|
Written by Administrator
|
|
Thursday, 07 February 2013 22:54 |
ကိုယ့်လယ်ကို ထွန်ယက် နေရပေမဲ့ မလုံခြုံတဲ့ လယ်သမား တစ်ယောက် သစ်ရိပ်ကို ခိုရင်း
argaiv1278
မြို့ဟောင်းဘက် ဆီကို ငေးကြည့်လို့ သေချာတာကတော့ သူ့အငေးဟာ မြို့ဟောင်းကို ရန်ရှာမဲ့ အငေးမဟုတ်။
အနောက်ဘက် ရှားပင်တန်း ဆီက ပေါ်ထွက်လာတဲ့ ရင်ကွဲကောင်ရဲ့ တေးဟာ ဆွေးမြည့်ဖွယ် ရာဇ၀င်မှာ ချစ်ကံခေ ရရှာတဲ့ မင်းသမီး သူ့အချစ်ဟာ သူ့ခေတ် ယဉ်ကျေးမှုနဲ့ အတူ မြင့်မြတ်တယ်။ တစ်နေ့သား မြို့ပြကဗျာ ဆရာ တစ်ယောက် ရောက်လာတယ်။ အာသာဝတီ နတ်ပန်းကို ရှာဖို့တဲ့၊ တွေ့မသွား ရှာဘူး။ ဒီအရပ်မှာ ဘာပန်းမှ မပွင့်တော့ဘူး ကဗျာဆရာ သူ မသိရှာ ဘူးကိုး။
မင်းသမီးရဲ့ ကျိန်စာ ဖော်ပြချက် လိုချင် တပ်မက် စိတ်နဲ့ မရှာဘဲ ထွေးပွေ့ ထားရတဲ့ ချစ်မြတ်နိုး စိတ်နဲ့သာ ရှာရတဲ့ ယဉ်ကျေးမှုကို မြို့ဟောင်းက သူ့ဒဿနထဲမှာ ၀ှက်ထားရဲ့။
မြို့ဟောင်းသူ မြို့ဟောင်းသားတွေ သစ်ပင်တွေရဲ့ ၀ိညာဉ်တွေ မင်းသမီးဆီ ယုံကြည် ပုံအပ်ထား သူ လာမှပဲ ကြီးတော့ မတဲ့။
သူ လာမှပဲ သီးတော မတဲ့။
မြို့ဟောင်းရဲ့ တံခါးတွေ ကတော့ ပျူတွေရဲ့ မျိုးချစ်စိတ်နဲ့ မြဲမြံ ခဲ့တယ်။ အဲဒါကြောင့်လည်း အခုတော့ ပြန်တွေ့ရပြီ။
မြို့ဟောင်းပေါ် ဖြတ်ပျံ သွားတဲ့ တိမ်တွေ ကတော့ တစ်ချိန်က စစ်ရှုံးသွားတဲ့ မြို့တစ်မြို့ကို လှောင်ပြောင်တဲ့ သဘောနဲ့ အနည်းငယ် ရွာချရဲ့။
အိပ်တန်းပျံ ငှက်အုပ်တွေ သူ့ရင်ကို ကန် ပြန်သွားပုံ အမှောင်ထဲ နေခဲ့ ပေဦးတော့ မြို့ဟောင်းကြီးရေ ကျွန်တော်တို့ လိုရာကို သွားပြီလို့ နှုတ်ဆက် နေသလို။
သမိုင်း အရပါပဲ ဓားတွေ၊ လှံတွေ၊ နံရံတွေဟာ ရန်သူကို မလုံခြုံ ခဲ့ဘူး။ စည်တော်သံကို နားစွင့် နေရတဲ့ ရန်ပယ်ချောင်း ဟာလည်း အချိန်မမီ သတင်း နောက်ကျ ခဲ့ပါတယ် တဲ့။ မြို့ဟောင်းရဲ့ အသည်း နှလုံး မင်းသမီးကို တောင်းပန်တယ်။
တိုက်ပွဲကြားက အစေခံ မိအုကို လက်ဆွဲပြီး စစ်ပြေးခဲ့ ရတဲ့ မင်းသမီး ပြေးရင်း လွှားရင်း သူ့နားတောင်းလေး ပြုတ်ကျ ချောင်းဖြစ်ခဲ့တယ်။
တောင်ရေ ကျရာ နားတောင်းကျ ချောင်းကလေး။
ပန်းပွင့်ကိုသာ ခူးစား ရှာတဲ့ နရမုခိ မင်းသမီးကို ခြင်္သေ့ ပါးစပ်ထဲမှာ နို့ချို တိုက်ကျွေး မွေးခဲ့ရတယ်။ ပါးစပ် ရာဇ၀င် တေးတွေကလည်း ထပ်ခါ ထပ်ခါ ဟစ်ကြွေးရင်း ကျွန်တော်တို့ မျိုးဆက် တွေကို ချော့သိပ်ခဲ့ ပါတယ်။
သရေ ခေတ္တရာ သူလျှို စည်တော်ကို ဖောက်တဲ့ သစ္စာဖောက် စည်းကို ဖောက်တဲ့ သစ္စာဖောက် တစ်ယောက်ကြောင့် ဗိဿနိုး မြို့ကြီး(ဘီစီ ၂ - အေဒီ ၄) ပျောက်ဆုံး ခဲ့ရတယ် ပျက်သုဉ်း ခဲ့ရတယ်။
ကြေး၊ သံ၊ မြေ အနုသုခုမ အနု လက်ရာတွေကို နိုင်နင်း ခဲ့တဲ့ ဗိဿနိုး ဒွတ္တပေါင် ဘုရင်က ပန်ထွာရဲ့ အချစ်ကို ခိုးတယ်။
ရန်သူ မြို့တော်က ဗိဿနိုးရဲ့ ယဉ်ကျေးမှုကို ခိုးယူတယ်။
မြို့တော် မပျက်ခင် မြှုပ်ဝှက် ခဲ့ကြတဲ့ အရိုးအိုး တွေကို တွေ့လို့ ပြန်မေး ကြည့်တော့ ဗိဿနိုးဟာ မပျက်ခဲ့ ဘူးတဲ့လား သြော်-မြို့တော် မပျက်ခင် သူတို့ မြှုပ်နှံခံ လိုက်ကြ ရတာကိုး။
မြို့ဟောင်းရဲ့ မတွေ့ရှိ ရသေးတဲ့ အစိတ်အပိုင်း ယဉ်ကျေးမှု အမွေအနှစ် တွေဟာ ချစ်မြတ်နိုး တတ်သူ တွေကို စောင့်နေဆဲ မရှိသေးတဲ့ ဇာတ်လမ်းရဲ့စိတ်ကူး ရုပ်တုတွေက ရှိခဲ့တဲ့ ဇာတ်လမ်း အတိုင်း လေထုထဲမှာ ပြတယ်။
မြို့ဟောင်းရဲ့ အုတ်ခဲ ဟောင်း တစ်လုံးဟာ ကောက်ကိုင် ကြည့်သူရဲ့ အတွေးတွေကို အဆုံးထိ မောင်းနှင်တယ်။
မြို့သစ်ဆီ သွားနေတဲ့ ခြေထောက်တွေ အတွက် မြို့ဟောင်းရဲ့ သင်ခန်းစာက မြို့ဟောင်းက ဒင်္ဂါပြား လေး တစ်ပြားကို ကောက်ရ သွားတဲ့ နွားကျောင်းသား လေးတစ်ယောက် သူ့ကိုယ်ကျိုး အတွက် သုံးမိလို့ တစ်သက်လုံး အိပ်မပျော်တဲ့ ရောဂါ ရခဲ့တယ်။
ရာမျိုး (Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)
|
Administrator |
| About the author: |
| | |