|
Written by ဂျွန်မိုး
|
|
Thursday, 07 February 2013 21:40 |
ကိုယ်လုံးပေါ် မှန်ရှေ့ ရပ်ရင်း ကိုယ့်ကိုယ်ကို သေချာ ကြည့်မိတော့မှ“ငါ့မျက်နှာ နည်းနည်းရင့် နေပါလား”လို့ တွေးမိတယ်။
argaiv1403
ဇရာရဲ့ သဘောကို လွန်ဆန်လို့ မရဘူး ဆိုတာကို မမြင်ချင်၊ မသိချင်လည်း သက်သေ တွေက တစ်နေ့ တခြား တိုးတိုးလို့ လာတယ်။ သင်္ခါရ တရားတို့ရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းမှ လွန်မြောက်တဲ့ တရားတွေကို ပွင့်တော်မူ ပြီးသား ဘုရားရှင် အဆက်ဆက် ဟောဖော် ညွှန်ပြခဲ့ ကြသလို၊ တရားတော်တွေကို စိတ်မှာ နှလုံးသွင်းပြီး ကျင့်ကြံ အားထုတ်ခဲ့ ကြလို့ ရဟန္တာ ထေရ်အရှင်၊ ထေရီ အရှင်မ တွေဖြစ်သွား ကြတဲ့ ဗုဒ္ဓရဲ့ သားတော်၊ သမီးတော်များ အကြောင်း ဖတ်ရှု မှတ်သားမိ ပြန်တော့ ကိုယ့်မှာ ပါရမီ အဟုန် နည်းတာလား လို့တောင် တွေးမိတယ်။ “ပရမာနံ ကမံ္မ ပါရမီ” မြင့်မြတ်သော သူတို့၏ အလုပ်သည် ပါရမီလို့ ခေါ်သတဲ့။ ပါရမီ အထုံ ပါလာတာ၊ ပါရမီ ဖြည့်ကျင့်ခဲ့ ကြတာ ဆိုတဲ့ စကားက နားရည်ဝ နေတဲ့ စကား တစ်ခွန်းပါ။ ဒါပေမဲ့ ကိုယ့်မှာ ပါရမီ အဟုန် ဘယ်လောက် ပါသလဲ၊ ပါရမီ အထုံပါလား၊ မပါဘူးလား ဆိုတာ သိနိုင်ဖို့ ကတော့ အနည်းငယ် ခဲယဉ်းတယ်လို့ မြင်ပါတယ်။ ဥပမာ-စာပေ ပါရမီ ဘယ်လောက် ပါတယ် ဆိုတာကို စာမရေးတဲ့ သူတစ်ယောက် စာပေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ပါရမီကို အလိုလို သိနိုင် ပါ့မလား။ ပါရမီ ဆိုတဲ့ အဟုန် ပြင်းပြင်းပြပြ နှိုးဆော် လာရင်လည်း ဘယ်အရာနဲ့မှ တားလို့မရ ဆိုတာကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ကိုယ်တွေ့ သိခဲ့ ရတယ်။“မြင့်မြတ်သော သူတို့၏ အလုပ်”ဆိုတဲ့ ပါရမီစွမ်း နှိုးဆွ လာတော့ ဘုရား သမီးတော် ဖြစ်ချင်တဲ့ အာသာ ဆန္ဒတွေက တားမရ၊ ဆီးမရ။ ကိုယ်တိုင်လည်း အံ့သြ မိသလို၊ မိဘတွေ ကလည်း တအံ့ တသြ။ ၀တ်ဖြစ်ခဲ့ တာကလည်း သင်္ကြန်တွင်း။ သင်္ကြန်ပိုးကြောင့် ရက်မကူးခင် လူဝတ်လဲ လာမှာကိုလည်း မိဘတွေက စိတ်ပူတော့ မယုံ မရဲနဲ့။ ကျွန်မကတော့ အရာအားလုံး စွန့်လွှတ်၊ စိတ်နှလုံး ချမ်းမြေ့စွာနဲ့ သီလရှင် မလေး “မဓမ္မစာရီ”အဖြစ်ကို ကူးပြောင်း ရောက် ရှိသွားခဲ့ ပါတော့တယ်။ ခုတော့လည်း ပြန်ပြောင်း အောက်မေ့ သတိရ ဖွယ်ရာလေး တစ်ခုပေါ့။
ဖြူလွလွ ပိတ်စပေါ် အလိပ်လိုက်၊ အထွေးလိုက် ကျနေတဲ့ ဆံနွယ်လေး တွေကို ကြည့်ရင်း စိတ်ထဲမှာ ၀မ်းနည်း ၀မ်းသာနဲ့။ မျက်ဝန်း မှာလည်း ပီတိ မျက်ရည်တွေ စိုလျက်။ အဖေနဲ့ အမေ ကိုင်ထားတဲ့ ပိတ်စလေး တစ်ချက် တစ်ချက် တုန်သွားတာ သတိထား မိတော့ အဖေတို့ စိတ်ထဲကို ကျွန်မ လှမ်းမြင် လိုက်ရပါတယ်။ သီလရှင် ဆရာကြီးရဲ့ သင်တုန်းဓားချက် ခဏရပ်ချိန် အဖေနဲ့ အမေကို လှမ်းကြည့်တော့ ကြည်နူး အပြုံးတွေ ယှက်ဖြာလို့။
ကျောင်းဝိုင်း အပြင်ဘက်မှာ လေနုသွေးများ တိုက်ခတ်လျက်။ နွေဦး လေက တသွဲ့သွဲ့။ ရော်ရွက်ဝါ တွေက တဖွဲဖွဲ။ ကျောင်းခေါင်မိုးပေါ် တဖြောက်ဖြောက် ကြွေကျနေတဲ့ သစ်ရွက်တို့ရဲ့ သံစဉ်ကြားမှာ ဆရာကြီးရဲ့ သင်တုန်း ဓားချက်က တရွှီးရွှီးမြည်လို့ လိုက်ဖက် ညီလှပါဘိ။ နံဘေးမှာ ၀ိုင်းဖွဲ့ ထိုင်ပြီး ရွတ်ဖတ် သရဇ္ဈာယ် နေတဲ့ ဆရာလေး များရဲ့ တရားသံ တို့ကလည်း ကျောင်း တိုက်ကြီး အတွင်း ပျံ့လွင့်လို့။ အရာ ခပ်သိမ်း ငြိမ်းအေး ချမ်းသာခြင်း တွေနဲ့ ပြည့်စုံ လှပ လို့သာ။
နှစ်သစ်ကူး သင်္ကြန်ပွဲတော် ရောက်တိုင်း လည်ပတ်ခြင်း တွေနဲ့သာ ပျော် မွေ့တတ်တဲ့ ကျွန်မ။ သီလရှင် ၀တ်ချင် တယ်ဆိုတော့ အဖေတို့က မယုံကြည်။ ပြောလွန်းမက ပြောတော့မှ သင်္ကြန်ကျ ခါနီး ရက်ပိုင်း အလိုမှာ အဖေကိုယ်တိုင် ကျောင်းတိုက် တစ်တိုက် ခပ်မြန်မြန် ရှာပေးပါ တော့တယ်။ ရန်ကင်းတောင် သွားရာ လမ်းပေါ်က ဝေရီဇယ(သီလရှင်စာသင်တိုက်) မှာ ၀တ်ခွင့် ရချိန် တိုက်တိုက် ဆိုင်ဆိုင်ပါပဲ၊ ကျွန်မတို့ မိသားစု အတွက် ကုသိုလ်ယူ စရာ အကြောင်းတစ်ရပ် ပေါ်လာပါတယ်။ ရာသက်ပန် သာသနာ့ ဘောင် ၀င်ချင် ပေမဲ့လည်း ၀တ်စုံဖိုး မတတ် နိုင်ရှာလို့ ဆရာကြီးက ၀တ်ပေးမဲ့ ရက်ကို စောင့်ရင်း ကျောင်းရဲ့ ဝေယျာ ၀စ္စတွေ ကူညီ လုပ်ကိုင်ပေး နေတဲ့ အစ်မကြီး တစ်ယောက်နဲ့ ဆုံပါတယ်။
သီလရှင် ၀တ်စုံ၊ ခြင်ထောင်၊ ဖျာ၊ အိပ်ရာခင်း ကအစ လိုအပ်တာ မှန်သမျှ နှစ်ပါးစာ အဖေ တို့ဝယ်လှူ ကြပါတယ်။ ဒါဟာ မမျှော်လင့်ဘဲ တွေ့ရသလို၊ မရည်ရွယ်ဘဲ ပြုခဲ့ရတဲ့ ကုသိုလ် တစ်ခုပေါ့။ ကျွန်မနဲ့ သူ့ရဲ့ ရေစက်လို့ လည်းဆို နိုင်ပါရဲ့။ ခေါင်းရိတ် အပြီး ရေမိုးချိုး သန့်စင်၊ ရှစ်ပါး သီလခံယူ ဆောက်တည်ပြီး ပကာသန ကင်း၊ ငြိမ်းချမ်းတဲ့ သွင်ပြင်ကို ဆောင်ကြဉ်းတဲ့ သီလရှင် ၀တ်စုံလေး ဆင်မြန်းချိန် မှာတော့ ကျွန်မ မျက်ရည်များ တောင်လည်လို့။“ကြည်ညိုစရာ ဘုရား သမီးတော် အဖြစ်ကို ငါတကယ် ရောက်ပြီ” လို့တွေးရင်း ကြည်နူး နေချိန်မှာ“ဆရာလေး”လို့ ခေါ်သံ ကြားတော့ ရင်မှာ လှိုက်တက် သွားတဲ့ ပီတီ အဟုန်တွေ ဖိတ်လျှံကြလို့။ သီလရှင် ဆရာကြီး တိုင်ပေးတဲ့ တရားစာ တွေရွတ်ဆိုပြီး ချိန်မှာ ကျွန်မ ကို ဘွဲ့ အမည် တပ်တာက“မဓမ္မစာရီ”။
“မဓမ္မစာရီ” “ဘုရား” “မဓမ္မစာရီ” “ဘုရား” “မဓမ္မစာရီ” “ဘုရား” သုံးကြိမ် သုံးခါ အခေါ် အပြော လုပ်ပြီး တဲ့နောက် ကျွန်မဟာ ဖြူစင် မြင့်မြတ်တဲ့ ဘုရား သမီးတော် ဘ၀ကို တက်လှမ်း ရောက်ရှိ သွားပါ တော့တယ်။ မြင့်မြတ်တဲ့ ဘ၀ တစ်ခုကို ပထမဆုံး စလှမ်း ချိန်မှာတော့ အဖေနဲ့ အမေက ပါရမီဖြည့် တဲ့အနေနဲ့ ဆရာကြီးနဲ့ တကွ ကျောင်းရှိ ဆရာလေးများ အား လုံးကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါတယ်။ သီ လရှင် ၀တ်စုံနဲ့ ကျွန်မကို မြင်တော့ သူငယ်ချင်းတွေ အားလုံး တအံ့ တသြနဲ့။ ဘယ်သူ့ကိုမှ အသိမပေး ဘဲ ဆွမ်းကပ် ရှိတယ်လို့သာ ဖိတ်ခဲ့ တာလေ။ ကျောင်းက ဆရာမ တချို့ကလည်း“ဆရာလေးက အရမ်း ကျက်သရေ ရှိတာပဲ။ တစ်သက်လုံး ၀တ်ပါ လား”တဲ့။ ကျွန်မ ရင်မှာတော့ ပီတိဂွမ်း ဆီတွေ တစ်လွှာပြီး တစ်လွှာ။
မနက် ၄ နာရီထိုးရင် အိပ်ရာသိမ်း၊ တစ် ကိုယ်ရေ သန့်စင်ခြင်း ကိစ္စတွေ ပြီးရင် ဘုရားရှိခိုး ပြီး တရားထိုင် ကြရတယ်။ ၆ နာရီမှာ မနက်စာ စားကြ ရပြီး၊ ကျောင်းဝင်း သန့်ရှင်းရေး လုပ်သူက လုပ်၊ ဘုရား ကျောင်းဆောင် သန့်ရှင်းသူက သန့် ရှင်း၊ ဟင်းချက် သူချက်နဲ့ အဖွဲ့လိုက် တာဝန်ကျ ဇယား အတိုင်း လုပ်ကြရတယ်။ သင်္ကြန်တစ် တွင်းလုံးလည်း သက်သတ် လွတ်သာ စားကြရ တယ်။ စ၀တ်စ ရက်တွေမှာ နေ့ခင်းဆို အရမ်းဆာ တော့ ကျွန်မကို လှူထားတဲ့ ဖျော်ရည်တွေသောက် ရတာ တစ်ခါ သောက်ရင် နှစ်ဘူး လောက်ကုန် တယ်။ အဲဒီ့ အချိန်ဆို ငယ်ရွယ်သေးတဲ့ ဆရာလေး တွေက ခပ်လှမ်းလှမ်းမှာ အသာ ရပ်ရင်း မသိ မသာလေး လှမ်းကြည့်လို့။ ဒုလ္လ ဘဖြစ်တဲ့ ကျွန်မ မှာသာ ပြည့်ပြည့်စုံစုံ ရှိတာ သူတို့လေး တွေမှာ ကျောင်းရဲ့ ဆွမ်းကိုသာ အဓိက ဘုဉ်းပေး ကြရတာ လေ။ ကျွန်မက တစ်ဘူး ထုတ်သောက်တိုင်း သူ တို့လေးတွေကို တစ်ဘူး စီဝေ ပေးတော့ မျက်နှာ လေးတွေက ရွှင်ပျ နေလိုက်ကြတာ။
ဒုလ္လဘ ဖြစ်တဲ့ ကျွန်မ အတွက် သီးသန့် တာဝန် မရှိတော့ ဆရာလေး တွေကြား ကူလုပ်ပေးရင်း နေ့ခင်းချိန် တွေမှာ ဆရာကြီး ကျက်မှတ် ခိုင်းတဲ့ တရားစာတွေ ကျက်မှတ်ရင်း ကျွန်မရဲ့ သီလရှင် ဘ၀လေးဟာ ချမ်းသာခြင်း အတိနဲ့ ပြည့်စုံလို့ နေပါ တော့တယ်။ ဆွမ်းဆန်ခံ လိုက်ချင် ပေမဲ့ သင်္ကြန် တွင်းမှာ ဆန်ခံ မထွက်တဲ့ အတွက်“ဒါနဆန် ပါရှင်” နဲ့ မေတ္တာပို့ စာပိုဒ်လေးကို ကိုယ်တိုင် ရွတ်ဆိုဖို့ အခွင့်မကြုံ ကြိုက်ခဲ့ပါဘူး။
၁၀ ရက်တာ ပြည့်တဲ့ နေ့မှာတော့ ကျွန်မရဲ့ ကြိုးစားမှုကို သဘောကျတဲ့ ဆရာကြီးက ကျွန်မ မှာ တရားနဲ့ ပတ်သက်တဲ့ ပါရမီ ပါတဲ့ အတွက် ရာ သက်ပန် ၀တ်စေချင် တယ်လို့ ပြောလာ ပါတယ်။ ကျွန်မ ကိုယ်တိုင်က ၀တ်ချင်သော်လည်း၊ ညီအစ် မနှစ်ယောက်မှာ ကိုယ်က အကြီးလည်း ဖြစ်ပြန်၊ အဖေနဲ့ အမေကိုလည်း တတ်စွမ်းသမျှ ကျေးဇူး ဆပ်ချင် သေးတဲ့ ဆန္ဒကြောင့် ဆရာကြီးရဲ့ပြော ကြားချက်ကို ငြင်းပယ်ခဲ့ ပါတယ်။“ဘုရား သမီး တော်အဖြစ် နေထိုင်ရင်း မိဘကို တရားရေ အေး တိုက်ကျွေး ပေးတာလည်း ကျေးဇူးဆပ် တယ်မည် ပါတယ် သမီး”တဲ့။ ထိုစကားက ကျွန်မကိုအနည်း ငယ်တော့ တွေဝေ သွားစေ ခဲ့ပါတယ်။
အဖေတို့ ရောက်လာပြီး နောက် ငါးပါးသီလ ခံယူပြီး ချိန်မှာတော့ ကျွန်မ ခေါင်းပေါ်က ဆံပင် ငုတ်စိလေး နေတွေကို ဆရာကြီး ကိုယ်တိုင် သင် တုန်းဓားနဲ့ ရိတ်ပေး ပါတယ်။ ရေမိုးချိုး သန့်စင် အပြီးမှာ ကျွန်မမှာရှိတဲ့ မုန့်တွေ အချိုရည်တွေ နဲ့ ငွေ ကြေးတွေကို ဆရာကြီးကို ပြန်လှူ ခဲ့ပါတယ်။ နှုတ်ဆက် စကားဆို ပြီးတဲ့ နောက်တော့ အဖေတို့နဲ့ အတူ ကျွန်မရဲ့ လက်ရှိ ဘ၀လေး ထဲကို ပြန်ဝင်လာ ခဲ့ပါ တော့တယ်။
အိမ်ပြန် ရောက်ချိန်မှာ မှန်တင်ခုံ ပေါ်က သုံး နေကျ အလှပြင် ပစ္စည်းလေး တွေက ကျွန်မကို သတိရ နေသယောင်။ စိတ်ထဲ မရည်ရွယ်ဘဲ သုံး နေကျ မျက်နှာ လိမ်းခရင်မ်ကို လှမ်းယူမိတော့ အပုပ်ကောင် ရုပ်ဆောင်တယ် ဆိုတဲ့ ဆရာကြီးရဲ့ တရားပြသံက နားထဲ အလိုလို ၀င်လာ ပြန်တယ်။အလှပြင် ပစ္စည်းလေး တွေနဲ့ တရားပြသံ အကြား လွန်ဆွဲ နေတဲ့ စိတ်တွေနဲ့။ နောက်ဆုံးတော့ အလှ ကြိုက်တတ်တဲ့ မိန်းကလေးတို့ သဘာဝက အနိုင် ယူသွား ပါတော့တယ်။
ပါရံ နိဗ္ဗာနံ မယတိ ဂစ္ဆတီတိ ပါရမီ နိဗ္ဗာန်တည်း ဟူသော တစ်ဖက်ကမ်းသို့ ရောက်တတ် သောကြောင့် ပါရမီလို့ ဆရာတော် တစ်ပါး မိန့်တော် မူတာကို မှတ်သား ဖူးတယ်။
သံသရာ ခရီး ဖြောင့်ဖြူး ချောမွေ့အောင် နိဗ္ဗာန်ဆိုတဲ့ လမ်းဆုံးထိရောက် အောင် ပိုမို ကျင့်ကြံ့ အားထုတ် နိုင်တဲ့ မြင့်မြတ်တဲ့ သီလရှင် ဘ၀ကို ခဏတာ လှမ်းခဲ့ဖူးတဲ့ ကျွန်မ၊ ခုတော့လည်း ပါရမီ အဟုန် နုံ့နည်းသွား လို့ပဲလား။ ဆရာကြီး ပြောခဲ့သလို “အထုံ ပါရမီ ဆိုတာ လုပ်ယူရတယ် သမီး”ဆိုတဲ့ အထုံပဲ ကျွန်မမှာ အားလျော့ သွားခဲ့ လို့ပဲလား။ ခုချိန်ခါတော့ လောကီမှာပဲ နေထိုင်ရင်း လူဝတ်ကြောင် ဘ၀ကိုပဲ မက်မော တွယ်တာ နေမိပါ တော့တယ်။ တစ်ခါ တလေ အတ္တတွေနဲ့ စီးချင်း ထိုးရတိုင်း ခဏတာ ခိုလှုံ ခဲ့ဖူးတဲ့ သီလရှင် စာသင် တိုက်က သီလရှင် ဘ၀လေးကို ပြန်ပြန် လွမ်းမိပေမဲ့ ပျော်ရွှင် ကြည်နူးမှုတွေ တစ်လှည့် လက်ဆောင် ရချိန် တိုင်းမှာတော့ ကျွန်မရဲ့ လက်ရှိ ဘ၀က အကောင်း ဆုံးလို့ ထင်မြင်မိ ပြန်ပါရော။
အဖိတ်နေ့တိုင်း အိမ်ရှေ့မှာ ဆွမ်းဆန်ခံတဲ့ ဆရာလေး တွေကြည့်ရင်း ပီတိတွေ ဖြစ်ရတာလည်း အခါခါ။ အဲဒီဝ တ်စုံလေးကို တစ်ခါ တလေတော့ လည်း ပြန်လည် ဆင်မြန်းချင်ရဲ့။ ဒါပေမဲ့ သေချာ ပါရဲ့လားလို့ ပြန်ပြန် မေးမိ တိုင်း အဖြေက ၀ိုးတ၀ါး။ ခုနေခါများ ဆရာကြီးနဲ့ ကြုံဆုံလို့“ဘယ်တော့ ၀တ်ဦးမှာလဲ သမီး”လို့ မေးလာရင်“အဖေ၊ အမေနဲ့ ညီမလေးတို့ ရှိတဲ့ အိမ်လေး မှာပဲ သမီး ပျော်တယ်”လို့ ပြန်ဖြေမိမှာ အသေအချာပဲ ပေါ့ရှင်။


ဂျွန်မိုး (Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|