အချစ်ဟာ ကိုယ့်ဘဝအပေါ် အလျားလိုက်ဖြတ်သန်းစီးဆင်း PDF Print E-mail
Written by သူရဿဝါ   
Thursday, 07 February 2013 22:34
Share |

အချစ်ဟာ လူငယ် ဘ၀ရဲ့ သူရဲကောင်း ၀ါဒ၊
မီးလျှံကြား ထဲက နီနီရဲရဲ နှင်းဆီ နတ်သမီး ထောင်ချောက်၊
ကျည်တောင့်တွေ စိုက်ဝင် နေတဲ့ ပစ္စုပ္ပန် ကျည်ကာ အင်္ကျီ၊

Data sources include Micromedex&trade updated Apr th, , Cerner Multum&trade updated Apr th, , Wolters Kluwer&trade updated Apr th, and others buy cialis jelly. signed up for the learning wasTadalafil puede tambié n usarse para fines no mencionados en esta guí a del medicamento buy tadalafil online.
argaiv1607


ဟာသဆန်ဆန် ယုံကြည်မှု အနည်းငယ်၊
နှစ်ဦးနှစ်ဖက် တည်ဆောက် ထားတဲ့ နားလည်မှု တိမ်တိုက်၊
နောင်တစ်ချိန်မှာ တစိမ့်စိမ့် ပြန်တွေးချင် စရာ ကောင်းလာမဲ့
အိပ်ရာဝင် ပုံပြင်၊ ကိုယ့်ဘေးနား ရှိနေမဲ့ ဆေးပေး မီးယူကိစ္စ၊
နွမ်းနယ်လာ ပေမဲ့ ဘယ်တော့မှ ပွင့်ဖတ်တွေ ကြွေကျ မသွားတဲ့
နှင်းဆီပန်း ကလေး။

ကိုယ့်ခန္ဓာ ကိုယ်ထဲက ပင်မသွေး ကြောလွှာကို
ချစ်ဦးသူရဲ့ နာမည်လေး ပေးထား လိုက်တယ်
ချစ်သူက သခင်၊ ကိုယ်က အပါးတော် မြဲပါ။
ကိုယ့်ဘ၀ကို စက္ကူငှက် ရုပ်လေး ဖြစ်အောင် ချိုးခေါက်ပြီး
ချစ်သူအတွက် လက်ဆောင်ပို့ ပေးဖူးတယ်။
ရင်ဘတ်မှာ မတပ်ဘဲ ဖြုတ်ထားတဲ့ စိတ်ကောက် ကြယ်သီးလေး တစ်လုံးရှိတယ်၊ ကိုယ်ပါ။
ချစ်သူ အတွက်ဆို သေမင်း တံခါးပေါက် ကိုတောင် တဒေါက်ဒေါက် ခေါက်ရဲတဲ့
မိုက်ရူးရဲ စိတ်နဲ့ ဆယ်ကျော်သက် ကောင်လေး၊
ကျိန်စာသင့် မင်းသမီးကို အနမ်းနဲ့ ကယ်တင် ခဲ့တဲ့
သူရဲကောင်း မင်းသားလေး ပုံပြင်ကို
နှလုံးသားမှာ မြတ်မြတ်နိုးနိုး   Tattoo ထိုးထားတယ်။
ကိုယ့်ချစ်သူလို ကိုယ်လည်း ရိုမီယို ကိုချစ်တယ်၊
ဂျူးလိယက်ကို ချစ်တယ်
Valentine’s Day  နဲ့ ချစ်သူနဲ့ အချစ် မေတ္တာ တရားကို ကိုယ်သိပ်ချစ် တာပဲ။
ဒါပေမဲ့ အချစ်ဟာ ဘယ်တုန်းကမှ ကိုယ့်အနားမှာ ငြိမ်ငြိမ်လေး မနေပါဘူး။
ကိုယ့်ချစ်သူဟာ ကိုယ့်ကို ၁၉ နှစ်သား အရွယ်မှာ
အသည်းကွဲ သီချင်းတွေ ဆိုတတ်အောင် သင်ပေးသွား ခဲ့တယ်။
ကိုယ်ဟာ ကြမ်းပေါက်ထဲ ကျပျောက်သွားတဲ့
အမှတ်တရ ငွေလက်စွပ် ကလေး ဖြစ်ခဲ့ပေါ့။

အဲဒီ နောက်ပိုင်း ကိုယ်အသက် ၂၀ အရွယ်ကို ခုန်ကျော် လာသလို
အချစ်ကို ယုံကြည်တဲ့ စိတ်ကိုလည်း ခုန်ကျော် လာခဲ့တယ်။
အချစ်ဆိုတာ ဟာသပဲ၊ ပျင်းရိစရာ ကောင်းတဲ့ ခပ်ညံ့ညံ့ ရုပ်ရှင်ပဲ၊
တောင်တောင် မြောက်မြောက် လျှောက်ပြေး နေတဲ့ လေရူးပဲ၊
သစ်ရွက်ခြောက် တွေကို ခြွေချနေတဲ့ နွေဦးပဲ၊
ရုပ်ပျက် ဆင်းပျက် ခြေတစ်ပေါင် ကျိုးပြေး ရတဲ့ ကစားနည်းပဲ၊
အချစ်အကြောင်း တွေးမိရင် ကိုယ် ရယ်ချင်တယ်၊
စိတ်ဆိုးတယ်၊
တတိယ ကမ္ဘာစစ်ဟာ အချစ်ကြောင့် ဖြစ်လာမှာ ပဲလို့
ယုံကြည် ထားတယ်
အချစ်နဲ့ စစ်ဟာ ဘယ်တော့မှ မတရားဘူး။
အချစ်ဆိုတာ ဘ၀ရဲ့တခြားကိစ္စ တွေကို
လက်ဝါးကြီး အုပ်ထားတဲ့ လူမှုရေး ဖောက်ပြန်မှု သက်သက်၊
အချစ်ဆိုတာ
ရုပ်ရှင်ရုံ ထဲက ဈေးအကြီးဆုံး ထိုင်ခုံ အတွက်
အလဟဿ ကုန်သွားတဲ့ ပိုက်ဆံ၊
အချစ်ဆိုတာ အင်းလျားကန်ပေါင် ပေါ်မှာ
ထီးတစ်ချောင်း ကွယ်ထားရုံနဲ့ အလကား ကုန်သွားတဲ့ အချိန်၊
အဲဒီလို
အချစ်ကို လှောင်ပြောင် သရော် ချင်စိတ်နဲ့
အချစ်ကို မထီတရီ ဆော့ကစား ချင်စိတ်နဲ့
ကိုယ့်မှာ“ချစ်သူ”တံဆိပ်ကပ် ထားတဲ့
သံပတ်ပေး အရုပ်မလေးတွေ
အများကြီး ရှိခဲ့တယ်။

အခု လက်ရှိ အချိန်
ကိုယ့်မှာ ကျည်ကာ အင်္ကျီ တစ်ထည် ရှိတယ်၊
ကိုယ့်ဆီ ကျည်တောင့်တွေ
တစ်ဟုန်ထိုး ပြေးဝင် လာတာလည်း ရှိတယ်၊
မကြောက်တော့ဘူး၊
ကိုယ့်စိတ်တွေ ပြောင်းလဲ လာတယ်၊
အချစ်ဟာ သနား စရာပါ၊
အချစ်ဟာ လှောင်ပြောင် ရယ်မောစရာ မဟုတ်ဘူး။
ကိုယ့်မှာ အချစ် ရှိလာတယ်၊ ချစ်သူ ရှိလာတယ်။
နားလည်မှု ဆိုတဲ့ စကားကို
တွင်တွင်ကျယ်ကျယ် ပြောတတ် လာတယ်။
အခုတလော မြင်သမျှ အရာတွေ အကုန်လုံးကို
ကိုယ် သိပ်ချစ်တာပဲ၊
ကိုယ်...သက်မွန်မြင့်ကို ချစ်တယ်၊
နန်းသူဇာကို ချစ်တယ်၊
ဆယ်လီနာဂိုးမက်ဇ်ကို ချစ်တယ်၊
တေလာဆွစ်ဖ်ကို ချစ်တယ်၊
ဝါဆို မိုးဦးကို ချစ်တယ်၊
ကိုယ့်ချစ်သူ ကိုလည်း ချစ်တယ်၊
တကယ်ပါ...ကိုယ် မင်းကို သိပ်ချစ်တာပေါ့။
သူငယ်ချင်း တွေကို ချစ်တယ်၊
လက်ဖက်ရည်ဆိုင် ထိုင်ရတာ ကိုချစ်တယ်၊
မြန်မာဘီယာကို ချစ်တယ်၊
လန်ဒန် စီးကရက်ကို ချစ်တယ်၊
Facebook ကို ချစ်တယ်၊
မန်ချက်စတာ ယူနိုက်တက်ကို ချစ်တယ်၊
ကိုယ့်ကိုယ်ကိုလည်း ချစ်တယ်၊
အဲဒါတွေပြီးရင် မင်းကို ကိုယ်အချစ်ဆုံးပဲ။
နားလည်ပါ၊ နားလည်ပါ၊
ကိုယ့်ကို သေသေချာချာ နားလည်ပါ၊
အဲဒါဟာ မင်းနဲ့ ကိုယ့်ကြား ထဲက ချစ်သူ အဖြစ် တည်ရှိမှုပဲ၊
အခုအချိန်မှာ ကိုယ်ဟာ အချစ်ကို ဒီလိုပဲ နားလည်ထား ချင်တယ်။

အဲဒီလိုပါပဲ...၊ ငယ်ဘ၀ကနေ ဒီနေ့အထိ
အချစ်ဟာ ကိုယ်နဲ့ အတူ ရှိနေခဲ့တယ်၊
နောင်လည်း ရှိလိမ့်မယ်၊
ကိုယ် အသက်အရွယ် ကြီးရင့် လာတဲ့ အခါ
အချစ်ကလည်း ကိုယ်နဲ့ အတူ လိုက်ပြီး ကြီးမား ရင့်ကျက် လာလိမ့်မယ်။
အဲဒီ အချိန် ကျရင် ကိုယ်ဟာ ငယ်ငယ်က  မေ့နေခဲ့တဲ့
မိဘနှစ်ပါးကို ချစ်ဖို့ သတိရ လာလိမ့်မယ်၊
ကိုယ့်သားသမီး တွေကို ချစ်မယ်၊ ကိုယ့်တိုင်းပြည်ကို ချစ်မယ်၊
ကိုယ့်ဘေးနားက ဆေးပေးမီးယူ အဘွားကြီး ကိုလည်း ချစ်မယ်။
အချစ်ဟာ လူငယ်ဘ၀ရဲ့ သူရဲကောင်းဝါဒ၊
ပစ္စုပ္ပန် ကျည်ကာ အင်္ကျီတစ်ထည်။
နောင်တစ်ချိန် တောင်စွယ် နေကွယ်ပုံပြင်၊
ဘယ်တော့မှ ကြွေကျ မသွားမဲ့ နှင်းဆီပွင့် ဖတ်ကလေးတွေ။
အချစ်အကြောင်း ကိုယ် သေသေချာချာ သိခဲ့သလို
ကိုယ့်အကြောင်းလည်း အချစ်က သိလိမ့်မယ်။
အချစ်ဟာ ကိုယ့်ကို ချစ်လိမ့်မယ်။
အချစ်ဟာ ကိုယ်နဲ့အတူ အသက်ထက်ဆုံး နေလိမ့်မယ်။
ကိုယ် သေဆုံးတဲ့ အချိန် အထိ အချစ်ဟာ
ကိုယ့်ဘ၀ပေါ် အလျားလိုက် ဖြတ်သန်း စီးဆင်းလို့
ကိုယ့်သွေးကြော တွေထဲမှာ လှည့်ပတ် သွားလာ နေလိမ့်မယ်။
ဘာကိုပဲ ဖြစ်ဖြစ် ချစ်တတ်တဲ့ စိတ်ဟာ
ကိုယ့်ရဲ့ သစ္စာ အရှိဆုံး ချစ်သူပါပဲ။


သူရဿဝါ
(Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)

 


Last Updated on Friday, 08 February 2013 18:03