ် ချက်ချ လိုက်ပုံ ရသည်။ စာအုပ်ကို ပိတ်လိုက်ကာ တိုက်ပုံ အင်္ကျီအိတ်ထဲက လက်ကိုင် ပ၀ါကို ထုတ်၍ အဆီပြန် စပြုနေ သော မျက်နှာကို သုတ်သည်။ “ကိုင်း နောက်မှ ဆက်ကြတာ ပေါ့”ဟု ပြောပြော ဆိုဆို အတန်းထဲက ထွက်သည်။ ဆရာ့ အမူ အရာက ပုံမှန်ထက် ခပ်သုတ် သုတ် သဘော ဆောင်နေ သည်။ အခါတိုင်း ဆိုလျှင် အတန်းထဲက ဆရာ ထွက်သွားလို့ မှ အတန်းဘေး ကော်ရစ်ဒါ ရှိသေး အတန်းထဲမှာ ပွက်လော ညံလေ့ ရှိသော်လည်း ဒီကနေ့တော့ တိတ်ဆိတ် ကျန်ရစ်ခဲ့၏။ ခပ်ကဲကဲ ကျောင်းသူ အုပ်စု ကပဲ နေကြာစေ့ လှော်ထုပ်တွေ ထုတ် ပြီး စီခနဲ အသံထွက် သွား၏။ ဒါပေမဲ့ သူတို့ အသံ ကလည်း ရုတ်ခြည်း တိုးသွားသည်။ အတန်းထဲ ရှိသူအားလုံး အသံတစ်သံ ကြောင့် ထိုအသံဆီ အာရုံစိုက် သွားကြသည်။ ကျွန်တော်က ဘေးမှာ တင်ထားသော လွယ်အိတ်ကို ယူပြီး အတန်း အပြင် ထွက်ဖို့ မတ်တတ်ရပ် သည်။ မသိမသာ အကဲခတ် နေပုံ ရသည့် ရှေ့ခုံနှစ်တန်း ကျော်က မမ၀ဿန်က ကျွန်တော့်ကို ဖျတ်ခနဲ လှမ်း ကြည့်ပြီး သူ၏ ထူထဲလှသော မျက်ခုံး နှစ်ဖက်ကို သိသိ သာသာ ကျုံ့သည်။ ကျွန်တော် အောက်နှုတ် ခမ်းကို ကိုက် သည်။ သက်ပြင်းကို ခပ်ထန်ထန် ချပြီး လက်ထဲကိုင် ထားသော လွယ်အိတ်ကို ရုတ်ခနဲ လွယ်ကာ အတန်း ထဲက ခပ်သွက်သွက် ထွက်သည်။

မမ၀ဿန်ဆီက “ဘယ်သွား မလို့လဲ”ဟူသော အသံ တစ်သံ ကြားလိုက် ရလို့ အတန်း ထွက်ပေါက် အရောက် ငဲ့စောင်း ကြည့်လိုက် မိတော့ အတူ ထိုင်နေသည့် ကျောင်းသူ အဖော်တွေ ကိုငုံ့ပြီး တစ်ခုခု ပြောကာ သူကလည်း သူ့လွယ်အိတ်လေး ဆွဲယူကာ ခပ်သွက်သွက် ထွက်လာသည်။ သူ့အမူ အရာက နည်း နည်းတော့ ၀ရုန်းသုန်းကား ဆန်သလို ပဲလေ။ ကျွန်တော်က သူ့ကို ရပ်ပြီး သေချာတော့ မစောင့်။ ခြေလှမ်း အရှိန်ကို နည်း နည်းလျှော့ လိုက်သည်။ ခပ်သုတ်သုတ် နင်းသွားကြသော စက်ဘီး၊ သုံးလေးစီးကို စောင့်ပြီးမှ လမ်းဖြတ် ကူးရ သည်မို့ မပြေးရုံ တမည် လိုက်လာသော မမ၀ဿန်က  ကျွန်တော့်ကို မီလာသည်။ ကျွန်တော်က မမ ၀ဿန်ကို လှည့်ကြည့်ရင်း အတန်းဘက်ကို အကြည့် ဝေ့လိုက်တော့ အတန်းထဲက ကျန်သူ များလည်း အလျှိုအလျှို ထွက်လာ ကြ၏။ အတန်းဘေး စက်ဘီးထား သူတွေက သော့မြန်မြန် ဖွင့်ပြီး အချို့က ပင်မ ဆောင်ဘက်ဆီ၊ အချို့က ကျောင်းနောက်ကျော အဆောင် တွေဘက်ဆီ ခပ်မြန်မြန် နင်းသွား ကြ၏။ အတန်းထဲမှာ နေကြာစေ့ လှော် ထုပ်ဖောက်ရင်း ခပ်ဆူဆူ အသံတွေ ထွက်တတ်သည့် သာလိကာ မလေးတွေ အုပ်စုကတော့ နောက်ဆုံးမှ ထွက် လာပြီး ဘယ်သွားမလဲ ဆိုသည့် ဦးတည်မှု အပေါ် ငြင်းခုံနေ ကြပုံရ၏။ မမ၀ဿန်က ကျွန်တော့်ဘေး ကပ်လာပြီး လက်မောင်းကို ခပ်ကြမ်းကြမ်း ဆွဲကာ...

“ဒါက ဘယ်သွား မှာလဲ၊ စက်ဘီးက စတင်းမှာ  ထားတာ မဟုတ်လား။ လူမရှုပ်ခင် စက်ဘီး ယူပြီး အိမ်ပြန်လိုက် တော့”ဟု ပြောသည်။ ခပ်သွက်သွက်လေး စိတ်စောစွာ အပြေး တစ်ပိုင်း လာခဲ့ တာမို့ မမ၀ဿန့် အသံက မောဟိုက် သံစွက် နေ၏။ ကျွန်တော်က ချွေးဥ လေးတွေ သီးရန် အားယူ စိမ့်နေ သော သူ့နဖူး စလေးဆီ ငဲ့ကြည့်ရင်း “ဟာ မမကလည်း ဘယ် တုန်းက ဒီအချိန် အိမ်ပြန်ဖူး လို့လဲ။ ကျော်စွာတို့ အုပ်စုနဲ့  ချိုကြီး ကဖေးမှာ ချိန်းထား သေးတာ။ အဲဒီသွားမှာ။ မမ ဖယ်ရီက အယ်စီအာမှာ လာကြိုမှာ မဟုတ်လား၊ မမက အဲဒီမှာ သွား စောင့်လေ” ဟု ပြောလိုက်သည်။ မမ၀ဿန်က ကျွန်တော့် လက်ကို တုံ့ဆွဲလိုက်ပြီး ရပ်စေသည်။ ပြီးတော့ ကျွန်တော့် မျက်နှာကို စေ့စေ့ ကြည့်သည်။

“မင်း ဒီနေ့မနက် ကျောင်းကို အစောကြီး ရောက်နေတာ မဟုတ်လား။ ခါတိုင်း မမတို့ ဖယ်ရီ နန်းတွင်း ကထွက်ပြီး ကယ်လီ ကျောင်းရှေ့ ဖြတ်မှ မင်းတို့ အုပ်စု ကိုအုန်းမြင့်တို့ အိမ် ရှေ့မှာ လူစု ကြတုန်း မဟုတ်လား။ ဒီနေ့ ဖယ်ရီက ကျောင်း ပေါက်ဝင်တော့ မိန်းရှေ့မှာ မင်းကို လတ်လျား လတ်လျား မြင်နေ ရပြီ။ လွယ်အိတ် တကားကားနဲ့၊ နေပါဦး ဒီနေ့ မိန်းရှေ့ လှေကားထစ် တွေပေါ် တွေ့နေရတာ အခါတိုင်း တွေ့နေကျ မင့်သူငယ်ချင်းတွေ မဟုတ်ပါဘူး။ ဘယ်သူတွေလဲ မမြင်ဖူး ပါဘူး” မမ၀ဿန်က သူ့စကား ဆုံးတာနှင့် “ပြန်ပါကွယ်” ဆိုတာကို ချော့မော့ ဖျောင်းဖျသော လေသံနှင့် ပြောသည်။ ကျွန်တော် အောက်နှုတ်ခမ်းကို ကိုက်ပြီး ခေါင်းယမ်း မိသည်။ ပြီးတော့ သက်ပြင်း ချမိသည်။ “မမက ဘာတွေ စိတ်ပူနေ တာလဲ၊ အခါတိုင်းလည်း ကျွန်တော့် သူငယ်ချင်း တွေနဲ့ လက် ဖက်ရည် ဆိုင်ထိုင်၊ ဗောဓိကုန်း ထဲက မြိုင်သာယာခြံက ဆရာမ ဆီ ၀င်၊ ညနေမှ အိမ်ပြန် ဖြစ်တာကိုး။ ဒီနေ့ကျမှ အခုကတည်း က အိမ်ပြန် ရမယ်လို့”ဟု ကျွန်တော်က ခပ်လောလော ပြန် ပြောသည်။ လက်ဖက်ရည် ဆိုင်သွားကြဖို့ ဂျီစီအာနားက အန်တီ ကြီး ငှက်ပျော ပေါင်းဆိုင်မှာ စောစော ကတည်းက ကြိုစောင့် နေသည့် ဘော့တနီက ကျော်ရွှေက ကျွန်တော့်ကို မစောင့်နိုင် တော့လို့ ကျွန်တော့်ဆီ ခပ်သုတ်သုတ် လိုက်လာတာကို လှမ်း မြင်နေရ၏။ မမ ၀ဿန်နှင့် ကျွန်တော် ရပ်စကား ပြောနေတာ ခပ်လှမ်း လှမ်းက မြင်တော့ ကျော်ရွှေက ဖီးဆစ်ဌာန လှေကား ရင်းမှာ တုံ့ခနဲရပ်ကာ မယောင် မလည် လုပ်နေသည်။ အကင်း ပါးသော ကျော်ရွှေ့ကို ကျေးဇူးတင် ရသေး၏။
“မင်းလည်း စောစောက ဆရာ ဦးမြင့်သိန်း သင်တဲ့ ကဗျာ ကို ကြားလိုက်တယ် မဟုတ်လား။ ချိုးသံဖြင့် ကူသလေ မောင်၊ လှိုက်ဆူ လေအောင်၊ လောဝါး ကိုထောင်၊ ပျိုတို့မောင် တယ်အိမ်ထိုး၊ ဆင်းပရွှေချိုး ဆိုတာ လေ။ အရေးကြီးတာက ချိုးကူသံ နားစွင့် သလို လောဝါးကိုလည်း သတိပြု မိဖို့ပါ။ မမ အနေနဲ့ မင်းကို အဲဒီ လောက်ပဲ ပြောသင့်တယ် ထင်လို့ပါ။ ဒီ အချိန်မှာ မင်းပညာရေးက ပိုအရေးကြီး တယ်လေ”တဲ့။ မမ ၀ဿန်လေ သံက တိုးတိုး ညင်းညင်း ပေမင့် အမိန့် ပေးသံပါ သည်ဟု ခံစားရသည်။ ကျွန်တော် ခေါင်းယမ်း လိုက်မိပြန် သည်။ ပြီးတော့ မမ မျက်နှာလေးကို စေ့စေ့ ကြည့်မိ၏။ မမ ပါးပြင် နုနုပေါ်က သွေးကြော မျှင်လေးတွေ ရဲနေသည်။ မမ မျက်ဝန်းထဲက မိဘ ဂုဏ်ဒြပ်နှင့် ပတ်သက်၍ အပေါ်စီး ရလို မှု အရိပ်အယောင်က ဖုံးလို့ ဖိလို့မရ။ ကျွန်တော်က နှုတ်ခမ်း စေ့ကာ မသိမသာ နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး “ဘုန်းကြီးရာကို မှီမည် ကြံသောကြောင့် မင်းများ ကလည်း မလှန်ဝံ့အောင် ခြောက်၊  ကြောက်သော အခါ “မိန့်တော်တိုင်း”လို့သာ လိုက်ရ၊ ပေးစရာက လည်း မရှိ၊ မင်းအာဏာနှင့် ဖိ၍ ထောင်းသော အခါလည်း မခံနိုင် ဆိုတဲ့ ဘ၀တွေမှာ ကိုယ်ယုံကြည်ရာ ကိုတော့ ရဲရဲယုံ ကြည်ပါရစေ မမ” ဟု ပြန်ပြောသည်။ မမ ၀ဿန် မျက်နှာလေး ချက်ချင်းတင်း သွားသည်။ “ဒီမယ် ဒီအချိန်မှာ မင်းနဲ့ မမနဲ့ စကားရည်လု နေဖို့ မဟုတ်ဘူး။ လုပ်ပေါ့ မင်း ကြိုက်သလို လုပ်ပါ။ သွားပါ၊ သွားစရာရှိ တဲ့နေရာ သွားပါ။ မမ ဘာမှ မပြောတော့ပါဘူး”ဟုဆိုကာ ချာခနဲ လှည့်သွား သည်။

သြော်...
ကျွန်တော် ကျွတ်ခနဲ စုတ်သပ် လိုက်ပြီး အခု မမကလည်း ဘယ်သွား မလို့လဲဟု သူ့နောက်ကျောပြင် ကိုကြည့်ရင်း လှမ်း မေးလိုက်တော့ “ငွေစာရင်း ကိုသွားပြီး ကျောင်းလခသွင်းမလို့” တဲ့။ ကျွန်တော် ထပ်မံခေါင်း ယမ်းမိ ပြန်သည်။ ဘယ်တော့မှ ပြန်ဖွင့်မှန်း မသိတဲ့ ကျောင်းအတွက် စိုးရိမ် တကြီး ကျောင်းလခ သွင်းဦး မှာတဲ့။
တကယ့် အရေးထဲ...။

(၁)
ကျောင်းထဲက လမ်းတွေပေါ် စာသင်ခန်း တွေထဲ မကျန် သလောက် ကျောင်းသူ ကျောင်းသားတွေ မရှိတော့ သော်လည်း မန္တလေး ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ပင်မဆောင်ကြီး ရှေ့ ဆင်ဝင် အောက်မှာ လှေကားထစ် တွေပေါ်မှာ ရှေ့က လမ်းပေါ်မှာ ကျောင်းသူ ကျောင်းသားတွေ စုရုံးရောက် ရှိနေကြသည်။ မနက် စောစောက တည်းက ဆင်ဝင်တိုင် လုံးကြီးတွေ အခြေ အုတ်ခုံမှာ တစ်ယောက်ချင်း စုရုံးရောက် ရှိလာ သူများကို ကျွန်တော် မသိမသာ အကဲခတ်ကြည့်ပြီး လူပုံဟန်ပန်နှင့် မျက်နှာစိမ်း တချို့တွေ့ကတည်းက ဒီ ကနေ့ အဖို့ ထူးပြီဟု ကျွန်တော့် စိတ်က ထင်သည့် အတိုင်း အခုမှန် နေပြီ။ အဲဒီ သူတို့ တစ်တွေနှင့် ကျောင်း က စီနီယာ အစ်ကိုကြီး တွေ ခေါင်းချင်းဆိုင် နေကြပြီ။ ခဏနေတော့ လွယ်အိတ်ထဲ က ဆွဲထုတ်ပြီး  ဖြန့်ကိုင် လိုက်တာက အနံတစ် ကိုက် နှင့် အလျား လေးကိုက် လောက်ရှိပြီး မန္တလေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဟူသော လက်ရေး စာလုံးကြီး ပါသည့် ပိတ်စ ဆိုင်းဘုတ်ကြီး ဖြစ်၏။ ကျွန်တော့် နဖူးဆီမှ ချွေးတွေ စီးကျ ထွက်လာ လောက်အောင် ရင်ခုန် စိတ်လှုပ် ရှားသွား သည်။ ကျွန်တော်က အနား မှာ ရှိသော ကျော်ရွှေ့ လက် ကို ဆုပ်ကိုင် လိုက်သည်။ သူ့ လက်ဖျားတွေလည်း အေး စက်လို့။ ကျော်ရွှေက ကျွန်တော့်နားကပ်ပြီး အသံ တိုးတိုးဖြင့် “မြောက်ကျောင်း က ကျောင်းသားတွေ မနက် ကတည်းက ရောက်နေတာ ကွ။ ဟောဟို တိုက်ပုံနဲ့ အသားဖြူဖြူ၊ မျက်မှန်ထူထူ နဲ့ လူက မြောက်ကျောင်းက ဆေးကျောင်းသား။ သူက မုံရွာ သား” ဟု ပြောသည်။

မိန်းရှေ့ ကွက်လပ်ကြီးမှာ ကျောင်းသားတွေ များသ ထက် များလာပြီး အသံတွေက ဆူညံ နေသည်။ ခပ်လှမ်း လှမ်းက အ၀င်ပေါက် သံတံခါးကြီးကို တဂျောင်းဂျောင်း ဆွဲ ပိတ် နေသံကြားရ၏။ တချို့က စိုးရိမ်တကြီး လှမ်းကြည့် သည်။ “အကုန်မပိတ်နဲ့ ထွက်ချင်သူ ထွက်ရအောင် တစ်ခြမ်းပဲ ဖွင့်ထား။ အပြင်လူတွေ အ၀င်မှာ ကျောင်းသား မဟုတ်ရင် အ၀င်မခံနဲ့” ဟူသော အော်ဟစ်သံ များလည်း ကြားရသည်။ ကျွန်တော့် ရင်တွေ ခုန်သထက် ခုန်လာသည်။ စာမျက်နှာတွေ ထဲမှာသာ တရှိုက် မက်မက် ဖတ်ခဲ့၊ ခံစားခဲ့ရ သောမြင်ကွင်း တွေက ယခု ကိုယ့်မျက်စိ အောက်မှာ ဒုတ်ဒုတ်ထိ မြင်တွေ့ခံစား ရတော့ မျက်ရည်တွေ လည်ကာ ရင်တွေ ခုန်လာသည်။ ခဏနေ တော့ ဂျီအော် လော်ဂျီ အဆောင်ဘေး ၀ါးရုံပင်မှ ၀ါးလုံးဖြောင့် ဖြောင့်ရှည်ရှည်တွေ ခုတ်ယူ လာကြပြီး ကျောင်းသား သမဂ္ဂ ဆိုင်းဘုတ်ကြီးကို ၀ါးလုံးနှစ်လုံးမှာ ချည်နှောင် လိုက်၏။ ကျန် ၀ါးလုံး တစ်လုံးမှာလည်း အိတ်ထဲက ထုတ်ယူ လိုက်သည့် အနီရောင် ရဲရဲ ပိတ်စ တစ်စကို ချည်နှောင် လိုက်ကြ ပြီးနောက် ၀ါးလုံးကို ထောင်မတ် လိုက်ကြ၏။ ကျွန်တော့် မျက်လုံးတွေ ပြာဝေ သွားတော့သည်။ ကျော်ရွှေက ကျွန်တော့် လက်ကို ဖျစ်ညှစ် လိုက်ပြန်သည်။ အနီခံတွင် နှောင်ကြိုး ကျော့ကွင်းမှ ထိုးဖောက် ထွက်နေသော ခွပ်ဒေါင်း အလံ။ ထုနှင့် ထည်နှင့် ခံ့ညား အားကောင်း ဖြောင့်စင်းသော တက္ကသိုလ် ပင်မဆောင်၏ တိုင်လုံးကြီး တွေနောက်ခံမှာ ခွပ်ဒေါင်း အလံက ရဲရဲတောက် လွင့်ပျံလာ၏။ ကျောင်းသားထု၏ လက်ခုပ် သြဘာသံ၊ လက် ခေါက်မှုတ်သံ၊ ငြာသံ ပေးသံတို့ ဘ၀ဂ် ညံသွားသည်။ ကျွန်တော့် မြင်ကွင်းတွေေ၀၀ါး သွားသည်။ ရင်ထဲက တွန်းပို့ လိုက်သော ပီတိ အရှိန်ကြောင့် မျက်ရည်တွေ တာကျိုး သွားပါ ပကော။ လချီ၍ နှလုံးသားမှာ ကမ္ပည်း ထိုးခဲ့သော စကား လုံးတွေ နှုတ် ဖျားက ပွင့်အန် ထွက်လာ၏။
“သမိုင်း မဟာ တကွေ့
မှိုင်းရာပြည့် ကိုလ
ကိုင်း လာဟေ့ သွားရအောင်”

တဲ့။ လေးစား ချစ်ခင် ရပါသော ကဗျာဆရာ တင်မိုး၏ သခင် ကိုယ်တော်မှိုင်း ရာပြည့် လေးချိုးကြီး ထဲက သံမဏိ စကားလုံး တွေပဲ ဖြစ်ပါသည်။ သည်လေးချိုးကြီးက သခင် ကိုယ်တော် မှိုင်းရာပြည့် အထိမ်းအမှတ် စာစောင်မှာ ပါရှိ ခဲ့သလို သည့်နောက်ပိုင်း အစိုးရက မှိုင်းရာပြည့် ကျင်းပမည့် အသီး သီးသော အစီအစဉ်များ တားဆီး ပိတ်ပင် ခဲ့၏။ ထိုအခါ ထို ကဗျာ လေးချိုး၏ စာသားနှင့် ပို့စကတ်တွေ ထွက်လာပြီး ကျောင်းသားတွေ ကြား၊ ပညာတတ် တွေကြား၊ အလုပ်သမား တွေအကြား ပျံ့နှံ့ လာခဲ့သည်။ အလားတူ မှိုင်းရာပြည့်နှင့် ပတ်သက် သည့်ကြေညာ ချက်တွေ၊ စာစောင် တွေလည်း အလျှိုလျှို ထွက်လာသည်။ ထိုအထဲမှ “ရင်ဖွင့်သံ နိဒါန်း”ဟူသော စာစောင်က ထင်ရှားသည်။ ထို့အတူ မှိုင်းရာပြည့် အကြို “အရှေ့လေ”စာစောင် ကလည်း ကျောင်းသားတွေ၊ ပညာတတ် တွေ၊ ၀န်ထမ်းတွေ အကြား ထိုးဖောက် နေရာယူ လာပြန်သည်။ တစ်ပြိုင်နက် တည်း  အစိုးရ၏ အဖမ်းအဆီး တွေက များလာ သည်။ ပူပူနွေးနွေး မနေ့က အထိ ရန်ကုန်မှာ မှိုင်းရာပြည့်နှင့် ပတ်သက်ပြီး ကျောင်းသား တွေကို စာရွက် စာတမ်းများ၊ ပို စတာများ၊ ခွပ်ဒေါင်း အလံများနှင့် အတူ ဖမ်းဆီး ရမိကြောင်း အစိုးရက ကြေညာနေသည်။ ထို့ကြောင့် ဒီနေ့ ဘာမှ မဖြစ်ဘဲ ဖြတ်သန်း ကုန်ဆုံး သွားမည်ဟု သုံးသပ်သူ သုံးသပ်၏။ လူတွေ ဖမ်းလိုက် ဆီးလိုက်တော့ ဒီကိစ္စ ပြီးပြီလေဟု သာမန်အမြင် ဖြင့် သုံးသပ်သူက “ဘာမှ မဖြစ်နိုင်တော့”ဟု ဆိုကြသည်။ ထို့ကြောင့် မန္တလေး ၀ိဇ္ဇာနှင့် သိပံ္ပ တက္ကသိုလ် ၏ စာသင်ခန်း တွေ၊ အတန်းတွေ ပုံမှန် အတိုင်း ဖွင့်သည်။ ဆရာတွေ၊ ၀န်ထမ်း တွေလည်း ပုံမှန် ရုံးတက်ကြ။ ကျောင်းသူ ကျောင်းသားတွေ ပုံမှန် အတိုင်း ကျောင်းတက်၊ အတန်းတက် ကြပေါ့။ သို့သော် ဆရာတွေ ကျောင်းသူ ကျောင်းသားတွေ ရင်ထဲမှာ၊ နှလုံးသား ထဲမှာ၊ သွေးတွေထဲမှာ “သမိုင်းမဟာ တကွေ့၊ မှိုင်းရာပြည့်ကို လ၊ ကိုင်း လာဟေ့ သွားရအောင်” ဟု စက္ကန့် မလပ် ဆော်သြ နေလေ သောအခါ...။

ပင်မဆောင်၏ ဆင်ဝင်အောက်နှင့် လှေကားထစ်တွေ ပေါ် ကျောင်းသားတွေ၊ ကျောင်းသူတွေ များ သထက် များလာ၏။ ကျောင်းသား သမဂ္ဂ ဆိုင်းဘုတ် ကြီးက လှိုင်းထ နေသည်။ ရဲရဲနီ ခွပ်ဒေါင်း အလံက မာန်ဝင့် လွင့်ပျံ နေ၏။ ကျွန်တော်က ကျော်ရွှေ့ ကို “ငါတို့ စက်ဘီးတွေ တံခါး မပိတ်ခင် ဘီးစတင်း ကယူပြီး မြိုင်သာယာခြံ ထဲ သွားထားတာ ကောင်းမယ် ထင်တယ်”ဟု ပြောတော့ ကျော်ရွှေက သဘော တူသည်။ ထို့ကြောင့် ပင်မ ဆောင် အနောက်ဘက်ရှိ စက်ဘီး စတင်းက စက်ဘီးတွေ ယူပြီး တစ်ပြခန့် သာဝေးသည့် မြိုင်သာယာ ခြံသို့ သွားကြသည်။ တစ်ချပ်သာ ဖွင့်ထားသော သံတံခါးက ၀င်လာသူ များကြား တိုးဝှေ့ပြီး စက်ဘီး ကို တွန်းထုတ် တော့ အပေါက်စောင့် ကျောင်းသားကြီး တွေက “ညီလေးတို့ အပြီး ပြန်ကြ တာလား” ဟု မေးတော့ “မဟုတ်ဘူး၊ စက်ဘီးတွေ သွားထားပြီး ချက် ချင်းပြန်လာ ခဲ့မယ်”ဟု ပြန်ဖြေရသည်။ “အေး အေး၊ မြန်မြန် ပြန်လာခဲ့၊ အစ်ကို တို့ တံခါးပိတ် တော့မှာ”ဟု မှာလိုက်၏။

၇၃ လမ်းမကြီး ပေါ်မှာ ဗောဓိကုန်း အဆောင် တွေမှာ ရှိ နေသည့် ကျောင်းသူ ကျောင်းသားတွေ ထွက်လာ ကြပြီး ကျောင်းထဲသို့ ဦးတည် နေကြသည်။ မြိုင်သာယာ ခြံသို့ ရောက် တော့ မြို့ထဲသို့ ဆရာမတို့ ဇနီး မောင်နှံ သွားကြ၍ ခြံမှာ အသက် ၆၀ ကျော်အရွယ် အမေကြီး တစ်ဦး စောင့်နေသည်။ ကျွန်တော် တို့ခြံထဲ ၀င်ပြီး ဆရာမ တပည့်တွေပါ။  စက်ဘီးတွေ ထားခဲ့ချင် လို့ဟုပြောတော့ “အေး အေး စိတ်ချ လက်ချ ထားခဲ့၊ အမေ ရှိ တယ်။ မင်းတို့ ဆရာမက မြို့ထဲ သွားတယ်။ အခု ကျောင်း သားတွေ အတော်များ ပြီလား၊ အေး အေး ဂရုစိုက် ကြ၊ သတိ ထားကြ။ အန္တရာယ်ကင်း ဘေးရှင်း ကြပါစေကွယ်” ဟု ဆု တောင်းပြီး ကျွန်တော်တို့ကို ခြံဝအထိ လိုက်ပို့ကာ စိုးရိမ် မကင်း စိတ်မချသော အမူအရာဖြင့် ခြံတံခါးလေး ကိုင်ကာ မျှော်ကြည့် ရင်း ကျန်ရစ် ခဲ့သည်။ နောက်မှသိရ တာက ဆရာမ အမျိုးသား ၏အဒေါ်လည်း တော်သူ၊ မွေးစား မိခင်လည်း ဖြစ်သူ ဆရာမ ကြီး အမ်အေ ဒေါ်အုန်း တဲ့လေ။ ၁၉၃၆ ခုနှစ် ရန်ကုန် တက္ကသိုလ် ကျောင်းသား သပိတ်မှာ ပါဝင် ဆင်နွှဲခဲ့သူ တစ်ဦး ဖြစ်ပြီး စစ်ကြီး အပြီး မန္တလေး ဥပစာ ကောလိပ်ကို လက်ရှိ နေရာတွင် ပြန်လည် ဖွင့်လှစ် နိုင်ရေးအတွက် အဓိက ပါဝင် ဆောင်ရွက် ကြိုးပမ်းခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။
မြိုင်သာယာမှာ စက်ဘီးတွေ ထားခဲ့ပြီး ကျောင်းထဲက ပင်မ ဆောင်ရှေ့သို့ တိုးတိုး ဝှေ့ဝှေ့ ပြန်လည် ရောက်ရှိ ပြီးချိန် တွင် ကျောင်းတံခါးကြီး ပိတ်လိုက်သည်။ ကျွန်တော်တို့ မရှိ စဉ်ခဏ မှာပင် “သခင်ကိုယ်တော် မှိုင်းရာပြည့်”ဟူသော ဆိုင်း ဘုတ် တစ်ခုပင် တိုးလာ ချေပြီ။ “ပြည်တွင်း စစ်ရပ်စဲရေး”၊ “ကျောင်းသား သမဂ္ဂပြန် လည်ဖွဲ့စည်းရေး”၊ “နိုင်ငံရေး ပြဿနာ များကို လက်နက်နှင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာ ရေး”ဟူသော ကြွေးကြော် သံများနှင့် “အရေးတော်ပုံ အောင်ရမည်“ဟူသော ကြွေးကြော်သံ များတိုင်ကာ ကျောင်း သားအချို့က ကျောင်းဝင်း အတွင်းရှိ ရွှေမန်း၊ သစ္စာ၊ မြတမာ၊ ရွှေပြည်အေး၊ ရတနာပုံ စသည့် အဆောင်များ ဘက် လူစုလူဝေး နှင့် ခွပ်ဒေါင်း အလံ တလူလူ လွှင့်ကာ အဆောင်တွင်း ပိတ်မိ နေကြသော ကျောင်းသူ ကျောင်းသားတွေကို အဆောင် တံခါး ဖွင့်ပြီး ပူးပေါင်း နိုင်ဖို့ စည်းရုံး ကြသည်။

ခဏ နေတော့ ပထ၀ီ ဌာနနှင့် စိတ်ပညာ ဌာနဘက် ဆီက ကျောင်းသားအုပ် ကြီးတစ်ခု ပြိုဆင်းလာ၏။ ရှေ့ဆုံးမှ ကျောင်း သားက “စစ် အစိုးရရဲ့ စစ်ပုလိပ် စုံထောက် တစ်ယောက်က ခိုးဝင် လာပြီး ဓာတ်ပုံ ရိုက်တယ်။ လူမိ သွားတော့ ရေမြောင်း ကျော်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေး သွားပြီ။ သူ့ခါးကြားက ကျ ကျန်ရစ်ခဲ့တဲ့ ကျည်ဆန် တွေပါ။ စစ်အစိုးရက ကျောင်းသားတွေ ကို လက်နက်နဲ့ ပစ်ခတ် ဖြိုခွင်းဖို့ ကြံနေပါပြီ”ဟု ရင်ဖွင့်ကာ လက်ထဲက ကျည်ဆန် တောင့်တွေ ပြသည်။ ပင်မဆောင်၏ ဆင်ဝင် အောက်မှာ ပါမောက္ခလည်း ရောက်လာပြီ ဖြစ်သည်။ ကျောင်းသားတွေကို ဖြစ်ချင်တာ ပြောပါ။ အေးအေးချမ်း ချမ်းညှိနှိုင်း ပြောဆို ပေးပါ့မယ်ဟု တွင်တွင် ပြောနေ၏။ အသား ဖြူသော ပါမောက္ခချုပ် ၏ မျက်နှာမှာ သွေးရောင်ဖြင့် နီမြန်း နေသည်။ ပိနေအောင် ဖြီးထားသည့် ဆံပင်အောက်က နဖူးမှာ ချွေးများပင် စီးနေသည်။ ကြယ်သီး အစုံရင်စေ့ တပ်ကာ ၀တ် လေ့ရှိသည့် တိုက်ပုံနှင့် ပုဆိုးနှင့် ကတ္တီပါ ဖိနပ်နှင့် ပါမောက္ခ ချုပ်မှာ လက်ကလေး တပြပြနှင့် ကျောင်းသား တွေကို နှစ်သိမ့် နေသည်။ ကျောင်းသားတွေက စောစောက ဓာတ်ပုံ ခိုးရိုက်ပြီး ထွက်ပြေး သွားသူ စစ်စုံထောက် ကျကျန် ရစ်သည့် ကျည်ဆန် တောင့်တွေပြပြီး “ဆရာကြီး က သူတို့ ကျောင်းသားတွေ ကို မဖမ်းပါဘူး။ လက်နက်နဲ့ မဖြိုခွင်း ပါဘူးလို့ တာဝန်ယူ ပေးမှာလား” ဟူသော မေး ခွန်းအပေါ် အကျပ် အတည်း ဖြစ်ကာ “အေးအေး ဆေးဆေး လူစုခွဲပြီး အိမ်ပြန် ကြပါ ကွယ်” ဟုလောက်သာ ပြော ကာ ရုံးခန်းထဲ ပြန်ဝင်သွား သည်။ ရန်ကုန် မှာလည်း ကျောင်းသား တွေက ဖိနှိပ် တားဆီးမှုများ အောက်မှာ စုရုံး ကာ ရွှေတိဂုံ ခြေတော်ရင်းရှိ သခင် ကိုယ်တော်မှိုင်း ဂူဗိမာန် သို့ ငြိမ်းချမ်းစွာ ချီတက်နေ ကြပြီ ဟူသော တယ်လီဖုန်း သတင်း ကလည်း တစ်ဆင့် စကားဖြင့် ရောက်လာတော့ အားတက် ကုန်ကြသည်။

“ကိုင်း အားလုံး စနစ် တကျ တန်းစီပါ။ ဘာလက် နက်မှ မပါပါစေနဲ့။ ဦးဆောင် တဲ့ ကျောင်းသားကြီးများ ရဲ့အစီအမံကို နာခံပါ။ သတ် မှတ်ထားတဲ့ ကြွေးကြော်သံပဲ ညီညီညာညာ တိုင်ပါ။ အစိုး ရရဲ့ ဖြိုခွင်းမှုကို ကြုံရ မယ်။ မိမိ ဆန္ဒနဲ့ ဆုံးဖြတ်ပြီးမှ လိုက် ပါ။ ဘယ်သူ့မှ အဓမ္မ မခေါ် ပါဘူး”ဟု ကြေညာပြီး မန္တလေးမြို့ထဲ ငြိမ်းချမ်းစွာ ဆန္ဒပြ ကြဖို့ မန္တလေး တက္ကသိုလ် ပင်မဆောင် ရိပ်မှ တစ် ဆင့် မင်္ဂလာလမ်း (၀ါ) ၇၃ လမ်းမကြီး အတိုင်း မြို့ထဲသို့ ထွက်ခွာခဲ့ ကြပါ တော့သည်။
တပ်ဦးထိပ်မှာ အနီ ရောင် ခွပ်ဒေါင်း အလံကြီးက တလူလူ...။
(ဆက်လက် ဖော်ပြပါမည်။)


ဆူးငှက်
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)

 


Last Updated on Thursday, 07 February 2013 21:18